ဘာသာပြန်- သာကီထက်ကောင်း
မူရင်းဆိုဒ်-Asia Sentinel
လူမျိုးစုဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှုမှာ မြုံနေဆဲ။
ယမန်နှစ်က ကျွန်ုပ်သည် ရှမ်း-ဓနု မွတ်စ်လင်မ် ဆယ်ကျော်သက်တစ်ဦးနှင့်အတူ ရှမ်းပြည်နယ် လ၀ကရုံးသို့ ရောက်ရှိခဲ့၏။ အထက်တန်းကျောင်းမှတဆင့် လျှောက်ထားခဲ့သည့် သူမ၏နိုင်ငံသားကဒ် ကိစ္စအား မေးမြန်းစုံစမ်းရန် အတွက်ဖြစ်၏။ သူမ၏အတန်းဖော် သူငယ်ချင်းများမှာ မှတ်ပုံတင်ကဒ်တို့ကို လက်ဝယ်ရရှိပြီးဖြစ်သည့်တိုင် သူမအား လ၀ကရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။
သူမအား လာတွေ့ရန်ခေါ်ယူရသည့်အကြောင်းရင်းအား မေးမြန်းသော် အရာရှိက “ သွေးနှောလား” ဟု မေးမြန်းရာ မိန်းကလေးငယ်မှ ယင်းမေးခွန်းအား နားမလည်နိုင်ခဲ့။
မိန်းကလေးမှာ တရုတ်လူမျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေသောကြောင့် အရာရှိက “တရုတ်လူမျိုးလား” ဟု ထပ်၍မေးမြန်းလေ၏။ သူမ၏ဖခင်သည် ဓနုတိုင်းရင်းသား၊ မိခင်မှာ ရှမ်းတိုင်းရင်းသူ၊ ၄င်းတို့နှစ်ဦးစလုံးက တိုင်းရင်းသားနိုင်ငံသားများ ဖြစ်ကြသည်။ သူမက “သမီး မွတ်စ်လင်မ်ပါ” ဟု ဖြေကြားလိုက်၏။
ထိုအခါ အရာရှိဖြစ်သူက အလိုမကျသော လေသံဖြင့် “ အေးလေ၊ အဲ့ဒါသွေးနှောပေါ့ အဲ့ဒါကြောင့် ရုံးကိုလာခိုင်းတာ” ဟု စိတ်မရှည်သောလေသံဖြင့် ပြောလေသည်။
“ သွေးနှော ” ဟူသော စကားလုံးကို သူမ သို့မဟုတ် သူမ မိဘများ၏ တိုင်းရင်းသားလူမျိုးစုအပေါ် ရည်ညွှန်းခြင်း မဟုတ်ဘဲ ကိုးကွယ်ရာဘာသာတရားအား ရည်ညွှန်းနေ၏။ တောင်အာရှသား အနွယ်ဖြစ်စေ၊ တရုတ်လူမျိုးဖြစ်စေ မွတ်စ်လင်မ်များအဖို့တော့ ပုံသေသတ်မှတ်ထားချက်အလား ဖြစ်လျက်ရှိသည်။ သွေးနှောဟူသော စကားလုံးသုံးရာတွင် သူမ၏ တိုင်းရင်းသားရောစပ်မှုအတွက်မဟုတ်ပဲ ကိုးကွယ်ရာဘာသာတရားအတွက် ရည်ညွန်းတော့သည်။
သူမအား “သွေးနှော” ဟူသည့်သတ်မှတ်ချက်ဖြင့် အရာရှိက သူမ၏နိုင်ငံသားလျှောက်ထားမှုအပေါ် ကျပ်ငွေ ၇၀၀၀ (အမေရိကန်ဒေါ်လာ ၈ နီးပါး) တောင်းယူလိုက်သည်။ ထို အခကြေးငွေ ကျပ် ၇၀၀၀ အတွက် အရာရှိငယ်တဦးလုပ်ပေးလိုက်သည့် အလုပ်မှာ သူမ၏အထောက်အထားစာရွက်စာတမ်းများကို ဖိုင်အဟောင်း အပေါစားတခုထဲသို့ ထည့်ကာ ဖိုင်တွဲပေးလိုက်ခြင်းသာဖြစ်သည်။
