News @ M-Media

၁၄-၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု့ အကျဉ်း

သြဂုတ်လ- ၁၄ ရက်၊ ၂၀၁၃
M-Media
submarine-fire
အိန္ဒိယ ရေငုပ်သင်္ဘောတစ်စင်း မီးလောင်နစ်မြုပ်မှုဖြစ်

အိန္ဒိယနိုင်ငံတွင် ယနေ့နံနက် စောစောပိုင်းက ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ရုရှားနိုင်ငံတွင် အကြီးစားပြင်ဆင်မှုပြုလုပ်ခဲ့သည့် INS Sindhurakshak အမည်ရ အဆိုပါရေငုပ်သင်္ဘောမှာ မွမ်ဘိုင်းမြို့တွင် ရပ်နားထားစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ခဲ့သည်။ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် သင်္ဘောသား ၁၈ ဦးရှိပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရန် အပူတပြင်းကြိုးစားနေကြသည်။ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ သင်္ဘောသားများကိုရှာဖွေကယ်ဆယ်နေကြောင်း၊ ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရမှုစာရင်းကို မသိရှိရသေးကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ Narendra Kumar Vispute ကဖြေကြားခဲ့သည်။
_______________________________________
ပါလက်စတိုင်းအကျဉ်းသားများအား အစ္စရေးလွှတ်ပေး

အစ္စရေးနိုင်ငံသည် ၎င်းတို့ဖမ်းဆီးထားသည့် ပါလက်စတိုင်းနိုင်ငံရေးအကျဉ်းသားများမှ ၂၆ ဦးကို အင်္ဂါနေ့ညနေပိုင်းက လွှတ်ပေးလိုက်သည်ဟုသိရသည်။ ထိုအကျဉ်းသားများအား အယာလွန်အကျဉ်းထောင်မှ ဂါဇာကမ်းမြှောင် စစ်ဆေးရေးဂိတ်နှင့် အနောက်ဘက်ကမ်းစစ်ဆေးရေးဂိတ်များသို့ ခေါ်ဆောင်သွားကာ ထိုမှတစ်ဆင့် ပါလက်တိုင်းနယ်မြေထဲသို့လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
_______________________________________
အီဂျစ်ဆန္ဒပြမှု သေဆုံးသူ ၄၀ ကျော်လာ

အီဂျစ်နိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွင်း သေဆုံးသူဦးရေမှာ လေးဆယ်ကျော်ရှိလာဖြစ်သည်။ ဇူလိုင်လ ၃ ရက်နေ့တွင် အီဂျစ်စစ်တပ်က သမ္မတမော်စီအားဖြုတ်ချခဲ့သည်ကို မကျေနပ်ကြသည့် ရာနှင့်ချီသော မော်စီထောက်ခံသူများက ကိုင်ရိုမြို့တွင် အဆက်မပြတ်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ပြင်းပြင်းထန်ထန်နှိမ်နင်းသောကြောင့် သေဆုံးသူများ ဒဏ်ရာရသူများ တိုးပွားလာပြီး နိုင်ငံတကာမှလည်း နိုင်ငံရေးနည်းလမ်းဖြင့်အမြန်ဆုံးဖြေရှင်းရန် အီဂျစ်စစ်တပ်အား တိုက်တွန်းပြောဆိုထားသည်။
_______________________________________
ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန် အရှေ့အလယ်ပိုင်းသို့သွားမည်

ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသသို့သွားရောက်မည်ဟုသိရသည်။ အစ္စရေး-ပါလက်စတိုင်း ဒုတိယအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံအားပေးသည့်အနေဖြင့်သွားရောက်မည်ဖြစ်သည့် အဆိုပါခရီးစဉ်တွင် ဘန်ကီမွန်မှာ ဂျော်ဒန်ဘုရင် အဗ္ဗဒွလ္လာဟ်နှင့် တွေ့ဆုံမည်ဟု ကုလသမ္မဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
_______________________________________
တောင်နှင့်မြောက်ကိုရီးယား စီးပွားရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်မည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံနယ်စပ်ရှိ စက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပွဲတစ်ခုကို ယနေ့တွင် ကျင်းပပြုလုပ်မည်ဟုသိရသည်။ လာမည့်သီတင်းပတ်တွင်ကျင်းပမည့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအစီအစဉ်မတိုင်မီ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို မြောက်ကိုရီးယားနယ်စပ်မြို့တွင်ပြုလုပ်မည်ဖြစ်ပြီး ဧပြီလကတည်းက ပိတ်ထားခဲ့ရသည့် နှစ်နိုင်ငံဖက်စပ် စက်ရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးပေးဆွေးနွေးကြမည်ဖြစ်သည်။

Comments

Leave a Reply