6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ-၁၁ရက်- ၂၀၁၃
M-Media
ေ၇းသူ- အိမ်ဝေးသူ (KZ)

cleverppl

တစ်ခေတ်တစ်ခါတုန်းက အိန္ဒိယနိုင်ငံအလယ်ပိုင်းက ရွာတစ်ရွာမှာ အလွန်ထင်ရှာကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိခဲ့တယ်။ သူဟာ သင်္ချာပညာမှာ တော်လွန်းတဲ့အတွက် မကြာမကြာဆိုသလို နယ်စားမင်းကတောင် ခေါ်ပြီးတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ တွက်ချက်မှုတွေ၊ အကြံဥာဏ်တွေ တောင်းယူရပါသတဲ့။

သူ့ရဲ့ ဂုဏ်သတင်းဟာ ပတ်ဝန်းကျင် တစ်ခွင် ပြဲပြဲစင်ဆိုပဲ။ ဒါပေမယ့် သူနေတဲ့ ရွာက ရွာလူကြီးရဲ့ ကဲ့ရဲ့ လှောင်ပြောင်မှုက သူ့ကို တော်တော်နာကျင်စေတယ်။

“ဗျို့ ဆရာကြီး…ခင်ဗျားကတော့ နယ်စားကြီးကိုတောင် စီးပွားရေးနဲ့ ပက်သက်တဲ့ အကြံဥာဏ်တွေ ပေးနိုင်တဲ့ တကယ့် သင်္ချာပညာရှင်ကြီးပဲဗျာ။ ဒါပေမယ့် ခင်ဗျားသားကတော့ သိပ်သနားဖို့ ကောင်းရှာတယ်။  ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုးကြီးသလဲဆိုတာတောင် မသိရှာဘူးဗျာ”

တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့ စဉ်ဆိုသလို ဖြစ်လာတော့ သင်္ချာပညာရှင်လည်း သူ့ သားကို ခေါ်ပြီး မေးရတော့တယ်။

သင်္ချာပညာရှင်။  ။       လူလေး…ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုး ကြီးသလဲကွ?

သား။  ။                  ရွှေက ပိုတန်ဖိုး ကြီးတာပေါ့ အဖေရ။

သင်္ချာပညာရှင်။  ။       အေး၊ အဲဒါ အမှန်ပဲလေ။ ဒါနဲ့များတောင် ရွာလူကြီးက မင်းဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင်

                            မသိသူလို့ ဘာကြောင့် ငါ့ကို လှောင်ပြောင်ရသလဲ? ငါ့ကို အမြဲတမ်း သားကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့

                            ဖခင်တစ်ယောက်အဖြစ် အခြားလူကြီးတွေရှေ့ မှာ ကဲ့ရဲ့ ဝေဖန်တယ်။

                            အဖေ..ဘယ်လောက်နာကျင်ရသလဲ မင်းသိရဲ့ လား။ အဖေထင်တာက မင်းက တကယ့်ကို

                            ရွှေနဲ့ ငွေ တန်ဖိုးကို မသိလို့ အဖေ့နောက်ကွယ်မှာ မင်းအကြောင်းကို လှောင်ပြောင်ကဲ့ရဲ့ ကြတာလို့ 

                            ထင်ခဲ့တာကွ။ အဲဒီကိစ္စကို အဖေ့ကို နားလည်အောင်ရှင်းစမ်း။

 

အဲဒါနဲ့ သားဖြစ်သူဟာ ဖခင် သင်္ချာပညာရှင်ကြီးကို ရွာသူကြီးက သူ့ကို ဘာကြောင့် အထင်မြင်သေးစွာ ဆက်ဆံသလဲဆိုတာကို အခုလို ရှင်းပြတယ်။

