သြဂုတ်-၁၂ ၇က်။ ၂၀၁၃
M-Media

Detainees sit in a holding area at Camp X-Ray, inside Guantanamo Bay. (Credit: Reuters/Shane T. McCoy)
ဂွာတာနာမိုအကျဉ်းစခန်းဖွင့်လှစ်စဉ်က လဟာပြင်လှောင်အိမ်များထဲ၌ ရာနှင့်ချီသောအကျဉ်းသားများမှာ အစာငတ်ရေဖြတ်သည့်ဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရသည်။ ထိုကာလအတွင်း ဘရန်ဒန် နီးလီ(၂၉ နှစ်)က ဓာတ်မှန်ဌာန၏ အစောင့်တပ်သားဖြစ်သည်။
မိမိကိုယ်ပိုင်လုပ်ရပ်များအပါအ၀င် အကျဉ်းသားများအပေါ်ဆက်ဆံမှု၌ အပြစ်ရှိသည်ဟု ခံစားရသဖြင့် တပ်မှထွက်လိုက်ပြီဖြစ်သော နီးလီသည် ပြန်လည်လွတ်မြောက်လာသည့်အကျဉ်းသားများစွာကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်မှုပြုရန် ဗြိတိန်သို့ထွက်ခွာသွားကြောင်း BBC မှ တင်ပြခဲ့သည်။
တက္ကဆက်နယ်၊ ဟန့်စ်ဗီလီမှစတင်ခဲ့သည့် ယင်းပြေငြိမ်းရေးခရီးစဉ်မှာ တစ်နှစ်နီးပါးကြာညောင်းပြီဖြစ်သည်။ မစ္စတာ နီးလီသည် ၂၀၀၅ ခုနှစ်တွင် အမေရိကန်စစ်တပ်မှထွက်၍ ရဲအရာရှိဖြစ်လာခဲ့သည်။ ဂွာတာနာမိုအကျဉ်းစခန်း၌ အမှုထမ်းစဉ်ကကြုံတွေ့ခဲ့ရသည်များအပေါ် စိတ်ဒုက္ခခံစားနေခဲ့ရသူဖြစ်သည်။
“ ဂွာတာနာမိုအကျဉ်းစခန်းနဲ့ပတ်သက်ပြီး သတင်းတွေက ကောင်းကောင်းမွန်မွန်ထားရှိဆက်ဆံသလို အစဉ်အမြဲ လုပ်ကြံထုတ်လွှင့်ခဲ့ကြတယ်။ တကယ်တော့ လုံးဝ မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့လူများစွာကို သားရဲတွင်းထဲ ကျွန်တော် ပို့ဆောင်နေခဲ့မိပါတယ် ” ဟု ၀န်ခံပြောဆိုခဲ့သည်။ နှိပ်စက်ညှင်းပန်းမှုဖြစ်အင်အမြောက်အများကို တွေ့မြင်ခဲ့ရသည့် အပေါ် လွန်စွာ ဒေါသထွက်မိကြောင်း၊ မိမိသည်လည်း အပြစ်ရှိသူတစ်ဦးဟု ခံစားရကြောင်း ဆိုသည်။
ယင်းအကျဉ်းစခန်းတွင် တာဝန်ထမ်းဆောင်စဉ်က သူ့အသက် ၂၂ နှစ်သာရှိသေး၏။ အီရတ်တွင် ခြောက်လတာ တာဝန်ထမ်းဆောင်မှုဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တပ်မှထွက်ပြီးနောက် ဂွာတာနာမိုအပေါ်ရှိ သူ၏ သံသယများမှာ တစ်နေ့တစ်ခြား ပိုမိုခိုင်မာလာခဲ့သည်။ ထိုအချက်က သူ့အကျဉ်းသားဟောင်းများထံ သူ့အား အရောက်ပို့ပေးလိုက်ခြင်းဖြစ်၏။
“ ကျွန်တော် Facebook ပေါ် လူသစ်စိတ်သစ်နဲ့ပြန်တက်လာတယ်။ သူတို့နာမည်နဲ့ profile တွေကို ရိုက်ပြီး ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီမှာ ရှဖီးက်ရဲ့စာမျက်နှာနဲ့ သွားဆုံတော့ သူ့ဆီ အီးမေးလ်တစ်ချို့ ပို့ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ် ” ဟု သူကပြောပြသည်။
မစ္စတာ ရာစူးလ်၊ မစ္စတာ အဟ်မဒ် နှင့် ဗြိတိန်ရှိ တစ်ပ်တန်မှ အခြားမိတ်ဆွေတစ်ဦးတို့သည် တာလီဘန်တို့နှင့် အဆက်အသွယ်ရှိကြောင်း သံသယဖြစ်ခံရ၍ အာဖဂန်နစ္စတန်တွင် အဖမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံရမှု ၂ နှစ်ရှိပြီးနောက် ၂၀၀၄ ခုနှစ်တွင် လွတ်မြောက်လာကြသည်။ သူတို့သည် အမေရိကန်တပ်သားတို့၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း၊ ထိုအချိန်က ယင်းသို့မပြုပါဟု အမေရိကန်အစိုးရက ငြင်းဆိုနေခဲ့ကြောင်း သုံးဦးစလုံးမှ ဆိုသည်။ Facebook မှ ဆက်သွယ်မှုရလာသည့်အခါ မစ္စတာ ရာစူးလ် အဖို့ အံအားသင့်သွားခဲ့ကြောင်း၊ မစ္စတာ နီးလီအဖို့လည်း ပြန်စာနှင့်အတူ အပြန်အလှန်အီးမေးလ်ဖလှယ်မှုရှိလာသောကြောင့် အံသြ၀မ်းသာဖြစ်ရကြောင်း သိရသည်။ ထို့ကြောင့်လည်း နှစ်ဦးနှစ်ဖက်စလုံးမှ တွေ့ဆုံရန်အစီအစဉ်ရှိမရှိကို BBC မှ မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ သူ့လုပ်ရပ်မှားယွင်းခဲ့တယ်ဆိုတာ သူနားလည်သဘောပေါက်နေပြီ။ သူ့အမှားသူ သိပြီးကတည်းက အပြစ်ရှိနေတယ်လို့ တောက်လျှောက်ခံစားနေရတာလေ။ အဓိကအချက်ကတော့ ဒါပါဘဲ ” ဟု နီးလီ၏ ပြေလည်ရေးအားထုတ်မှုများနှင့်ပတ်သက်ပြီး အဟ်မဒ်က BBC သို့ ပြောပြခဲ့၏။
ဂွာတာနာမိုစခန်းတွင် လက်ရှိအချိန်ထိ ၁၆၆ ဦး ထိန်းသိမ်းခံရဆဲဖြစ်ပြီး လူများစွာမှာ ဆယ်စုနှစ်တစ်ခုစာခန့် ပစ်ထားခံကြရသည်။ အကျဉ်းသား ၈၆ ဦးမှာ တရားဝင်လွှဲပြောင်းပေးရန် အမိန့်ထုတ်ပြန်ခံရပြီးဖြစ်သည်။ ထိုကာလအတွင်း ဖေဖော်ဝါရီလ၌ အစာငတ်ခံဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၄၀ ကျော်တို့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နှင့် ဆေးပညာအသိုင်းအ၀ိုင်းခံယူချက်ကို ချိုးဖောက်သော လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကို ခံစားခဲ့ကြရသည်။
Comments