ဇူလိုင်- ၁၀ ၊ ၂၀၁၃
M-Media
ဘာသာပြန် – Zin Zin
ရိုဟင်ဂျာ ပြဿနာနှင့် ဆက်နွယ်နေသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်း စီးပွားရေး (သုံးသပ်ချက်- ဘာသာပြန်)
ဇွန်လ (၂၇) ရက်နေ့ တွင် မြန်မာနိုင်ငံအစိုးရသည် ကာတာနိုင်ငံအခြေစိုက် အော်ရီဒိုး ဆက်သွယ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အဆိုပါသတင်းသည် မြန်မာနိုင်ငံတွင်း မီဒီယာများ အကြား သတင်းဆိုး တစ်ခုအနေဖြင့် ပျံ့နှံ့သွားခဲ့ရာ ပြည်သူများက ထိုဆက်သွယ်ရေးကုမ္ပဏီ၏၀န်ဆောင်မှုများကို သပိတ်မှောက်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ (၂၀၁၂) ခုနှစ်၌ မြန်မာနိုင်ငံအတွင်း အိုအိုင်စီ(Organization of Islamic countries) ၏ရုံးခွဲ လာရောက်ဖွင့်လှစ်မည့် ကိစ္စရပ်အပေါ် ဗုဒ္ဓဘာသာဝင်များက တားဆီးသပိတ်မှောက်မှုများဖြင့် အစိုးရအပေါ်ဖိအားပေးနိုင်ခဲ့ပြီးနောက် ၊ ယခုကဲ့သို့ အစ္စလာမ်မစ်နိုင်ငံတစ်ခုဖြစ်သည့် ကာတာနိုင်ငံပိုင် အော်ရီဒိုး ဆက်သွယ်ရေးကုမ္ပဏီ နှင့် မြန်မာအစိုးရတို့၏ သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းများကို အံ့သြသွားစေခဲ့သည် ။ ဤဖြစ်ရပ်များက အိုအိုင်စီအား ဆန့်ကျင်လိုသည့် လူမှုရေးဆိုင်ရာ အစွဲများရှိနေသေးကြောင်း ထင်ဟပ်လျက်ရှိသည်။ အစ္စလာမ့် အယူဝါဒအား အဆိုးမြင်ဝါဒဖြန့်ရေး အခိုင်အမာ ဗျူဟာကြီး တစ်ရပ်ရှိနေသည်။ ပြည်တွင်းရှိ မွတ်စ်လင်မ်များ၏ စီးပွားရေးသည်လည်း ပိတ်ဆို့ခြင်း ခံနေရသည်။ သို့သော် ယခုကဲ့သို့ စီးပွားရေးအရ လုံးဝ မ၀င်ဆန့်စေရန် ခွဲခြားဆက်ဆံမှုသည် ရိုဟင်ဂျာ လူမျိုးတို့အပေါ်ထားရှိသော အမြင်ဖြင့် မီးမွှေးထားခြင်းဖြစ်သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အထောက်အပံ့များ၊ ရိုဟင်ဂျာပဋိပက္ခတို့၏ ဆက်နွှယ်မှုကဏ္ဍ
ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသည် အမြတ်အစွန်းရနိုင်သော ဖက်စပ်လုပ်ငန်းများဖြင့် ပန်းတိုင်သစ်ဆီ ဦးတည်လျက်ရှိသည်။ ကိန်းဂဏန်းဆိုင်ရာ အထောက်အထားများ အရ(၂၀၁၀) ခုနှစ်အတွင်း မြန်မာ့စီးပွားရေးသည် အမေရိကန်ဒေါ်လာ (၄၅) ကုဋေ မှ (၂၀၃၀) ခုနှစ်တွင် အမေရိကန်ဒေါ်လာ ကုဋေပေါင်း (၂၀၀) အထိ ရောက်နိုင်ဖွယ်ရာရှိသည်။ အမေရိကန်ဒေါ်လာကုဋေပေါင်း (၁၇၀) ခန့် သည် ငွေပင်ငွေရင်းအနေဖြင့် ရပ်တည်မည်ဖြစ်ပြီး၊ လိုအပ်သော မြေယာ၊ အဆောက်အဦးနှင့် စက်ပစ္စည်းများ ၀ယ်ယူရန် ပြည်ပ အသုံးစရိတ်များမှ သုံးစွဲမည်ဖြစ်၏။ ဒေါ်လာပေါင်း ကုဋေချီသည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံသစ်၏ အခြေခံလိုအပ်ချက်များ၊ စွမ်းအင်၊ လျှပ်စစ်ပစ္စည်း ၊ အဖျော်ယမကာ နှင့် စားသောက်ကုန်ဆိုင်ရာကဏ္ဍ တို့တွင် အထောက်အကူရရှိသွားစေပါမည်။