သား။  ။                ဒီလိုအဖေရ…နေ့စဉ်နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့အခါ သူကြီးအိမ်ရှေ့ရောက်တဲ့အခါတိုင်း  ရွာသူကြီးက ကျွန်တော့်ကို အိမ်ထဲဝင်ဖို့ခေါ်တယ်။ အိမ်ထဲမှာ အခြားရွာလူကြီးတွေလည်း အပြည့်ပေါ့ဗျာ။ အားလုံးရှေ့မှာ သူက လက်တစ်ဖက်မှာ ရွှေပြားတစ်ပြားနဲ့ အခြားလက်တစ်ဖက်မှာ ငွေပြားတစ်ပြားကိုင်ထားပြီးတော့ ပိုတန်ဖိုးကြီးတဲ့ တစ်ခုကို ရွေးပြီးယူခွင့်ပေးပါတယ်။

  ကျွန်တော်က ငွေပြားကိုရွေးပြီးယူတော့ သူအပါအဝင် အခြားလူကြီးတွေအားလုံးက ကျနော်က  ရွှေနဲ့ ငွေတန်ဖိုးမသိသူအဖြစ် ရယ်စရာ သတ္တဝါတစ်ကောင်လို လှောင်ပြောင်ကြပါတယ်။  ကျွန်တော်လည်း ငွေပြားကိုယူပြီးရင် ကျောင်းကို ဆက်သွားပါတယ်။ ဒါက   ခုဆိုရင် နေ့ စဉ်ရက်ဆက်ကို ဖြစ်နေတာပါ။ အဲဒါကြောင့်ပဲ သူတို့က အဖေ့ရှေ့မှာ ကျနော်ဟာ ငတုံးဆိုတဲ့ သဘောမျိုးနဲ့ လှောင်ပြောင်ကြတာပါ။

သင်္ချာပညာရှင်။  ။   ဟေ…!!!

သားဖြစ်သူရဲ့ စကားကို ကြားတော့ ဖခင်ဖြစ်သူ သင်္ချာပညာရှင်လည်း ခေါင်းရှုပ်သွားတော့တယ်။ သူ့ သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိသိကြီးနဲ့ ဘာကြောင့် အလှောင်ခံပြီး ငွေကိုပဲ နေ့ စဉ်ရွေးနေတာလဲပေါ့။

အဲဒါနဲ့ သားဖြစ်သူကို ခုလိုမေးလိုက်တယ်။

သင်္ချာပညာရှင်။  ။    လူလေး..မင်းက တကယ့်တန်ဖိုးကိုလည်း သိတယ်။ ရွှေကို ယူလို့ ရတယ်ဆိုတာ သိရဲ့ သားနဲ့  ဘာကြောင့် အဲဒီလို လုပ်ရသလဲကွာ?။

သား။  ။                အဖေသိချင်ရင် ကျနော့် အခန်းကို လိုက်ခဲ့ပါ။ ကျနော် အဖေ့ကို ရှင်းပြပါမယ်။

သားဖြစ်သူရဲ့ အခန်းထဲကို သင်္ချာပညာရှင်ကြီးလည်း အတူလိုက်ဝင်သွားတာပေါ့။ အဲဒီမှာ သူ့သားက

သူ့ ကို သေတ္တာလေးတစ်လုံး ပြတယ်။ သေတ္တာထဲမှာ အနည်းဆုံး ငွေပြားတစ်ရာလောက်ကို ရှိနေတယ်။

ပြီးတော့…သူ့ဖခင်ကို အခုလို ရှင်းပြပါတယ်။

သား။  ။              အဖေ..သိလား တကယ်လို့ သာ ကျနော်ဟာ တစ်နေ့ နေ့ မှာ ရွှေကို ရွေးပြီး ယူခဲ့မယ်ဆိုရင်

                        အဲဒီနေ့ကစပြီး ကစားပွဲက ပြီးပြီ။ သူတို့ ကျနော့်ကို လှောင်ပြောင်ကဲ့ရဲ့ ကြမှာ မဟုတ်တော့သလို

