ဇူလိုင်-၂၈၊၂၀၁၃
M-Media
ဘာသာပြန်- ကောင်းလွန်းအိမ်
ကျွန်ုပ်တို့အားလုံးလိုလို အစ္စလာမ်၏ အဓိက မဏ္ဍိုင် ၅ ရပ်အား အလွယ်တကူ အခက်ခဲမရှိ ပြောနိုင်ကြသည်။ ၄င်းတို့ကို ကျွန်ုပ်တို့ အလွတ်ရကြသည်။
ထို မဏ္ဍိုင် ၅ ရပ်စလုံးသည် ကျွန်ုပ်တို့ အစ္စလာမ်သာသနာ၏ အဓိက အခြေခံအကျဆုံး ပုံဟန်ကို ပုံဖော်ထား၏။ ၄င်းတို့အနက် မဏ္ဍိုင် ၂ ရပ်သည် နေ့စဉ်လုပ်ဆောင်ရပြီး၊ အစ္စလာမ့်ယုံကြည်သက်ဝင်မှု ထွက်ဆိုချက် နှင့် ၅ ကြိမ် ၀တ်ပြုခြင်းတို့ဖြစ်သည်။
နောက်ထပ် ၂ ရပ်သည် နှစ်စဉ်လုပ်ဆောင်ရသော မဏ္ဍိုင်များဖြစ်ပြီး၊ ၄င်းတို့မှာ သတ်မှတ်အလှူဒါန ပေးကမ်းခြင်း နှင့် ရမဿွာန်လတွင် ဥပုသ်သီဓလစောင့်တည်ခြင်း ပင်ဖြစ်သည်။
နောက်ဆုံးတစ်ရပ်သည်ကား ဘ၀တစ်လျှောက်လုံးတွင် အနည်းဆုံးတစ်ကြိမ်လုပ်ဆောင်ရမည့် မဏ္ဍိုင်ဖြစ်ပြီး၊ မက္ကဟ်မြို့တော်သို့ ဘုရားဖူးသွားရောက်ခြင်း ဖြစ်ပါ၏။
ထိုမဏ္ဍိုင်ငါးရပ်အား ဖော်ပြရန် လွယ်ကူသလောက် ယင်းလုပ်ဆောင်ချက် တစ်ခုချင်းစီ၏နောက်ကွယ်မှ အကြောင်းတရားကိုမူ ရှင်းလင်းပြောပြရန် လူတိုင်း မစွမ်းသာလှပေ။ ကျွန်ုပ်တို့အား မွတ်စ်လင်မ် မဟုတ်သော မိတ်ဆွေ သူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ထိုမဏ္ဍိုင်များအကြောင်း မေးမြန်းလာသောအခါ လွယ်လင့်တကူပင် ရှင်းပြတတ်ကြ၏။ သို့သော်လည်း ကျွန်ုပ်တို့ ပေးသင့်ပေးထိုက်သည့် ထိရောက်သောဖြေကြားခြင်း ဟုတ်မဟုတ် သေချာပြီလော ?
အစ္စလာမ့်မဏ္ဍိုင်များအနက် နှစ်စဉ် မပြုမနေရ သတ်မှတ်ဒါနပေးကမ်းခြင်းဖြစ်သော ဇကာ့သ် အကြောင်းကို အဓိကထား ဦးတည်ကြည့်ကြပါစို့။ ထိုခေါင်းစဉ်အား ဆွေးနွေးလေသော အခါ လူအများစုသည် ၄င်းအရာမှာ အလှူဒါန နှင့် ပတ်သက်သည့် လူမှု ကဏ္ဍဖြစ်ကြောင်း၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သက်ဝင်ယုံကြည်သူ တစ်ဦးအနေနှင့် မိမိ၏ ပိုင်ဆိုင်မှု အတွင်းမှ ဆင်းရဲချို့တဲ့သူ နှင့် ဒုက္ခရောက်နေသူများအတွက် ပေးအပ်ရမည့်တာဝန်တစ်ခုဖြစ်ကြောင်း အလေးအနက်ထား ပြောဆိုကြပေမည်။
အစ္စလာမ်တွင် ချမ်းသာသူများထံမှ ဥစ္စာဓနများ အရယူ၍ ဆင်းရဲသူများအား ပြန်လည်မျှဝေမည့် ရော်ဘင်ဟုဒ် (Robin Hood) ကဲ့သို့ လူစားမျိုး မလိုအပ်။ အကြောင်းမှာ ကြွယ်ဝချမ်းသာသူက မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ရမည့် မပြုမနေရ တာဝန် ၀တ္တရားကို ပြဋ္ဌာန်းထားသောကြောင့်ဖြစ်ပေသည်။ အစ္စလာမ်သာသနာ၌ လူတစ်ဦး တစ်ယောက်အား အလွန် ချမ်းသာကြွယ်ဝ မသွားစေအောင် အခြေခံကျကျတားမြစ်ချက် ဟူ၍ မရှိကြောင်း၊ မိမိဝန်းကျင်မှ လူ့အဖွဲ့အစည်း တိုးတက်ရေး အပေါ် ကောင်းကျိုးဆောင်စေမှု တစ်ရပ်သာဖြစ်ကြောင်း ရည်ညွှန်းခြင်းသာ ဖြစ်သည်။