မြန်မာမွတ်စ်လင်မ်လောက၏အနေအထားအပေါ်လွှမ်းမိုးနေသော နိုင်ငံရေးအငြင်းပွားချက်ကြီးထွားလာသည်နှင့်အမျှ ယင်းမိန်းကလေးငယ်ကိစ္စမျိုးမှာ ဖြစ်ပေါ်လျက်ရှိသည်။ ဤကိစ္စသည် မူလသတ်မှတ်ချက်မှ အလွဲကြီးလွဲနေသည်သာမက မြန်မာလူမျိုး မဟုတ်သူများဟုယူဆခံရသူ မည်သူ့ကိုမဆို မမြင်သာသည့်နည်းလမ်းဖြင့် ခွဲခြားချိုးနှိမ်ရေးဝါဒတိုးပွားလာစေရန် ဆက်လက်အသုံးချနေကြပေသည်။ ၄င်းမှာ တရားဝင် ခွဲခြားခံရရန် စစ်အုပ်စု၏ဖန်တီးမှု ဟုဆိုက မှားမည်မဟုတ်ပါ။
မြန်မာအစိုးရမှနောက်ဆုံးထုတ်ပြန်ထားသည့် သန်းခေါင်စာရင်းအရ စွန္နီအများစုဖြစ်သော မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၄ % မျှသာဟု ဖော်ပြထားသော်လည်း ဒေသတွင်း ဘာသာရေး ပညာရှင်များ၏ အဆိုအရ ၆ % မှ ၁၀ % အထိ သို့မဟုတ် ၄င်းထက် ပိုမိုနိုင်သည်ဟု သိရသည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖြစ် မိမိကိုယ်ကိုဖော်ညွှန်းထားသော ၈၉ % ရှိ လူများစု၏ခေါင်းဆောင်တို့သည် လက်ရှိ လပိုင်း ကာလများအတွင်း မွတ်စ်လင်မ်တို့အား မကောင်းဆိုးဝါးများဟူ၍ ပုံဖော်လျက်ရှိကြသည်။ တိုင်းပြည် တာဝန်ထမ်းဆောင်နေသော အစိုးရအဖွဲ့အား မြင်ကွင်းနောက်ကွယ်မှ ချုပ်ကိုင်ထားသည့် စစ်တပ်က – ဘင်္ဂါလီများသည် အကြမ်းဖက်သမားနှင့်ပြဿနာရှာသူများဖြစ်ကြသည်၊ ၄င်းတို့သည် အကြမ်းဖက်မှုကို မွေးဖွားပေါ်ပေါက်စေသည်၊ ထို့ကြောင့် ၄င်းတို့နှင့်၎င်းတို့၏ဘာသာတရားကို နှိပ်ကွပ်ရမည် – ဟု နိုင်ငံ့လူများစုထံသို့ ထပ်ပြန်တလဲလဲ နားသွင်းခဲ့ကြသည်။ အကြမ်းဖက်လုပ်ရပ်များသည် ချက်ခြင်းရပ်ရမည့်ကိစ္စဖြစ်သည်ကို လူများစုမှ လက်ခံသေးပုံမရ။ နားလည်မှုလွဲမှားခြင်းနှင့်ပြဿနာများ ရှင်းလင်းသွားရန်အတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်သည်ဟူသောအချက်ကိုလည်း လက်မခံနိုင်ဖြစ်နေကြသည်။
နေ့စဉ်နှင့်အမျှ လူမှုမီဒီယာဝက်ဘ်ဆိုဒ်များ၊ ပုံနှိပ်မီဒီယာများတွင် တို့ထောင်မီးမွှေးလျက်ရှိနေသော မွတ်စ်လင်မ် ဆန့်ကျင်ရေး အစွန်းရောက် ၀ါဒဖြန့်ချက်များအတိုင်း ၄င်းလူမျိုးကြီးဝါဒလမ်းကြောင်းကို တစ်နိုင်ငံလုံးအတိုင်းအတာရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနတိုင်းတွင် ဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲဖော်ပြထားကြောင်းလည်း တွေ့နိုင်ပေသည်။ ယင်းဖော်ပြချက်ကား “ မြေမျို၍လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည် ” ဟူ၍ ဖြစ်၏။