                        ကျနော်လည်း နေ့ စဉ် နေ့တိုင်း ငွေပြားတစ်ပြားစီ ရစရာ အကြောင်းမရှိတော့ဘူးလေ…အဖေ။

**   **   **   **   **   **   **   **   **   **   **   **   **   **   **   **   **  

မူရင်းစာရေးသူရဲ့ သုံးသပ်ချက်။

ဘဝမှာ တစ်ခါတလေကျရင် ကျနော်တို့ လည်း လုပ်ဖော်ကိုင်ဖက်တွေကြားမှာ၊ ကိုယ့်အထက်လူကြီးတွေကြားမှာ ရူးချင်ယောင်ဆောင်ကြရပါတယ်။ အဲဒါဟာ ကျနော်တို့ တကယ်ရူးနေတယ်လို့ ယူဆစရာမလိုပါဘူး။ ဘဝကစားပွဲမှာလည်း ကျနော်တို့ ရှုံးနေတယ်လို့ မဟုတ်ပါဘူး။ တစ်ဖက်က သူတို့ နိုင်ပြီလို့ ယူဆနေချိန်မှာ ကျနော်တို့ လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီကစားပွဲမှာ အနိုင်ရနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုအနေအထားမှာ အရှုံးပေးချင်ယောင်ဆောင်ပြီး ဘယ်လို နေရာမျိုးမှာ အနိုင်ယူပြရမလဲ ဆိုတာတော့…ကျနော်တို့ ရွေးရမှာပါ။

ဘာသာပြန်သူရဲ့  သုံးသပ်ချက်။

တစ်ခါမှာ မောင်ကကြီးဟာ ခရီးတိုတစ်ခုကို တက္ကစီ ငှားစီးပြီး သွားပါတယ်။ သူလိုချင်တဲ့ နေရာကိုရောက်တော့ စကားတစ်ခွန်းမှ မပြောဘဲ တက္ကစီပေါ်က ဆင်းလိုက်ပါတယ်။ အဲဒီနောက် ရှပ်အင်္ကျီအိတ်ထဲကို နှိုက်တယ်။ ပြီးတော့ ပိုက်ဆံအိတ်၊ လွယ်အိတ် တစ်ခုချင်းစီ နှိုက်တော့ ကားဆရာ မောင်ခခွေးက သူ့ကို သေချာကြည့်နေပါတယ်။ အိတ်ပေါင်းစုံ နှိုက်ပေမယ့် ပိုက်ဆံကတော့ တစ်ပြားသားမှ ထွက်မလာ။ အဲဒါနဲ့ မောင်ကကြီးလည်း စိတ်ပျက်လက်ပျက်သံနဲ့ ပြောလိုက်တယ်။

“ကျနော့် ဒေါ်လာတစ်ရာတန်တစ်ရွက် ခင်ဗျားကားထဲမှာ ကျနေတယ်နဲ့ တူရဲ့ ဗျာ”

အဲဒီစကားကို ကြားတာနဲ့ တစ်ပြိုင်နက်တည်း ကားဆရာ မောင်ခခွေးလည်း ကားလီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး မောင်းထွက်သွားပါတော့တယ်။ ဒေါ်လာ တစ်ရာတန် ဆိုတဲ့ အတွေးက သူ့ကို ခွန်အားဖြစ်စေတယ်လေ။

မောင်ခခွေးရဲ့ ကားမောင်းထွက်သွားတာကို အဆုံးထိ ကြည့်ပြီး မောင်ကကြီးလည်း အားရပါးရကြီးကို ပြုံးလိုက်တယ်။

ပြီးတော့….

မင်း…လည်သလောက်ကတော့ ငါ…ပျင်းတောင် ပျင်းသေးတယ် လို့ ရွတ်ပြီး သူသွားချင်တဲ့နေရာကို ပေါ့ပေါ့ပါးပါး ဝင်သွားပါတော့တယ်။

တကယ်တော့ ဒီလို အဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေးပါ။ တစ်ခါတရံမှာ ကျွန်တော်တို့ဟာ မိမိအတွေးမှာ မုဆိုးလို့ ထင်မြင်တတ်ပေမယ့် အခြားသူတစ်ယောက်အမြင်မှာ သနားစရာ သားကောင်လေး တစ်ကောင် ဖြစ်နေတတ်ပါတယ်။