ဇကာ့သ်ဒါန နှင့် (သာမန်)အလှူဒါန ကွာခြားပုံ
ဇကာ့သ်၏အကြောင်း ပြောကြားပါက ကျွန်ုပ်တို့သည် “ဆွဒကဟ်” မည်သော အလှူဒါန၏ အယူအဆဖြင့် မှားယွင်းစွာ ဖွင့်ဆိုတတ်ကြပါသည်။ ဆွဒကဟ် ကိုလည်း အလှူဒါန ဟူ၍သာ လက်ဆင့်ကမ်း အနက်ပြန်လေ့ရှိကြသည်။ ထိုအရာနှစ်ခုစလုံးသည် မိမိတို့၏ဥစ္စာဓနများဖြင့် မိမိတို့ထက် ဆိုးဝါးစွာ လိုအပ်နေသူများအား လှူဒါန်းပေးကမ်းသည့် အဓိပ္ပာယ် သဘောကိုပင် ဆိုလိုခြင်းဖြစ်သည်။
ယင်းအလှူဒါနနှစ်မျိုး အကြား အဓိကကွာခြားချက် အချို့ရှိသည်။ ဇကာ့သ် ဆိုသည်မှာ သတ်မှတ်ထားသော ပမာဏတစ်ခုအထိ အနိမ့်ဆုံးပိုင်ဆိုင်ထားပြီး၊ ၄င်းအနက်မှ သတ်မှတ်ချက် အတိုင်း နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ရသည့် မပြုမနေရ ကျင့်ဝတ်တစ်ခုဖြစ်သည်။ ထိုအမှုကို စွန့်လွှတ်ပါက အပြစ်ထိုက်သက်ပြီး နောင်တမလွန် ၀ယ် ပြစ်ဒဏ်ခံစားရမည်ဖြစ်သည်။ ဆွဒကဟ် ဆိုသည်မှာကား ပိုင်ဆိုင်မှုပမာဏနှင့် မသက်ဆိုင်ဘဲ မိမိ၏စေတနာအလျောက် လှူဒါန်းမှုဖြစ်သည်။ ပေးအပ်လိုက် သော အလှူဒါနတစ်မျိုးဖြစ်ပြီး၊ နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မပြုလုပ်ပါက အပြစ်ထိုက်သက်မှု မရှိချေ။ ဇကာ့သ်ကို အစ္စလာမ့်ပြက္ခဒိန်၏ တစ်နှစ်တာအကန့်အသတ်အတွင်း ပေးကမ်းလှူဒါန်းရန် စည်းမျဉ်းရှိသော်လည်း ဆွဒကဟ်ကိုမူ မည်သည့်အခြေအနေ၊ အနေအထားမှာ မဆို ပေးကမ်းလှူဒါန်းနိုင်ပေသည်။
ဇကာ့သ်တွင် ၀င်ငွေအပေါ် မူတည်၍ မည်မျှလှူဒါန်းရမည်ကို သတ်မှတ်ထားချက်ရှိသည်။ ဆွကဒဟ်ကမူ ကောင်းမှုအမျိုးအစားပေါ်မူတည်၍ ကျယ်ပြန့်သောအဓိပ္ပာယ်ထွက်သည်။ တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းသာယာခြင်းနှင့် မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ၏ မိန့်ဆိုပြောကြားချက် တစ်ခုတွင် အသင်တို့သည် ညီနောင်တစ်ဦးတစ်ယောက်အား ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည်ပင်လျှင် အလှူဒါန(ဆွဒကဟ်) ပြုရာရောက်၏ – ဟူ၍ တွေ့နိုင်ပေမည်။ ဤသည်မှာ ဇကာ့သ် နှင့် ဆွကဒဟ် အကြားရှိ ခြားနားချက် အချို့မျှသာ ဖြစ်သေး၏။
ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားနှစ်ရပ် စလုံးကို အစ္စလာမ့်အခြေခံအရင်းအမြစ်ဖြစ်ကြသော ကုရ်အာန်ကျမ်းတော်တွင်လည်းကောင်း၊ တမန်တော်မြတ်၏သြ၀ါဒတော် (ဟဒီးဆ်)တွင်လည်းကောင်း ခြေမြစ်နက်ရှိုင်းစွာ ဖော်ပြထားပေသည်။ ထိုရင်းမြစ်နှစ်ရပ်စလုံးအတွင်း၌မူ ဤသဘောတရားနှစ်မျိုးကို ဝေါဟာရသီးသန့်စီဖြင့် ခွဲခြားဖော်ပြထားခြင်းတော့ မရှိပါ။ ဥပမာတစ်ခုဆိုရသော် ကုရ်အာန် ကျမ်းတော်အတွင်းရှိ မုက္ခပါဌ်တော် (၉:၆၀) တွင် ဇကာ့သ်ပေးထိုက်သူများအား ရည်ညွှန်းရာ၌၊ ဇကာ့သ် “zakah” ဟူသောစာလုံးအား အသုံးမပြုဘဲ “sadaqat” ဟူသော ဝေါဟာရကိုသာ သုံးနှုန်းထားလေသည်။ အသုံးအနှုန်းနှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသောကြောင့် ထိုအကြောင်းအရာနှစ်ခုကို ကွဲပြားအောင် ခွဲခြားရန် စံနစ်တကျလေ့ကျင့်သင်ကြားထားခြင်းမရှိသူအဖို့ခက်ခဲလှပေသည်။
ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားများကို အပြည့်အ၀နားလည်ရေး၌ အကြီးမားဆုံးအဟန့်အတားမှာ မူရင်းအရဗီ အသုံးအနှုန်းအစား ဘာသာပြန်ချက်များအား အသုံးပြုခြင်းပင်ဖြစ်သည်။ အခြားဘာသာ စကားဖြင့်ပြန်ဆိုထားသည့် ဝေါဟာရများမှာ မူရင်းရည်ရွယ်ချက်နှင့်ထပ်တူထပ်မျှ မဖြစ်ဘဲ စကားလုံး ဖလှယ်ပြီးဖော်ပြထားချက် သာဖြစ်သည်ကို ကျွန်ုပ်တို့မှ မကြာခဏတွေ့နေရပေသည်။ ဇကာ့သ်အား “အလှူဒါနပေးခြင်း”ဟု ပြန်ဆိုပါက လုပ်ရပ်တစ်ခု၏ မြင်သာသောပုံဟန်ကို အခြေတည်၍ ဖော်ပြသည့် စကားလုံးသာ ဖြစ်သွားပေမည်။ ဆွဒကဟ် သည်လည်း အလှူဒါနပေးခြင်းဟူသော လုပ်ရပ်ကိုပင် ဖော်ညွှန်းနေသည်။ ထို့ကြောင့် “အလှူဒါနပေးကမ်းခြင်း” ဟု သုံးစွဲပါက လုပ်ဆောင်မှုအား ခြုံငုံဖော်ပြချက်တစ်ရပ်သာဖြစ်ပြီး သက်ဆိုင်ရာရည်ရွယ်ချက်ကိုဖော်ပြမှုမဟုတ်ကြောင်း သိရပေမည်။
ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ကျွန်ုပ် အလွန်နှစ်သက်သည့် ကုရ်အာန် မုက္ခပါဌ်တော် တစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။
“ အို – (မုအ်မင်န်) သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက် ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန် မိစ္ဆာကောင်၏ခြေရာများကို လိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန် မိစ္ဆာကောင်သည် (ထိုသူအား) ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှုဒုစရိုက်ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် နှင့် ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦး တစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (၀န်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (၀န်ချတောင်း ပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင် ဖြစ်တော်မူပေသတည်း ” ။ ရောင်ခြည်တော်ကဏ္ဍ (၂၄း၂၁) (An-Nur 24: 21)