သိမ်ငယ်စိတ်ဝင်အောင်နှိမ့်ချချိုးနှိမ်စေသော နိုင်ငံရေးကစားကွက်မှာ အချိန်တိုအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို သွတ်သွင်းပေးလိုက်ခြင်းဖြစ်၏။ ၄င်းနောက် အကြမ်းဖက်မှုများကို အတိုင်းထက်အလွန် ထွက်ပေါ်ထင်ရှားလာစေခဲ့ပေသည်။
မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေကို ကျင့်သုံးနေဆဲဖြစ်သည်။ ၄င်း၌ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀ က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်မီတစ်နှစ်အလို ၁၈၂၃ ခုနှစ် မတိုင်မီကတည်းက မြန်မာ့နယ်နမိတ်အတွင်း ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ကြောင်း အထောက်အထား မပြသနိုင်သူများအား တိုင်းရင်းသား/တိုင်းရင်းနွယ်အဖြစ် အသိအမှတ်မပြုဟု ဖော်ပြထားသည်။
ထူးခြားသည်မှာ ယနေ့ ကျွန်ုပ်တို့မှ ဗမာ/မြန်မာဟု သိရှိကြသည့် ပိုင်နက်မှာ ထိုစဉ်က မရှိခဲ့ချေ။ သို့သာမက ယနေ့ခေတ်တွင် တရားဝင်တိုင်းရင်းသားအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ထားသော လူမျိုး ၁၃၅ မျိုးသည် လည်း သု့ သမိုင်းကိုယ်တိုင်ကိုယ်က ရှေ့ နောက်မညီ ကြောင်တောင်တောင်ဆန်သည်။ ဖြစ်ချင်တိုင်းဖြစ်နေသည်။
ပမာဆိုရလျှင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၁၉၆၀ ခုနှစ် ထုတ် စာအုပ်တစ်အုပ်တွင် လူမျိုးစု ၅၀ ခန့်သာရှိသည်ဟုဆိုသော်လည်း၊ ၁၉၇၁ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၏ ထုတ်ပြန်ချက်တွင်မူ လူမျိုးစု ၁၄၄ မျိုးဟု အမည်တပ်ဖော်ပြခဲ့သည်။
ယင်းသတ်မှတ်ထုတ်ပြန်ချက်၌ ရခိုင်-စစ်တကောင်း၊ မြန်မာမွတ်စ်လင်မ်၊ ရခိုင်-ကမန် နှင့် အခြား ဗမာ-အိန္ဒိယသွေးနှော စသည့် တောင်အာရှအနွယ်ဝင်နှင့်မွတ်စ်လင်မ်တို့ကို တိုင်းရင်းသားလူမျိုးစုစာရင်းထဲတွင် ထင်ထင်ရှားရှားထည့်သွင်း ဖော်ပြခဲ့သည်။ သို့သော် ၁၉၉၀ ခုနှစ်သတ်မှတ်ချက်တွင်မူ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးသာ ပါဝင်တော့သည့်အပြင် ၄င်းတို့ကို စာရင်းဇယားဖြင့် တရားဝင်ထုတ်ပြန်ခြင်းလည်း အလျဉ်းမရှိချေ။ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးကိုနီ၏ ပြည်သူ့ခေတ်ဂျာနယ်တွင် သုံးသပ်မှုအရ နိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံစည်းမျဉ်းသုံးခုအကြား ကွာဟချက်များကြောင့် တိုင်းရင်းသားမိဘနှစ်ပါးမှပေါက် ဖွားလာသည့် နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများ၊ ဧည့်နိုင်ငံသားများ၊ သံသယရှိသူများ၊ ရွေးကောက်ပွဲဝင်ခွင့်ရနိုင်ငံသားများ နှင့် ရွေးကောက်ပွဲဝင်ခွင့်မရသည့်နိုင်ငံသားများ စသဖြင့် အမျိုးအစားများ ဖြစ်ကုန်ကြောင်း သိရသည်။