သင်္ချာပညာရှင်ကြီးရဲ့သားဟာ အများအမြင်မှာ အရူးတစ်ယောက်၊ ကျပ်မပြည့်သူ တစ်ယောက် အဖြစ် ကျေကျေနပ်နပ်ခံယူခဲ့ပြီး တစ်ဖက်မှာ သူလိုချင်တဲ့ ငွေပြားကိုတော့ ရအောင်ယူသွားခဲ့ပါတယ်။

သူ့ကို ကျနော်တို့ အရူးတစ်ယောက်၊ အဖြစ် သတ်မှတ်လို့ ရနိုင်ပါသလား?

သူကြီးဖက်ကို ပြန်ကြည့်ရင်လည်း သူ တစ်နေ့တစ်ပြားစီ ဆုံးရှုံးနေရတာကိုတောင် သတိမပြုမိလောက်အောင် သူတစ်ပါးကို လှောင်ပြောင်ကဲ့ရဲ့ ချင်စိတ်များလွန်းတယ်။

ဒါပေမယ့် ဒီနေရာမှာ သူကြီးက သင်္ချာပညာရှင်ကြီးရဲ့ သိက္ခာကျစေလိုတဲ့ ဒုက္ခပေးချင်တဲ့ စိတ်ဓာတ်ကြောင့်သာ ငွေတစ်ပြားစီ နေ့စဉ် ဆုံးရှုံးတာကို သတိမမူမိနိုင်တာပါ။

အခြား သာမန် ရွာသူ ရွာသားတစ်ဦးဦးရဲ့  သားဆိုရင်တော့ ဒီလို လုပ်မယ်လို့ ထင်ပါသလား?

သားဖြစ်သူ ရှင်းပြတဲ့ အဖြစ်မှန်ကို နားထောင်ပြီးတဲ့ နောက်ပိုင်းမှာ နာမည်ကျော် သင်္ချာပညာရှင်ကြီးက သူ့သား လုပ်နေတဲ့ လုပ်ရပ်ကို (အရူး အဖြစ်ခံပြီး ငွေအသပြာတစ်ပြားစီ နေ့စဉ်ယူခြင်း) ဆက်ပြီးလုပ်ခွင့် ပေးနိုင်ပါ့မလား ?

ဒီနေရာမှာ လူတစ်ဦးချင်းစီရဲ့ ခံယူချက်ကသာ အဓိက ကျတယ်လို့ထင်မိပါတယ်။

သင်္ချာပညာရှင်ကြီးရဲ့ သားဖြစ်သူဟာ သူလိုချင်တာကို ရဖို့ တွက် သူ့သိက္ခာကို စွန့် လွှတ်ရဲတဲ့ သတ္တိရှိခဲ့တယ်။

ဒါပေမယ့် သူ့နေရာမှာ သူ့ ဖခင် သင်္ချာပညာရှင်ကြီးဆိုရင်ကော…သူ့လို လုပ်ပါ့မလား။

သိက္ခာနဲ့ ငွေကို လဲပါ့မလား….?

**   **   **   **   **   **   **   **   **   **    

အိမ်ဝေးသူ (KZ)

အကြံပေးချက်။  ။  ။  သူတစ်ပါးကို လိုအပ်တာထက် ပိုပြီးလည်း အထင်အမြင် မကြီးမိပါစေနဲ့။

                       သူတစ်ပါးကို မလိုအပ်ဘဲနဲ့ လည်း အသားလွတ် အထင်အမြင် မသေးမိပါစေနဲ့။

***********************************************************************************

အသိပေးခြင်း။ The Smart Game – Gold or Silver? ဆိုတဲ့ ပုံပြင်လေးကို ဆိုလိုရင်းမပျောက်စေဘဲ အနီးစပ်ဆုံး ဘာသာပြန်ထားခြင်းပါ။ နေရာဒေသ အတိအကျ မဖော်ပြခြင်းမှာ အမှတ်မမှားစေလိုခြင်းကြောင့်ဖြစ်ပါသည်။

Leave a Reply