ဤမုက္ခပါဌ်တော်သည် အလ္လာဟ့်နှစ်မြို့မှုအတွက်လှူဒါန်းသုံးစွဲခြင်းနှင့် မည်သို့သက်ဆိုင်မှုရှိသနည်းဟု အသင် မေးမြန်းလိုပေလိမ့်မည်။ သို့သော် မူရင်းအရဗီဘာသာဖြင့် ရေးသားချက်အား စေ့စပ်သေချာစွာလေ့လာပါက “စင်ကြယ်သန့်ရှင်းလွတ်ကင်း” ဟူသော စကားလုံးများမှာ ဇကာ့သ်၏မူရင်းပုဒ်မှ တစ်ဆင့် ဆင်းသက်လာကြောင်း တွေ့ရှိရပေမည်။
အများသုံးဘာသာပြန်များတွင် လုပ်ဆောင်ပုံ/လုပ်ရပ်အား ဖော်ပြထားသော်လည်း မူလဝေါဟာရအသုံးအနှုန်းများကတော့ လုပ်ဆောင်မှု၏ရည်ရွယ်ချက်အား ဖော်ညွှန်းထားသည်။ ဇကာ့သ်ပေးအပ်ခြင်းသည် မိမိကိုယ်ကို (လောဘ၊ စေးနည်းမှု၊ တွယ်မက်မှု စသည်တို့မှ) သန့်စင်သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဆွဒကဟ် အတွက်လည်း ကုရ်အာန်တွင် မှန်ကန်ဖြောင့်မတ်မှု (truthful) သို့မဟုတ် အတည်ပြုခြင်း (confirming) စသည့် အဓိပ္ပါယ်သက်ရောက်သော ဝေါဟာရများသုံး၍ ပုံဟန်အသွယ်သွယ်ဖြင့် အကျယ်တ၀င့်ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်၏။
လူတစ်ဦးတစ်ယောက်အား အဆင်ပြေပါစေ ဟုပြောဆိုလိုက်ခြင်းသည် အသင့်အဖို့ လွယ်ကူသော နှုတ်၏စောင်မခြင်းဖြစ်သော်လည်း သင်၏အိပ်ကပ်ထဲမှ ထိုလူအား ဆွဒကဟ် ပေးအပ်လိုက်ခြင်းက အသင်၏ အသင်ကိုယ်တိုင်အတည်ပြုလိုက်သဖြင့် (လုပ်ရပ်ဖြင့်သက်သေပြသဖြင့်) အသင်သည် မှန်ကန်ဖြောင့်မတ်သူ ဖြစ်လေ၏။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာခြင်းနှင့်မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ကလည်း ဤသို့ ဆိုထားပါသည်။
“ ဆွဒကဟ်သည် သက်သေအထောက်အထားတစ်ခုပင်ဖြစ်သည် ” (မွတ်စ်လင်မ် သြ၀ါဒတော်ကျမ်း)
မွတ်စ်လင်မ်လောကအတွင်း နှစ်စဉ်နှစ်တိုင်း ဇကာ့သ် သို့မဟုတ် ဆွဒကဟ်အတွက် အသုံးပြုငွေသည် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ မှ ၁ ထရီလီယန် အကြား၌ ရှိနေကြောင်း အစ္စလာမ့်ရေးရာငွေကြေး လည်ပတ်မှုသုတေသီများက ခန့်မှန်းတွက်ဆကြသည်။ အခြားလှူဒါန်းမှုများနှင့်နှိုင်းယှဉ်ကြည့်ပါက (၂၀၁၁ ခုနှစ်မှတ်တမ်းအရ) ကမ္ဘာတစ်ဝှန်းရှိ လူသားချင်းစာနာထောက်ထားရေး လှူဒါန်းငွေပမာဏ၏ ၁၅ ဆကျော် သာလွန်နေကြောင်းကို တွေ့ရှိရသည်။ အလွန်ကြီးမားစွာသော ဤ အလှူငွေရေစီးကြောင်းသည် ကမ္ဘာပေါ်ရှိ အငတ်ဘေးဆိုက်သူများ၊ အလွန်အမင်း ဆင်းရဲဒုက္ခရောက်နေသူများထံသို့ စီးဆင်းလျက် လိုအပ်နေသော လူထုအကျိုးပြုလုပ်ငန်းများကိုလည်း ဖြစ်ပေါ်လာစေသည်။
သို့တစေ မြောက်များလှစွာသော လှူဒါန်းမှုဒါနသည် ချို့တဲ့သူများထံသို့ ပမာဏအနည်းငယ်သာ တိုက်ရိုက်ရောက်ရှိနေကြသည်။ ယင်းသို့ဖြစ်ခြင်းမှာ မှားယွင်းနေသည်ဟု မဆိုသာသော်လည်း ရေရှည်တိုးတက်မှု၌ လိုအပ်သော အဓိကရင်းနှီးမြှုပ်နှံမှုများကို ထိုအရာက တားဆီးရာရောက်နေ၏။ ထို့အတူ ငွေပမာဏကြီးတစ်ရပ်ကို လွှဲချော်မှားယွင်းစွာ စီမံခန့်ခွဲမိပါက အလဟဿ ဖြုန်းတီးမှုသော်လည်းကောင်း၊ မထိရောက်သော အသုံးချမှုသော်လည်းကောင်း ဖြစ်သွားပါသည်။
