M-Media
ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃
မူရင်း – AP သတင်းထောက်များဖြစ်ကြသည့် ရန်ကုန်မှ အေးအေးဝင်းနှင့် ရတနာထွန်း၊ ဘန်ကောက်မှ ဂျိုးဆလင်းဂက်ကား၊ နယူးဒေလီမှ တင်မ်ဆူလေဗန်တို့ ဤသတင်းအား ပါဝင်ရေးသားခဲ့ကြပါသည်။ (www.boston.com/news/world/asia/2013/07/29/myanmar-internal-spy-network-lives/rIO4L7DS34yOMZcH87kxtL/story.html)
မြန်မာပြန်နှင့် တည်းဖြတ် – M-Media
မြန်မာအစိုးရက ပြည်သူတွေကို ပိုပြီးလွတ်လပ်တဲ့ အခွင့်အလမ်းတွေ ပေးသွားမယ်လို့ ကတိပေးခဲ့တာဟာ အခုဆိုရင် ၂ နှစ်တောင်ကြာခဲ့ပါပြီ။ ဒါပေမယ့် အရပ်သား အ၀တ်အစားနဲ့ ထောက်လှမ်းရေးအရာရှိတွေကတော့ အရင်ကျောင်းသားခေါင်းဆောင်ဟောင်း၊ တက်ကြွလှုပ်ရှားသူ မြအေးတစ်ယောက် ဘယ်ရောက်နေလဲ၊ သူဘယ်တော့ ပြန်လာမလဲ စတဲ့မေးခွန်းတွေ လာပြီးမေးနေတုန်းပါပဲလို့ ဆိုပါတယ်။
နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ စာရေးဆရာတွေနဲ့ သံတမန်တွေကလည်း သူတို့တတွေရဲ့ အစောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။ သွားလေရာ ကို မော်တော်ဆိုင်ကယ်တွေနဲ့ အနီးကပ်လိုက်ကြတယ်။ မကြာမကြာ ဖုန်းတွေဆက်ပြီး မေးမြန်းကြတယ်၊ မျက်နှာတန်းမိနေတဲ့ အဲဒီလူတွေကို လူထူထပ်တဲ့ လ္ဘက်ရည်ဆိုင်နဲ့ လမ်းတွေပေါ်မှာ တွေ့နေရတယ်။
“အရင်တုန်းကလောက်တော့ မဆိုးတော့ပါဘူး၊ ဒါပေမယ့် ဒါမျိုးကြောင့် တကယ့်ကို အနှောင့်အယှက်ဖြစ်ရပါတယ်။ သူတို့က ကျွန်တော်တို့ကို ရာဇ၀တ် သား တွေလို ဆက်ဆံကြတယ်လေ။ အရှက်ခွဲမယ်၊ ဒါမျိုးပေါ့၊ ကျွန်တော်တို့ မိသားစုတွေအပေါ်မှာလည်း ဒီအတိုင်းပါပဲ။ ဒါက မလေးမစားလုပ်ရာကျ သလို ခြောက်လှန့်တာမျိုးလည်းပါတယ်။ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး။” ဟု ပြည်သူအများ၏ ရပိုင်ခွင့်များအတွက် ဘ၀ကို ရင်းနှီးကာ ဆောင်ရွက်ပေးနေ တဲ့ ကိုမြအေးက ပြောပြပါတယ်။
ကိုမြအေးကတော့ ၁၉၈၈ တုန်းက ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ အာဏာရှင် စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက တစ်ဦးပါ။ သူတို့ရဲ့ ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။ စစ်အစိုးရကတော့ ဆယ်စုနှစ် ၅ ခုနီးပါး တိုင်းပြည်ကို အုပ်ချုပ်သွားပြီး အရမ်းကို အင်အားကြီး မားတဲ့ ထောက်လှမ်းရေး ကွန်ယက်ကြီးကို ဖွဲ့စည်းပြီး သူတို့ကို ဆန့်ကျင်တဲ့သူတွေအပေါ်မှာ လိုက်ပြီးစုံစမ်းထောက်လှမ်းနေတော့တာပါပဲ။