ပြည်ပမှဝင်ရောက်ရင်းနှီးမြှုပ်နှံမှု (FDI- Foreign Direct Investment) အများအပြားက လူမျိုးရေးဆိုင်ရာ တင်းမာမှုများကို တိုးပွာလာစေသည်။ မားသားလဲန်း ၊ ဖားသားလဲန်း ၊ နိုင်ဂရုပ် (သို့မဟုတ်) ၀င်း စသော မြန်မာမွတ်စ်လင်မ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီများသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အဆင်ပြေအစေးကပ်သောအခါ၌ ဗုဒ္ဓဘာသာအစွန်းရောက် အဖွဲ့အစည်းဖြစ်သော(၉၆၉) က သပိတ်မှောက်လာကြသည်။ ယင်းသူတို့သည် မြန်မာမွတ်စ်လင်မ်တို့၏ စီးပွားရေးအနေအထားများမှာ အငယ်စားနှင့်အလတ်စားအဆင့်မှ ဗုဒ္ဓဘာသာဝင်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ပခုံးချင်းယှဉ်သည့်အဆင့်သို့ ရောက်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ထို့ကြောင့် စီးပွားရေးအရဆက်ဆံသူများသည် မွတ်စ်လင်မ်အဆောက်အဦး လုပ်ငန်းရှင်များနှင့် လုပ်ငန်းစာချုပ်များကို ဖျက်သိမ်းကြသည် (သို့မဟုတ်ပါက) အဆောက်အဦးများကို တည်ဆောက်ပြီးစီးသည့် အဆင့်သို့မရောက်အောင် ဒုက္ခပေးနေကြပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မွတ်စ်လင်မ်တို့၏စီးပွားရေးအား ဗုဒ္ဓဘာသာဝင်များ၏ သပိတ်မှောက်မှုအပေါ် နှုတ်ဆိတ်လျက် မိမိတို့နှင့်မဆိုင်သကဲ့သို့ရပ်တည်နေကြသည်။ ” ပြည်သူများ၏သဘောထား” နှင့် “ဈေးကွက်စီးပွားရေး” စသဖြင့် ဆင်ခြေပေးလျက်ရှိရာ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုနှင့် စီးပွားရေးသည် ယိမ်းယိုင်လျက်ရှိသည်။
သို့သော်ငြားလည်း နိုင်ငံတကာမျက်နှာစာ၌မူ တမူထူးလျက် အားကောင်းနေသည်။ နိုင်ငံခြားအထောက်အပံ့များသည် ဆက်လက်စီးဝင်နေကြသည်။ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သောနိုင်ငံများသည် ဤပဋိပက္ခများအပေါ်တွင် နှုတ်ဆိတ်နေမည်လော (သို့မဟုတ်) ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားမည်လော ဟူသည် မသိနိုင်သေး။ ၄င်းတို့အဖို့မှာကား ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းချောမွေ့ရန် အတွက် ထောက်ပံ့ရေးအစီအစဉ်က အလွန်လိုအပ်၏။ ဥပမာဆိုရသော် မြန်မာနိုင်ငံမှပေးရန် ရှိနေသော ကြွေးမြီများ အားလုံးကို (၂၀၁၃) ခုနှစ်တွင် နော်ဝေနိုင်ငံမှ ရာနှုန်းပြည့် ကင်းလွတ်ခွင့် ပေးလိုက်၏။ ယင်းသို့ဗျူဟာမြောက် လမ်းခင်းလိုက်သောကြောင့် နော်ဝေ အခြေစိုက် တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက အခြားဆက်သွယ်ရေး