အစ္စလာမ့်လူ့ဘောင်သမိုင်းအား ပြန်လည်လေ့လာကြည့်ရှုလိုက်ပါလျှင် ဇကာ့သ်ပေးအပ် လှူဒါန်းမှုတစ်ခုတည်းဖြင့် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေမှုကို ပပျောက်သွားစေသော ခေတ်ကာလများ ရှိခဲ့ဖူးလေသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ သတ်မှတ်ဒါနများ နှင့် ဆန္ဒအလျောက်အလှူဒါနများကို နည်းလမ်းတကျအသုံးပြု၍ အခြားလူ့အသိုင်းအ၀ိုင်းများအဖို့ တောက်ပရွှန်းလဲ့သော စံပြလူ့ဘောင်တစ်ရပ် ဖြစ်လာအောင် ဖန်တီးဖော်ဆောင်ခြင်းဖြင့် ကမ္ဘာ့မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဝင် ကျွန်ုပ်တို့မှ ထိုခေတ်ကာလမျိုးကို ပြန်လည်ရရှိအောင် ယခုခေတ်၌ ကြိုးစားအားထုတ်သင့်လှပေ၏။
Ref:OnIslam
===========================================================
(ဗဟုသုတအလို့ငှာ အချက်အလက်အချို့)
မွတ်စ်လင်မ်တစ်ဦးအဖို့ ဇကာ့သ် ထုတ်နိုင်သည့် ဥစ္စာဓနပမာဏတစ်ရပ်(နိစာ့ဗ်)ကို အသားတင်ပိုင်ဆိုင်မှုအဖြစ် မိမိ၏လက်ဝယ်၌ တစ်နှစ်တိတိရှိပြီးနောက်တွင် ၄င်းပမာဏ၏ ၂.၅ % နှုန်း(တစ်ရာကျပ်လျှင် ၂.၅ ကျပ်နှုန်း) မဖြစ်မနေ ထုတ်၍ လှူဒါန်းပေးကမ်းကြသည်။ တစ်နှစ်ကာလဟူသည် အစ္စလာမ့်ပြက္ခဒိန်အရ တွက်ချက်ယူရသည်။ မိမိနှစ်သက်သော (အရဗီ)လကို သတ်မှတ်နိုင်သည်။ သို့သော် သတ်မှတ်မှုလွယ်ကူရန်လည်းကောင်း၊ ဥပုသ်လ – ရမဿွာန်လသည် အစ္စလာမ့်ပြက္ခဒိန်အရ အမွန်မြတ်ဆုံးလ တစ်လဖြစ်ခြင်းကြောင့် လည်းကောင်း အများစုက ရမဿွာန်လတွင် ဇကာ့သ်ပေးလှူကြခြင်းဖြစ်သည်။ ပိုင်ဆိုင်မှုဟုဆိုရာ၌ ရွှေ၊ ငွေ(ငွေထည်)၊ အိမ်မွေးတိရစ္ဆာန်များ စသည်ဖြင့် သီးသန့်သတ်မှတ်ချက် ကိုယ်စီဖြစ်သည်။ လူအများစုမှ လွယ်ကူစွာ နားလည်စေရန် ရွှေ နှင့် ငွေ(ထည်) ၏ အချိန်အတွယ် နိစာ့ဗ်ကို မြန်မာလိုဖော်ပြပါသည်။
ရွှေပိုင်ဆိုင်မှု ၅ ကျပ်၊ ၄ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။
ငွေထည်ပိုင်ဆိုင်မှု ၃၆ ကျပ်၊ ၁၃ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။ (ခေတ်ကာလ၏ပေါက်ဈေးအတိုင်း တွက်ချက်ရပါမည်)။ ပိုင်ဆိုင်မှုသည် ယင်းပမာဏအောက်၌သာရှိလျှင် ဇကာ့သ် ထုတ်ရန် တာဝန်မရှိပါ။
ကျွဲနွား၊ သိုး၊ ဆိတ်၊ ကုလားအုပ် စသည့် တိရစ္ဆာန်များနှင့်ပတ်သက်၍လည်း သီးသန့်သတ်မှတ်ချက်များရှိသည်။ အသေးစိပ်ကိုအကျယ်တ၀င့်သိလိုပါက နီးစပ်ရာပညာရှင်များထံ မေးမြန်းနိုင်ပါသည်။
Comments