လွန်ခဲ့တဲ့ နှစ်အတွင်းကပဲ ကိုမြအေးနဲ့ အခြားသော အတိုက်အခံတွေ ထောင်က လွတ်လပ်ခဲ့ကြတယ်။ ပါးစပ်တွေ ပိတ်နေအောင် ခြောက်လှန့်မှုတွေ က ကြောက်ရွံလူတန်းစားကြီးတွေရဲ့ နှလုံးသားထဲကို စိမ့်ဝင်လို့နေပါတယ်။
ဦးသိန်းစိန် သမ္မတဖြစ်တော့ ဖိနှိပ်မှု သိသိသာသာ လျော့နည်းလာခဲ့တယ်။ သူကလည်း အရင်က စစ်ဗိုလ်ချုပ်တစ်ဦးရယ်ပါ။ ၂၀၁၁ တုန်းက အတိုက် အခံတွေ သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲကနေ သမ္မတတက်ဖြစ်လာခဲ့တာပါ။ သူက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်၊ စာနယ်ဇင်းတွေကို ဆင်ဆာဖျက်သိမ်းပေးတယ်။ ဒါ့ပြင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကလည်း အမှန်တကယ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမယ့် အစိုးရက သူ့လူတွေကို ပြန်ပြီး စပိုင်လုပ်ထောက်လှမ်းနေတာမျိုးကိုတော့ မရပ်တန့်သေးပါဘူး။
အဲန်အလ်ဒီရဲ့ ဥပဒေပြုလွှတ်တော်အမတ် ဦးဝင်းထိန်ကတော့ – “အကျင့်ဟောင်းက ဖျောက်ရခက်တယ်လေ” လို့ မှတ်ချက်ပြုပါတယ်။ သူကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၂၀ လောက် ထောင်ထဲနေခဲ့ရသူပါ။ သူက AP သတင်းဌာနကို ဖုန်းနဲ့ စကားလှမ်းပြောတော့ ရဲတွေက ဖုန်းလိုင်းကို ထိန်းချုပ်ပြီး (ကြားဖြတ်) နားထောင်မှာ စိုးရိမ်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။
အတိုက်အခံ (အထူးသဖြင့် NLD ပါတီ) ပါတီရဲ့ ဌာနချုပ်ရုံးတွေ တည်ရှိရာ နေရာတွေက လ္ဘက်ရည်ဆိုင်လိုနေရာမျိုးမှာတော့ အစိုးရ ဌာနပေါင်းစုံက လုံခြုံရေးအရာရှိ (ထောက်လှမ်းရေး) ခြောက်ယောက်ကနေ ရှစ်ယောက်လောက်အထိ နေ့တိုင်းတွေ့နေရပါတယ်။ သူတို့တွေက မှတ်စုတွေ ရေးနေမယ်၊ တယောက်ဝင် တယောက်ထွက် ဂျူတီချိန်းတာမျိုး လုပ်ကြတယ်၊ ပုံမှန်အားဖြင့်တော့ မျက်မှန်းတန်းမိနေတဲ့ လူတွေပါပဲ။
နိုင်ငံတ၀ှမ်း ဒါမျိုးထောက်လှမ်းရေး ဘယ်လောက်ရှိသလဲတော့ မသိပါ။ ဒါပေမယ့် အနည်းဆုံး သတင်းစုဆောင်းရေးဘက်က အဓိကဌာနကြီးနှစ် ခုကတော့ အလုပ်လုပ်နေကြတုန်းပါပဲ။ အဲဒီနှစ်ခုကတော့ စစ်ရေးလုံခြုံမှုရုံးနဲ့ စပ်စုတတ်တဲ့ အထူးရဲတပ်ဖွဲ့ (SB) တို့ဖြစ်ပါတယ်။ အထူးရဲတပ်ဖွဲ့ (SB) ကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို သတင်းပေးပို့ရပါတယ်။
အလတ်တန်းစား ရာထူးရှိပြီး အဆက်အသွယ်လည်း တော်တော်ကောင်းတဲ့ ၀န်ထမ်းတစ်ဦးက အခုအခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် ရာထူး အဆင့် အနိမ့်အမြင့် ပုံစံမျိုးမရှိတော့ဘူးလို့ ဆိုပါတယ်။ သူကတော့ မီဒီယာနဲ့ စကားပြောခွင့်မရှိတာကြောင့် အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ အတွေ့အကြုံနဲပြီး ငယ်ရွယ်တဲ့ ၀န်ထမ်းတွေကတော့ မျက်နှာစိမ်းတွေ ဒါမှမဟုတ် မသင်္ကာဖွယ် လှုပ်ရှားမှုတွေအတွက် အာရုံစိုက် စောင့်ကြည့်ပြီး သူတို့အထက်က ၀န်ထမ်းတွေဆီ သတင်းပေးရပါတယ်တဲ့။