တရားဝင်ဥပဒေကြောင်းနှင့်သွေဖည်စွာ မလှိမ့်တစ်ပတ်သွတ်သွင်းချက်များ နှင့် နိုင်ငံရေး/ရွေးကောက်မှုဆိုင်ရာ ခွဲခြားဆက်ဆံမှုများက မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့ကို နိုင်ငံသားဖြစ်ခြင်းလမ်းကြောင်းမှ ရှင်းထုတ်ကာ နိုင်ငံခြားသားများအဖြစ် ဖန်တီးလိုက်သည်။
ပထမဦးဆုံးအနေနှင့် နိုင်ငံသားကဒ်ကို “နိုင်ငံသားစိစစ်ရေးကဒ်ပြား” ဟု အမည်ပေးခဲ့သည်။ စိစစ်ရေး ဟူသည့် အသုံးအနှုန်းမှာ စုံစမ်းစစ်ဆေးဆဲအခြေအနေကို ပြဆိုနေသကဲ့သို့  အစိုးရစနစ်ကလည်း ပြည်သူများကို သံသယနှင့် စောင့်ကြည့်နေသည့် ဖိနှပ်ချုပ်ချယ် အစိုးရ Survillance State ဖြစ်သည်ကိုလည်း ညွန်းနေသည်။ ၄င်းမှာ လူတစ်ဦးချင်းစီ နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းကို စိစစ်ယုံသာမက ဘာသာနှင့် လူမျိုးကာကွယ်ရေးအကြောင်းပြကာ အခြားလူမျိုးနွယ်နှင့်ဘာသာတရားကိုးကွယ်သူများကို ကန့်သတ်လိုက်ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်နှင့်အတူ လ၀ကရုံးသို့သွားရောက်ခဲ့သည့် မိန်းကလေးအားပြောဆိုခဲ့သော “သွေးနှော” ဆိုသည့်အသုံးအနှုန်းကို ကြိမ်ဖန်များစွာ အသုံးပြုနေကြ၏။ ဤ သွေးနှော ဟူသည်မှာ ၂၁ ရာစု လူမှု-နိုင်ငံရေးခေတ်တွင်ပင် မြန်မာ လ၀က အတွက် ရှက်ရွံ့ဖွယ်ကိစ္စတစ်ရပ် မဟုတ်သလိုဖြစ်နေသည်။ လ၀က၀န်ကြီး ဦးခင်ရီမမှ မြန်မာနိုင်ငံသားဖြစ်မဖြစ်ကို သွေးဖြင့် ဆုံးဖြတ်မည်ဟု မကြာသေးမီကပင် ပြောဆိုလိုက်သေးသည်။
ဓနုအမျိုးသားဖခင်၊ အင်းသူအမျိုးသမီးမိခင်၏ ရင်သွေးဖြစ်သော တက္ကသိုလ်ကျောင်းသားတစ်ဦး၏ နိုင်ငံသားကဒ်ပြား၌ ရေးသွင်းထားသည်မှာ – “ အိန္ဒိယ ဗမာ ဓနု အင်းသား အစ္စလာမ် ” ဟူ၍ ဖြစ်၏။ လူမျိုး နှင့် ဘာသာကို ကွဲပြားခြားနားစွာ ရေးသွင်းပေးခြင်းမရှိသည်က မွတ်စ်လင်မ်များအားလုံး တူညီစွာကြုံတွေ့နေရသော ရိုက်ခတ်ချက်တစ်ခု ဖြစ်နေသည်။ ဤသို့ ဖြစ်ရခြင်းမှာ မွတ်စလင်မ်ဆိုလျှင် မှတ်ပုံတင်တွင် အိန္ဒိယ၊ ပါကစ္စတန် (သို့ ) ဘင်္ဂလီ တခုခု မထည့်မနေရထည့်ရခြင်းကြောင့်ဖြစ်သည်။
အိန္ဒိယ သို့မဟုတ် ပါကစ္စတန် ဟူသည် နိုင်ငံများဖြစ်၏။ လူမျိုးမဟုတ်။