ကုမ္ပဏီများအပေါ် အသာစီးရကာ စာချုပ်ချုပ်နိုင်ရန် လမ်းပွင့်သွားစေသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆက်တိုက်ဖြစ်ပွားလျက် ရှိသော ပြဿနာများကိုလည်း ဥပက္ခာပြုထားဆဲဖြစ်၏။ အခြေအနေမှန်ကိုလျစ်လျူရှု၍ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ နှင့် အနောက်နိုင်ငံများက အထောက်အပံ့ နှင့် ကုန်သွယ်မှုများဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲပင်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား မြန်မာပြည်တွင်း၌ တရုတ်နိုင်ငံ၏ခြယ်လှယ်ချုပ်ကိုင်ထားမှုကို တန်ပြန်မည့် ပြူတင်းတံခါး တစ်ချပ်အဖြစ် ၄င်းတို့မှ ရှုမြင်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ရိုဟင်ဂျာပြဿနာပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် မည်သည့် ပိတ်ဆို့အရေးယူခြင်း မပြုကြပါလေ။ အိုအိုင်စီသည် ရိုဟင်ဂျာလူမျိုးတို့၏ အရေးကိစ္စအပေါ် အလေးအနက်ထား ပြောဆိုခြင်း ၊ အကူအညီအထောက်အပံ့များပေးအပ်ရန် လမ်းဖော်ခြင်းတို့ ရှိနေသည့်တိုင် ၄င်းတို့သည်လည်း စီးပွားရေးဆိုင်ရာဝေစု တစ်ရပ်အား မျှော်လင့်နေလျက်ရှိသည်။
ကျွမ်းကျင်လုပ်သားမရှိခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း
ရိုဟင်ဂျာလူမျိုးတို့ကို စီးပွားရေးအရ မ၀င်ဆန့်သူများအဖြစ် စာရင်းသွင်းထားကြပေသည်။ အဓိကအကြောင်းရင်းမှာ စာမတတ်မြောက်မှုကြောင့်ပင်ဖြစ်သည်။ (၂၀၀၅) ခုနှစ် (SOAS) သုတေသနစစ်တမ်းအရ ၄င်းတို့သည် ပညာရေးတွင် စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း တွေ့ရှိရသည်။ ယနေ့တွင်မူ ရိုဟင်ဂျာလူမျိုး (၈၀) ရာခိုင်နှုန်းသည် စာမတတ်မြောက်သူများ ဖြစ်ကြပြီး ၊ အသက် (၅)နှစ်မှ (၁၇) နှစ်ကြား ကလေးငယ်များ၏ (၆၀) ရာခိုင်နှုန်းသည် ကျောင်းမနေဖူးကြချေ။ အမျိုးသမီးများအကြား စာမတတ်မြောက်သူ ဦးရေသည် ရာခိုင်နှုန်းအားဖြင့် အမြင့်မားဆုံးဖြစ်နေ၏။ အကြောင်းရင်းမှာ မိသားစုတစ်ခုတွင် ကလေးဆယ်ယောက်နှင့် အထက် ရှိနေခြင်း နှင့် အစာရေစာ လောက်ငဖူလုံမှုအတွက် ရုန်းကန် လှုပ်ရှားရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုး အများစုသည် သာမန်လက်လုပ် လက်စားဘ၀မှအပ ကျွမ်းကျင်လုပ်သား (သို့မဟုတ်) ဥာဏလုပ်သား အဖြစ်သို့ မရောက်ရှိနိုင်ကြပေ။ ဤသို့အားဖြင့် ၄င်းတို့၏ လူမှု အဆင့်အတန်းသည်လည်း နိမ့်ကျသွားရ၏။ ဤအချက်က လူနည်းစု ရိုဟင်ဂျာလူမျိုးတို့အား နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခွင့်အရေးများ မရရှိခြင်းဟူသော သံသရာဆိုးထဲတွင် ကျရောက်သွားစေခဲ့သည်။
လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မြင့်မားမှုအား ပိတ်ဆို့ထားသော အခြား အကြောင်းရင်းများစွာက ၄င်းတို့၏အခြေအနေကို ဆိုးရွားသထက်ဆိုးရွားသွားစေပါသည်။ ပထမဦးဆုံးအချက်အနေဖြင့် (၂၀၀၉ ခုနှစ် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၏ အဆိုအရ) အစိုးရသည် အလုပ်သမားတို့၏ အခွင့်အလမ်းကို ကန့်သတ်ထိန်းချုပ်ထားသည်။ ၄င်းပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများသည် ခရီးသွားလာရာတွင် လည်းကောင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုအတွက်လည်းကောင်း စစ်တပ်၏ခွင့်ပြုချက် ရယူကြရသည်။ အဆိုပါ HRW၏မှတ်တမ်းများ၌ လက်တစ်ဆုပ်စာမျှသော ပညာတတ် အမျိုးသမီးများမှာလည်း စာသင်ကြားပေးခြင်း၊ သူနာပြု နှင့် ရုံးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခွင့်ကို ငြင်းပယ်ခံကြရကြောင်း တွေ့ရှိရသည် ။ နောက်ဆုံး အချက်အနေဖြင့် ပြောင်းရွှေ့နေထိုင်ခွင့်ကိုပင် ပြင်းထန်စွာ ကန့်သတ်ချုပ်ခြယ်ခံကြရသည်။ ထို့ကြောင့် အကယ်၍သာ ရိုဟင်ဂျာလူမျိုးတို့အား အခြားနိုင်ငံသားများ နည်းတူ အလုပ်လုပ်ကိုင်ခွင့် ၊ ပညာသင်ကြား ခွင့်ပေးမည် ဆိုလျှင်ပင် ၄င်းတို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခြင်း မရှိသည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများတွင်လည်း ၄င်းတို့အနေဖြင့် မည်သည့်အကျိုးကျေးဇူး ခံစားနိုင်တော့မည် မဟုတ်ချေ။
ဖိနှိပ်ပုံသွင်းခံရခြင်း (သို့မဟုတ်) ခွဲခြားခံရခြင်းကြောင့် အိုးအိမ်မဲ့သူများဖြစ်ရခြင်းလော
ဌာနီမဲ့ ၊ အိုးအိမ်မဲ့၊ အလုပ်အကိုင်မဲ့နေသော ရိုဟင်ဂျာလူမျိုးများစွာတို့သည် လမ်းကြောင်းသစ်များကို ကြိုးပမ်းရှာဖွေကြသော်လည်း ဒုက္ခသည်အဖြစ်ခံယူရုံမှတစ်ပါး အခြားမျှော်လင့်ချက် မရှိလေပြီ။ ယင်းဒုက္ခသားကောင် အချို့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်အဖြစ်လက်ခံထားရာ ၊ ဒုက္ခသည်စခန်းများတွင်လည်း UNHRC အနေဖြင့် မူလတန်းပညာရေးကိုသာလျှင် ထောက်ပံ့ကူညီ သင်ကြားပေးနိုင်ကြသည်။ ဤမျှလောက်သော အကူအညီလေးက ၄င်းတို့၏ဘ၀ မြင့်မားလာစေရန် အထောက်အကူ မပြုပေ။
ယခုကဲ့သို့ ဒုက္ခသည် ဘ၀ရောက်ရှိနေပြီး လုပ်ငန်းကျွမ်းကျင်မှု အားနည်းနေသည့် ရိုဟင်ဂျာလူမျိုးတို့၏ အခန်းကဏ္ဍသည် အခြားနိုင်ငံများအတွက် အရေးပါမည်လောဆိုသည်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မဲခေါင်ဒေသမှ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်သော ကျွမ်းကျင်မှုမဲ့အခြေချသူ များစွာရှိနေပါသည်။ တဆက်တည်း၌ပင် ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးခံသော ကချင်အမျိုးသမီးများအား အမိနိုင်ငံသို့ပြန်ပို့ပေးရန် ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးတို့အား ဒုက္ခသည် အဖြစ်နှင့်ပင် ဆက်လက်ထိန်းသိမ်းထားပေးရန် (သို့တည်းမဟုတ်) ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် လက်ခံပေးရန် မစွမ်းသာအောင် ဆင်းရဲတွင်းနက်နေသည်။ အစ္စလာမစ်နိုင်ငံများကသာလျှင် ရိုဟင်ဂျာတို့အား ဒုက္ခသည်အဖြစ်လက်ခံနိုင်မည်။ ထို့နောက်တွင်မူ ၄င်းနိုင်ငံများအနေဖြင့် အောက်ဈေး လုပ်သားများအဖြစ် ခေါ်ယူထားနိုင်ဖွယ်ရှိ၏။ ယင်းသို့ဆိုလျှင် ရိုဟင်ဂျာလူမျိုးတို့အတွက် ပညာရေးနှင့်တိုးတက်မှု အခွင့်အရေးများ ရနိုင်ကောင်း၏ဟု ထင်စရာရှိနေပါသည်။ သို့သော် အာရပ်နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းလုပ်သားဒုက္ခသည်တို့အပေါ် ခွဲခြားဆက်ဆံမည်ဆိုပါက ရိုဟင်ဂျာတို့အတွက် အထက်ပါအခွင့်အရေးများသည်လည်း မသေချာတော့ပေ။
နိဂုံး
ဘ၀ရှင်သန်မှုအတွက် မရေရာသောအလားအလာများက ၄င်းတို့ ကလေးငယ်များ၏ ပညာရေးလမ်းကြောင်းကိုတော့ အနိမ့်ဆုံးအားဖြင့် ရနိုင်ကောင်းပေသည်။ လက်ရှိ အခြေအနေတွင်လည်း မျိုးဆက်သစ်များမှာ အတားအဆီးပေါင်းများစွာ ရင်ဆိုင်နေရသည် မဟုတ်ပေလော။ UNHCR ၏မှတ်တမ်းများအရ နေထိုင်စရာမဲ့နေသော ဤကလေးငယ်တို့အား မြှင့်တင်ပေးရန် အခက်အခဲ ရှိနေကြောင်း ဖော်ပြထားသည်။ ကလေးငယ်များသည် အစွန်းရောက်မှုဖက် လှည့်ပြောင်းသွားမည်ကို ၄င်းတို့မှ စိုးရိမ်နေကြသည်။ အကယ်၍ ယင်းသို့ဖြစ်ခဲ့ပါက အကျိုးဆက် ရလဒ်နှစ်ခု ထွက်ပေါ်လာရန် ရှိနေသည်။ ပထမတစ်ချက်မှာ ပဋိပက္ခများ ပိုမိုဆိုးရွားသွားမည်။ ဒုတိယအချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား တားဆီးပိတ်ဆို့မှု ဖြစ်သွားစေပေမည်။ ယခုထက်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေလင့်ကစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက အပြောင်းအလဲမရှိသေး။ ရင်းနှီးမြှုပ်နှံသူများအဖို့ ကမ္ဘာ့စီးပွားရေးဆုတ်ကပ်ရောက်ချိန်၌ အခွင့်အလမ်းများ ကြွယ်ဝခြင်းကြောင့် ဖြေသာမှုရှိပါသော်လည်း ရိုဟင်ဂျာများအဖို့မူ မည်သည့်ကူညီကယ်ဆယ်မှုမျှ မရှိသေးသည်ကို မြင်နေရဆဲပါတကား။
Asma Masood
Research Intern, SEARP, IPCS
Email:[email protected]
Eurasiareview တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် Asma Masood ၏ “Myanmar: FDI, Local Economy And The Rohingya Conflict” သုံးသပ်ချက် ဆောင်းပါးကို “Zin Zin ” မှ မြန်မာလို ဆီလျော်အောင် ပြန်ဆိုပါသည်။
Comments