ဒီလို အတွေ့အကြုံနည်းပြီး ငယ်ရွယ်တဲ့ရဲဝန်ထမ်းတွေကတော့ တခါတလေ အကြမ်းထည်တွေဝတ်မယ်၊ တခါတလေလဲ ရုပ်ပြောင်အ၀တ် အစားတွေဝတ်ပြီး လှုပ်ရှားကြတာမျိုးပါ။ ဒါပေမယ့် သူတို့ကို သတိထားမိခြင်းမရှိအောင်လို့တော့ တော်တော်ကြီးပြင်ဆင်ထားတာမျိုး မဟုတ်ပါ။
ဒီနှစ်အစောပိုင်းက မိတ္ထီလာအဓိကရုဏ်းကိစ္စနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်ကို စုံစမ်းဖို့ AP သတင်းထောက်တွေ သွားခဲ့ပါသေးတယ်။ အဲဒီလို မျိုး စောင့်ကြည့်နေတဲ့လူတွေက နေရာတိုင်း ရှိနေတာပေါ့။ နှစ်ယောက်ကတော့ မော်တော်ဆိုင်ကယ်နဲ့ နောက်က ကပ်လိုက်လာသေးတယ်။
မန္တလေးကျတော့ ဟိုတယ်အပြင်ဘက်မှာလည်း တော်တော်များများ စောင့်ကြည့်နေကြတယ်။ သူတို့ကြည့်နေကြရတဲ့အကြောင်းရင်းကတော့ ကျနော်တို့ သတင်းထောက်အဖွဲ့က သူတို့ကို မျက်ခြေဖြတ်နိုင်အောင် ကြိုးစားနေကြလို့ပါ။ နောက်ဆုံးတော့ လူစည်တဲ့ ဘုရားကျောင်းထဲ ၀င်လိုက်ကြပြီး နောက် ဘက်ကို ခပ်သုတ်သုတ်လေး လျောက်လိုက်ကြတယ်။ လူသတ်ကောင်တွေလက်က လွတ်ပြီး အသက်ရှင်ကျန်ရစ်တဲ့သူအချို့ ကို အင်တာဗျူးခွင့် ရခဲ့တယ်။ သူတို့က အာဏာပိုင်တွေလာပြီး သူတို့ကို အရှက်တကွဲအကျိုးနဲစေမှာလားဆိုပြီး တော်တော်လေး စိုးရိမ်နေကြတာပါ။ ဘယ်လောက် ထိအောင်လဲဆိုရင် သူတို့အိမ်ထဲမှာတောင် ကျွန်တော်တို့ကို စကားပြောခဲ့ကြတာမဟုတ်ဘူး။
သမ္မတရုံးက ပြောခွင့်ရတဲ့ (ဦး) ရဲထွဋ်ကတော့ အဲဒါမျိုးနေ့တွေ လွန်ခဲ့ပါပြီတဲ့လေ။ “အထူးရဲဌာန(SB) က ဂျာနယ်လစ်တွေကို စောင့်ကြည့်တာမျိုး မလုပ်တော့ပါဘူး” လို့ သူကပြောခဲ့တာပါ။ သူ့ကို အဖြစ်အပျက်တွေပြောပြပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတော့ သူက ဒါတွေက အမှားမှားအယွင်းယွင်း ကောက်ချက်ချတာတွေဖြစ်တာကြောင့် မှတ်ချက်မပေးနိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ကတော့ စစ်အစိုးရလက်ထက်တုန်းက အဲဒီထောက်လှမ်းရေးတွေကပဲ အကျဉ်းသားတွေသာမက ခေတ္တထိန်း သိမ်းထားသူတွေကို ပါ ညှင်းပမ်းနှိပ်စက်တယ်လို့ ဆိုပါတယ်။ သူတို့က ကန်ကျောက်မယ်၊ ရိုက်နှက်မယ် ဒါမှမဟုတ် အိပ်လို့မရအောင် လုပ်ထားမယ်၊ ဒါမျိုးနည်းတွေနဲ့ နှိပ်စက်ကြတာပါ။ တချို့ဆိုရင် သတိလစ်သွားတာမျိုးထိ ဖြစ်ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက မအောင်မမြင်ဖြစ်ခဲ့ရတဲ့ သံဃာတွေခေါင်းဆောင်တဲ့ ရွှေဝါရောင်အရေးအခင်းတုန်းကလည်း ဒီ SB ခေါ် အထူးရဲတပ်သားတွေကပဲ ဆန္ဒပြသူတွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပြီးတော့မှ တစ်ယောက်ချင်းစီလိုက်ဖမ်းတော့တာပဲ။