ယင်းကျောင်းသားမိခင်၏အမှုတွဲ၌ ထည့်သွင်းရေးသားခဲ့သည်မှာ ထူးခြားဆန်းကြယ်လွန်းပေသည်။ မိခင်ဖြစ်သူသည် အင်းသူ စစ်စစ်ဖြစ်ပြီး ဘင်္ဂါလီလူမျိုးနှင့်မည်သို့မျှ ဆက်စပ်ပတ်သက်မှုမရှိလင့်ကစား သူ့ မှတ်ပုံတင်တွင် ဘင်္ဂလီဟု ထည့်ထားသည်။ ၁၉၈၉ ခုနှစ်တွင် လ၀ကအရာရှိများမှ လက်ရှိ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခဲ့ချိန် ယင်းမိခင်၏ဖခင်(ကျောင်းသား၏ အဖိုး)သည် အင်းလေးကန်ဒေသရှိရွာငယ်တစ်ခု၌ နေထိုင်လျက်ရှိသည်။ သူ့ကဒ်ပြားပေါ်တွင် ဘင်္ဂလီ ဟု မှတ်ပုံတင်သွင်း ရေးသားရမည်ဟု မှတ်ပုံတင်အရာရှိများက ပြောဆိုခဲ့သည်။ အဖိုးအိုမှာ ၄င်းအကောက်ကြံမှုများကို မသိရှာဘဲ “ ပြဿနာ မရှိပါဘူး။ ရေးချင်တယ်ဆိုယင် ရေးထည့်လိုက်ပေါ့ ” ဟု ဆိုလိုက်သည်။ သို့နှင့် အင်းသားအမျိုးသားစစ်စစ်ကြီးခမျာ ဘင်္ဂလီ လူမျိုးအဖြစ် ဘ၀ပြောင်းသွားခဲ့ရပေသည်။
ဆက်လက်၍ သူ့သမီး၏ကဒ်ပြားပေါ်၌ ဘင်္ဂလီ အဖြစ်သတ်မှတ်ဖော်ပြချက်ဖြင့် ထုတ်ပေးခံရ၏။ ဘင်္ဂလီအဖြစ် သတ်မှတ်ဖော်ပြမှုက တမင်ဒုက္ခပေးလိုက်ကြောင်း နားလည်သော အမျိုးသမီးသည် မြို့နယ်တရားရုံးတွင် မိမိမှာ ဘင်္ဂလီ မဟုတ်၊ အင်းသူ တစ်ဦးသာဖြစ်ကြောင်း ကျမ်းကျိန်ထွက်ဆိုခဲ့သည်။ မြို့နယ်လ၀ကအရာရှိမှ သူမ၏ လူမျိုးအမည်မှန်ကို မပြောင်းလဲပေးခဲ့သော်လည်း၊ကျမ်းကျိန်ပြီးနောက် သူမ၏ထွက်ဆိုချက်ကြောင့် နောက်ဆုံးတွင် ဘင်္ဂလီစကားလုံးကို ပယ်ဖျက်ပေးခဲ့ရလေသည်။
လူမျိုးဘာသာယဉ်ကျေးမှုစုံရှိသည့် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် နောက်ထပ်မိသားစုတစ်ခုလည်း အလားတူကြုံခဲ့ရသည်။ တစ်မိသားစုတွင်းမှပေါက်ဖွားလာသူများဖြစ်လင့်ကစား ၄င်းတို့၏ကလေးငယ်တစ်ဦးကို
“ အိန္ဒိယ+ဗမာ+အစ္စလာမ် ” ဟူ၍လည်းကောင်း၊ နောက်တစ်ဦးကိုမူ “ ပါကစ္စတန်+ရှမ်း+ဗမာ+အစ္စလာမ် ” ဟူ၍လည်းကောင်း သတ်မှတ်လိုက်ကြ၏။ ထိုသို့  လွဲနေသည့်ကိစ္စသည် အစိုးရအတွက် ပြသနာမဟုတ်သလို။
တောင်ကြီးမြို့တွင် မျိုးဆက်လေးဆက်အထိ နေထိုင်လာကြသူဖြစ်သည့်တိုင် ဖယ်ကြဉ်ခံရသူကဲ့သို့ ဖန်တီးခဲ့ကြသည်။ ပြောင်းရွှေ့ဝင်ရောက်လာကြသူများ မဟုတ်ပါဘဲလျက် တောင်အာရှမှနိုင်ငံခြားသား (ခွဲခြားအခေါ်အဝေါ် – ကုလား)များ အဖြစ် သတ်မှတ်လိုက်ကြလေသည်။ အထက်ပါဖြစ်ရပ်နှစ်ခုတွင် ဆန်းသည်မှာ တစ်ချိန်တုန်းက မြို့မိမြို့ဖမျက်နှာဖုံး ပုဂ္ဂိုလ်များ၏အဆက်အနွယ်တို့ကို