ဇူလိုင်-၂၇-၂၀၁၃
M-Media

အနောက်ဘက်ကမ်းမြှောင်ဒေသ ရှိ အစ္စရေးတို့၏ ဂျူးအခြေစိုက် အိမ်ယာ စီမံကိန်းများ
Photo Credit: Reuters/Baz Ratner
အနောက်ဖက် ကမ်းမြှောင်ဒေသရှိ ထောင်နှင့်ချီသော ပါလက်စတိုင်းတို့အပေါ် အကူအညီပေးမည့် ဥရောပသမဂ္ဂ၏စီမံကိန်းများကို အစ္စရေးမှ ပိတ်ဆို့ဟန့်တားထားသည်။ သိမ်းပိုက်ခံနယ်နမိတ်အတွင်းရှိ အစ္စရေးအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်းကို ဥရောပသမဂ္ဂမှ ပိတ်ပင်ခဲ့မှုအတွက် လက်စားချေခြင်းတစ်ရပ် ဟု ဆိုသည်။
၁၉၆၇ ခုနှစ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲမှ အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့်နယ်နမိတ်အတွင်း ဂျူးလူမျိုးတို့၏ အခြေချမှု ဆက်လက်တိုးပွားကျယ်ပြန့်နေခြင်း အပေါ် နှစ်မြို့လက်ခံဖွယ်ရာ မရှိနိုင်တော့သဖြင့် ဥရောပသမဂ္ဂမှ လွန်ခဲ့သော ရက်သတ္တပတ်တွင် ယင်းသို့ ကန့်သတ်ချက်များပြုလိုက်ခြင်းဖြစ်သည်။ အစ္စရေးတို့၏ ချဲ့ထွင်မှု ရှေ့ဆက်နေပါက လာမည့်နှစ်မှစတင်ပြီး ဥရောပသမဂ္ဂ၏ ထောက်ခံပံ့ပိုးမှု၊ ဆုချီးမြှင့်မှု သို့မဟုတ် ချေးငွေများမှာ ထည့်သွင်းစဉ်းစားပေးဖွယ် မရှိတော့ကြောင်း ညွှန်ကြားမှု အသစ်၌ ပါဝင်နေသည်။
ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု၏ လီကွတ်ပါတီမှ အမာခံအဖွဲ့ဝင် နှင့် စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ ယာလွန်က အစ္စရေးတို့မှ အပြည့်အ၀ထိန်းချုပ်ထားသည့် အနောက်ဖက်ကမ်းမြှောင်ဒေသ ဧရိယာအမှတ် C အတွင်း ပါလက်စတိုင်းများအတွက် စီမံကိန်းများကို ရပ်တန့်လိုက်ပြီ၊ တွေ့ဆုံဆွေးနွေးမှုများကို ဖျက်သိမ်းပြီ၊ ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချလိုက်ပြီဟု ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးက စည်းကမ်းချက်များစွာ ထုတ်ပြန်လိုက်ရာ ပါလက်စတိုင်းလူထုအားကူညီနေသော ဥရောပသမဂ္ဂ၏ဆောင်ရွက်ချက်များကို ထိခိုက်နစ်နာသွားကြောင်း အစ္စရေးမီဒီယာသတင်းများနှင့်ပတ်သက်ပြီး ဥရောပ သမဂ္ဂမှ စိုးရိမ်မကင်းဖြစ်နေသည်ဟု ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအမှူး ကက်သရင်း အက်ရှ်တန်၏ ပြောခွင့်ရ ပုဂ္ဂိုလ် မာဂျာ ကိုစီဂျန်စစ် မှ ဘရပ်ဆဲလ်၌ ပြောကြားသည်။
“ အစ္စရေးအာဏာပိုင်တွေဆီက တရားဝင်ဆက်သွယ်ချက် တစ်စုံတစ်ရာကိုမျှ ကျွန်တော်တို့ မရရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ အရေးပေါ်ကိုယ်စားလှယ်တွေအနေနဲ့ အသေးစိတ်အစီရင်ခံနိုင်ဖို့ ကြိုးစားနေကြပါတယ် ” ဟုလည်း ၄င်းမှ ထည့်သွင်းပြောဆိုခဲ့သည်။
Comments