“ဖမ်းဆီးမှုတွေ၊ ထိန်းသိမ်းမှုတွေ (အခုထိ) ရှိနေတုန်းပါပဲ။ တခါတလေ နှိပ်စက်ညှင်းပမ်းမှုတွေလည်း ရှိပါတယ်။” လို့ နယူးယောက်မြို့အခြေဆိုက် (HRW) ခေါ် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ မြန်မာပြည်ရေးရာ ကျွမ်းကျင်သူ ဒေးဗစ် မတ်သီးအေဆင်က ပြောပါတယ်။ အချို့သော ကိစ္စတွေတော်တော်များများက နက်နက်ရှိုင်းရှိုင်းကို ဖြစ်ပျက်နေတာပါ။ အချို့သော အခြေအနေတွေကိုတော့ မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူ အုပ်စုတွေက သတင်းပေးပို့ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ထောက်လှမ်းရေးက ပြစ်မှတ်တွေကို ရည်ရွယ်ပြီး လုပ်ဆောင်နေတုန်းပါ။ ဒါကို မတ်သီးအေဆင်ကတော့ “မူမမှန်တဲ့ဗီဇအထုံ” လို့ သမုတ်ခဲ့ပါတယ်။ သူက – “လျို့ဝှက်ရဲသားတွေက အသွင်ကူးပြောင်းရေးမှာ နောက်ဆုံးမှ ပါဝင်လာမယ့် (လူစားမျိုးပဲ)။ အထူးသဖြင့် သူတို့ နှိပ်စက်ခဲ့တဲ့ သူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ ဒီအသွင်ကူးပြောင်းရေးမှာ ဗဟိုချက်မက ပါဝင်နေတဲ့ အခါမျိုးမှာ (ဒီလူတွေက နောက်ဆုံးတန်းကမှ ပါဝင်ကြပါတယ်။)” လို့ ဆိုပါတယ်။
ဒါ့ပြင်သူက – “အခုအခါမှာ သူတို့အတွက် စိန်ခေါ်မှုက သူတို့လိုက်ပြီးစောင့်ကြည့်ရမယ့် လူတန်းစားက အရမ်းကို များပြားလာတာပဲဖြစ်တယ်။ ဗမာတွေရော၊ နိုင်ငံခြားသားတွေရောပဲ။ ဒါ့ပြင် သူတို့ဆောင်ရွက်ရမယ့် မသေချာတဲ့ အမှုအခင်းတွေနဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး (ပေါ်လစီ) အစီအစဉ်တွေလည်း ရှိနေသေးတယ်။ ၂၀၁၁ မတိုင်ခင်က ရဲ၊ တရားရုံးနဲ့ စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေအတွက် တရားဥပဒေစိုးမိုးရေးကို ဗန်းပြနိုင်ကြတာပေါ့။ ဒီလိုဗန်းပြပြီးပဲ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်မယ်၊ ဝေဖန်သူတွေကို ထောင်ထဲထည့်တယ်။ ဒီလိုအလုပ်တွေ ဆက်မလုပ်ဖို့ သူတို့ဆီမှာ အစီအစဉ်မရှိတာကြောင့် (ဂျာနယ်လစ်တွေနဲ့ ဝေဖန်သူတွေ) သတိထားကြရမှာပေါ့။” လို့ ပြောပါတယ်။
မြေယာကိစ္စတက်ကြွလှုပ်ရှားသူ ကိုဝင်းချိုကတော့ ဒါမျိုး ပြဿနာတွေကို သူ့နည်းသူဟန်နဲ့ ဖြေရှင်းနေပါတယ်တဲ့။ သူက အခုလိုပြောပြပါတယ်။