မကြာသေးမီကမှ ရှမ်းပြည်နယ်သို့အစိုးရတာဝန်ဖြင့်ရောက်ရှိလာသော ဗမာလူမျိုးတို့က နိုင်ငံခြားသားများ (၀ါ) အပြင်စည်းမှလူများအဖြစ် လာသတ်မှတ်ခြင်း ဖြစ်သည်။ ရှမ်းပြည်ပြင်ပမှ သူစိမ်းဗမာများက မနေ့ တနေ့ မှ ရှမ်းပြည်သို့ လာကာ ဒေသခံတိုင်းရင်းသားမိသားစုများကို အပြင်လူများ၊ ဧည့်သည်များအဖြစ် လာဆက်ဆံနေခြင်းဖြစ်သည်။
ဆက်ဆိုရပါလျှင် နိုင်ငံတွင်းမှာမွေးဖွားလာကြသော မွတ်စ်လင်မ်တို့ကို နိုင်ငံခြားသားများအဖြစ် ပြောင်းလဲပုံဖော်ကြ၏။
နောက်ထပ် သာဓကတစ်ရပ်မှာ ပသီ လူမျိုးဖြစ်သည်။ ၄င်းတို့သည် မြန်မာပြည်အလယ်ပိုင်းတွင် အများဆုံးရှိနေကြပြီး မြန်မာဘုရင်မင်းအဆက်ဆက်မှ အသိအမှတ်ပြုထားသော သမိုင်းခိုင်ခိုင် ရှိနေကြသည်။ သို့တစေ ဗမာမွတ်စ်လင်မ် ဟူသည့် ယေဘူယျအသုံးအနှုန်းဖြင့် ပသီလူမျိုးသည် ၁၉၅၀ နှစ်များကတည်းက စတင်မှေးမှိန်သွားခဲ့ရသည်။ ယင်းလူမျိုးစုဝင်များအနေနှင့် မိမိအမည်ရှေ့တွင် ပသီ ဟုဆက်လက်အသုံးပြုနေခြင်းသာ တတ်နိုင်တော့သည်။
၂၀၁၂ ခုနှစ်တွင် “ပသီ” အမည်ပါဝင်သော ပါတီတစ်ခုအား တရားဝင်မှတ်ပုံတင်ခွင့် မပြုခဲ့။ ထို့နည်းတူ ပသီလူမျိုးစုတို့၏ မှတ်ပုံတင်ကဒ်ပြားတွင်လည်း ပသီ ဟူသောစကားလုံးအား ထည့်သွင်းခွင့်မပြု။ နောက်ထပ်ဖြစ်ရပ်တစ်ခု ရှိသေးသည်။ မန္တလေးမှ ကျွန်ုပ်၏အသိမိတ်ဆွေ အမျိုးသမီးတစ်ဦး၏မှတ်ပုံတင်၌ “ အိန္ဒိယ ဗမာ + အိန္ဒိယ ဗမာ/အစ္စလာမ် ” ဟု စာရင်းသွင်းထားသည်ကို တွေ့ရပြန်၏။ အသက် ၁၀ နှစ်အရွယ်က ထုတ်ပေးခဲ့သည့် သူမ၏မှတ်ပုံတင်ကဒ်ပြားဟောင်း၌ လူမျိုးအမည်ကို ပသီ၊ ဘာသာအမည်ကို အစ္စလာမ် ဟု ဖော်ပြထားခဲ့သည်။ အသက် ၁၈ နှစ်ပြည့်၍ ကဒ်ပြားအသစ် လဲလှယ်ရသောအခါ လ၀ကဌာနမှ ပသီလူမျိုးအမည်ဖြင့်ကဒ်ပြားထုတ်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၁၂ နှစ်ကြာသည်အထိ ကဒ်အသစ် မလဲလှယ်ခဲ့။ မိမိဆန္ဒမပါသော၊ လက်ခံ၍မရသော အိန္ဒိယဗမာ ဟူသည့် လူမျိုးအသစ် ဖော်ပြချက်ပါ ကဒ်ပြားအား ကိုင်ဆောင်ရတော့မည် ဖြစ်သောကြောင့်ဟု ဆို၏။
၎င်းနောက် သူမသည် အာဏာပိုင်တို့၏လိမ်လည်ညစ်ပတ်မှုကို ခံလိုက်ရ၏။ ကဒ်ပြားသစ်ကို လဲလှယ်ရန် ၁၂ နှစ်ကျော် ငြင်းဆန်နေခဲ့ရာမှ သူမ၏လူမျိုးအမည်ကို ပသီ ဟုထည့်သွင်း၍ ကဒ်ပြားသစ်ထုတ်ပေးမည်ဖြစ်ကြောင်း အာဏာပိုင်တို့က အာမခံခဲ့ကြသည်။ သို့သော် စာရွက်စာတမ်းများကို လက်မှတ်ထိုးပေးပြီးနောက် ကဒ်ပြားအား ကောက်ယူကြည့်ရှုလိုက်သောအခါဝယ် “ အိန္ဒိယ ဗမာ+အိန္ဒိယ ဗမာ/အစ္စလာမ် ” ဟု ရေးသွင်းထားကြောင်း တွေ့ရပါတော့သည်။ ယခုသော် နှစ်ပေါင်း ၃၀ တိုင်တိုင် ပသီလူမျိုးအဖြစ် ရပ်တည်ခဲ့သူတစ်ဦးမှာ ယခုအခါ အိန္ဒိဗမာ လူမျိုး ဖြစ်ရတော့သည်။