“ကျွန်တော်က သူတို့က ကျွန်တော်ဘာလုပ်မလဲဆိုတာ အားလုံး ပြောပြလိုက်တာပဲ၊ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တော့မယ်ဆိုရင် SB ကို ဖုန်းဆက်ပြီး ဘယ်နေရာ ဘယ်အချိန်ဆိုတာ ပြောလိုက်တယ်။ ဒီလိုဆိုတော့ ကျွန်တော့်နောက် သူတို့ (နောက်ဆံတင်းပြီး) မလိုက်တော့ဘူးလေ။ သူတို့ အားလုံးသိပြီးပြီပဲ။” ကိုဝင်းထိန်ကတော့ မကြာခဏ ရန်ကုန်ပြင်ပကို ခရီးထွက်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ အာဏာပါဝါနဲ့ ချမ်းသာကြွယ်ဝသူများရဲ့ လယ်ယာမြေအသိမ်းခံ လယ်သမားများအရေးအတွက် ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ပေးဖို့ပါပဲ။
ဒေသဆိုင်ရာ ရဲတွေမှာတော့ သူတို့ကိုယ်ပိုင် ထောက်လှမ်းရေးအေးဂျင့်တွေ ရှိပါတယ်။ မိတ္ထီလာမှာ AP သတင်းထောက်တွေကို နောက်ကလိုက် တဲ့ ထောက်လှမ်းရေးသမားတစ်ယောက်က ဦးဝင်းထိန်(NLD အမတ်) ကို အဲဒီမြို့မှာပဲ လွန်ခဲ့တဲ့ လအနည်းငယ်က နောက်က လိုက်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဘာကြောင့်ဆိုတာတော့ မပြောပါဘူး။ မိတ္ထီလာမှာ အဓိကရုဏ်းဖြစ်တော့ ရဲတွေ အာဏာပိုင်တွေက ဟန့်တားဖို့ ပျက်ကွက်တာနဲ့ပတ်သတ်ပြီး ဦးဝင်းထိန်က အက္ခရာအကျဆုံး (သိရှိထားသူ) လည်းဖြစ်ပါတယ်။
စစ်တွေမှာ မွတ်စလင်မိသားစုတွေဆီ AP သတင်းထောက်တွေသွားတော့လည်း ဒါဇင်ဝက်လောက်ရှိတဲ့ ရဲတွေက ရိုင်ဖယ်တွေကိုင်ပြီး နောက်ကနေ တလှမ်း ချင်းဆီ လိုက်လာကြတယ်။ သူတို့ကကြားသမျှကို မှတ်စုထဲ ရေးကြတယ်။ နေစရာပျောက်ခဲ့တဲ့ သူတွေကို အင်တာဗျူးလုပ်တော့လည်း ရဲအရာရှိ တစ်ယောက် ရပ်နေခဲ့တယ်။ ပြီးတော့မှ ဂျာနယ်လစ်တွေကို ဘယ်သူ့ကို အင်တာဗျူးတာလဲ၊ ဘာတွေမေးသလဲ စသဖြင့် စစ်လားဆေးလား လုပ်ပါတယ်။
ဒီနှစ်အစောပိုင်းကတော့ မူးယစ်တိုက်ဖျက်ရေးဘက်က ရဲသားသုံးယောက်က AP သတင်းထောက်အဖွဲ့ ကုလ မူးယစ်အေဂျင်ဆီနဲ့အတူ ကြမ်းတမ်းတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တောင်တန်းတွေကိုဖြတ်ပြီးခရီးသွားတော့ နောက်ကနေ လိုက်ခဲ့ကြသေးတယ်။
သူတို့ကတော့ ဒီအရပ်တွေမှာ ဆယ်စုနှစ်များစွာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတာကြောင့် ဂျာနယ်လစ်တွေ လုံခြုံရေးအတွက် လိုက်ရတာပါလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့က ဂျာနယ်လစ်တွေကို ရွာသားတွေနဲ့ အင်တာဗျူးလုပ်တဲ့အခါတိုင်း ဗွီဒီယို မှတ်တမ်းတင်တယ်။ ညတိုင်း အဲဒီရဲတွေက လက်ရေးမူနဲ့ရေးထားတဲ့ အစီရင်ခံစာတွေကို ဖက်ဆ်သုံးပြီး နေပြည်တော်ဌာနချုပ်ကို အစီရင်ခံကြတယ်။
ရဲအကြီးအကဲ မေဂျာ ဇော်မင်းဦးကို ဘာကြောင့် ဒီလိုလုပ်သလဲမေးတော့ “ကျွန်တော်တို့က ခင်ဗျားတို့ ဘာတွေလုပ်တယ်ဆိုတာ မှတ်တမ်းသိမ်း ထားချင်တယ်၊ ဘယ်သူတွေနဲ့စကားပြောလဲ၊ ဘာစားလဲ စသဖြင့်ပေါ့၊ ခင်ဗျားတို့က ကျွန်တော်တို့ ဧည့်သည်တွေလေ” လို့ ဆိုပါတယ်။
Comments