ဤဖယ်ကြဉ်ခြင်းစံနစ်တစ်ရပ်လုံး၏ အဓိကပစ်မှတ်ကား ဘာသာရေး ဖြစ်၏။ ဥပမာ – မန္တလေးရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး၏ကဒ်ပြားတွင် အိန္ဒိယ ဟု ရေးထားသော်လည်း သူ၏ညီအစ်ကိုတစ်ဦးမှာ ဗုဒ္ဓဘာသာဖြစ်နေသဖြင့် ၄င်းကဒ်ပြား၌ ယင်းသို့ မရေးသွင်းထားသည်ကို တွေ့ရလေသည်။
မွတ်စ်လင်မ်တို့အား မနှစ်မြို့ခြင်း နှင့် ချိုးနှိမ်ဆက်ဆံခြင်းသည် မြန်မာနိုင်ငံတွင် ယခုမှ အသစ်ဖြစ်လာသည်မဟုတ်၊ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ သို့တစေ နောက်ဆုံးပေါ် ၉၆၉ လှုပ်ရှားမှုမှ ပုံဖော်လိုက်သော မွတ်စ်လင်မ်ဆန့်ကျင်ရေး အမုန်းသွတ်သွင်းမှုဝါဒဖြန့်ဂယက်များက ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့အကြားရှိ ဆက်ဆံရေးအပေါ် ပြင်းထန်စွာ သြဇာသက်ရောက်လာခဲ့သည်။
ရှမ်းပြည်နယ်တွင် ကျွန်ုပ်၏ လတ်တစ်လော သုတေသနပြုချက်၌ မူလတန်းဆရာဆရာမများသည် ကလေးသူငယ်တို့ကိုလည်း ချိုးနှိမ်ဆက်ဆံမှုများရှိလာကြောင်း တွေ့ရ၏။ ဤသည်မှာ မကြာလှသေး။ ကျောင်းဆရာ ဆရာမများက မိမိတို့၏ကလေးငယ်များကို “ကုလား၊ ကုလားမ ” ဟုခေါ်ဆိုနေခြင်းအပေါ် မိဘများအနေနှင့် စိတ်ထိခိုက်လျက်ရှိကြသည်။ တောင်ကြီးမြို့ပေါ်ရှိကျောင်းတစ်ကျောင်းတွင် တတိယတန်းကျောင်းသူ မွတ်စ်လင်မ် ကလေးငယ်မှာ ကုလားဆင်ဖြစ်နေသည့်အတွက် ကျောင်းတွင်းကျင်းပသည့်ပွဲတွင် ပါဝင်ခွင့်မပေးခဲ့ချေ။
သဟဇာတဖြစ်ရေး၊ လေးစားနားလည်ရေးကိုလည်း ကျောင်းများတွင် သင်ကြားပေးပုံ မရ။ ကုလားဆင် ပထမတန်းကျောင်းသားလေးတစ်ဦးကို အခြားကလေးငယ်များမှ အပေါင်းအသင်းမလုပ်လိုကြ။
မွတ်စ်လင်မ်ဆန့်ကျင်ရေး ၉၆၉ လှုံ့ဆော်မှုနှင့်အတူ အလုပ်အကိုင်ခန့်အပ်မှုကဏ္ဍများ၌လည်း မွတ်စ်လင်မ်များအား ခွဲခြားဆက်ဆံမှုတို့မှာ တစ်နေ့တစ်ခြား တိုးပွားလာသည်။ တစ်ချိန်က မွတ်စ်လင်မ်တို့ကို စစ်တပ် နှင့် အရာထမ်းများတွင် ခန့်အပ်တာဝန်ပေးမှု မရှိခဲ့။ ယခုသော် မိသားစုလုပ်ငန်းနှင့်ကုမ္ပဏီပိုင်ရှင်များသည်ပင် မွတ်စ်လင်မ်များအား မငှားရမ်းကြချင်တော့။ မကြာသေးမီက တောင်ကြီးမြို့၌ ဘွဲ့ရကာစလူငယ်တစ်ဦးသည် ဘဏ်တစ်ခုတွင် အလုပ်သွားလျှောက်ရာ သူမသည် မွတ်စ်လင်မ်ဖြစ်နေခြင်းကြောင့် လက်ခံခေါ်ယူမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုခံခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ဗမာလူမျိုး သို့မဟုတ် ဗုဒ္ဓဘာသာဝင်အားလုံးက မွတ်စ်လင်မ်တို့အား မုန်းတီးနေကြသည် မဟုတ်ပါ။ နိုင်ငံတစ်ခွင် အမုန်းဝါဒဖြန့်လှုံ့ဆော်နေမှုများအပေါ် စိတ်ပျက်နေကြသည့် ဘုန်းတော်ကြီးများ၊ ပညာတတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ သာမန်ပြည်သူများ ရှိနေကြသည်။ သို့သော် သူတို့၏ စာနာနားလည်သော သဘောထားနှင့်အသံများမှာ တိမ်ဝင်လျက်ရှိနေ၏။ နိုင်ငံရေးအရ အာဏာပိုင်အစိုးရ၏စံနစ်တကျ ဖယ်ကြဉ်ခြင်းအသံ နှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော် အကြမ်းဖက်မှိုင်းမိနေကြသော ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာဝင် အများစု၏အသံတို့က ပိုမိုကျယ်လောင်ဖုံးလွှမ်းနေပေသည်။
နိုင်ငံသားတင်းကြပ်မှုဥပဒေက မွတ်စ်လင်မ်တို့ကို ဒုတိယတန်းစားနိုင်ငံသားများ ဖြစ်အောင်ပြုလုပ်နေသော်လည်း မွတ်စလင်မ်များ ခံနေရခြင်းမှာ ဥပဒေရေးရာကြောင့်ချည်းမဟုတ်။ လူမျိုးကြီးဝါဒဖြင့် လျစ်လျူရှုကာ ငြင်းပယ်မှုလုပ်ရပ်များကိုလည်း ခံစားနေကြရသည်။ မွတ်စ်လင်မ်တို့အပေါ် ချိုးနှိမ်ခွဲခြားဆက်ဆံခြင်းသည် ဥပဒေကြောင်း အရထက် လူမှုနိုင်ငံရေးနှင့်ဆိုင်သော ဘာသာရေး လူမျိုးရေးကြောင့်ဖြစ်သည်။
သို့ရှိရာ ၁၉၈၂ ခုနှစ်နိုင်ငံသားအက်ဥပဒေအား မဖြစ်မနေဦးတည်ကျင့်သုံးနေဦးမည်ဆိုလျှင် လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ ဖယ်ကြဉ်ခြင်းအမြင်၊ လူမျိုးကြီးအမြင်၊ ချိုးနှိမ်ဆက်ဆံမှုအမြင်တို့ကို လျှော့ချနိုင်စရာ အကြောင်းမရှိ။ အရေးတကြီး ဖြစ်မနေ ဦးတည်ရမည့် အရေးအရာများမှာကား – အပြန်အလှန် လေးစားအသိအမှတ်ပြုလိုက် လျော ညီထွေနေထိုင်ခြင်း၊ (အထူးသဖြင့်) အာဏာပိုင်တို့၏မွတ်စ်လင်ဆန့်ကျင်ရေးဝါဒဖြန့်ချက်များကို ရပ်တန့်ခြင်း၊ လူအများစုထံ မှိုင်းသွင်းခံရသော လူမျိုးကြီး အတွေးအခေါ်နှင့် လုပ်ရပ်များ အဆုံးသတ်စေခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
Asia Sentinel မှ Alienation and Ethnocide in Burma ဆောင်းပါးကို သာကီထက်ကောင်း ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments