6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
ရေးသူ- မ Kay Kay FB စာမျက်နှာမှ ကူးယူမျှဝေပါသည်။
၂၇.၈.၂၀၁၃
the voice
ညီမလေးရေ … … …
ဒီနေ့တော့ ပေးထားတဲ့ကတိကို မမဖျက်ရလိမ့်မယ်။ ညီမလေးကို မမကတိပေးဖူးပါတယ်။ ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဘာမှ မမရေးတော့ပါဘူးလို့။ အခုတလော ၀ိဝါဒ ကွဲပြားနေတဲ့အကြောင်းတွေကို လက်ရှောင်ပေးပါတဲ့ ညီမလေးပြောဖူးတယ်။ အဲဒီတခေါက်က မမက အသစ်ထွက်နေတဲ့ ဥပဒေနဲ့ ပတ်သတ်ပြီး status တခု ရေးတင်ပြီးကာစ “ကျမဘယ်လိုပြန်ပြောရပ” ဆိုတဲ့ ခေါင်းစဉ်နဲ့။ မမနားလည်ပါတယ်။ ညီမလေးကအဝေးမှာ ပညာတွေသင်ပြီး အိမ်အတွက် မမထက်ပိုထောက်ပံ့နိင်အောင် ကြိုးစားနေတဲ့သူပါ… ဒီအချိန်မှာညီမလေးက မမကိုပြန်ပြီးစိတ်ပူစရာဖြစ်မယ့် အကြောင်းအရာတွေကို မမမရေးသင့်ပါဘူး..
ကတိအတိုင်းပဲလေ နောက်ပိုင်းမှာ မမဒါတွေကို မရေးခဲ့ပါဘူး။ ဒါပေမယ့် ညီမလေးရယ် ဘုန်းကြီးပျံပွဲဆိုရွာမှာလာကြတဲ့ ခြောက်ကောင်ဝိုင်းတွေ စကားကို မမငှားသုံးစမ်းပါရစေဦး။ မမကသာလက်ရှောင်နေတာပါ။ ပေါက်ကောင်တွေက ဆက်တိုက်ဆိုသလိုကို ဆက်တိုက်ဖွင့်နေတာပါ။
မနေ့က ညီမလေးစိုးရိမ်တကြီးနဲ့ ဖုန်းဆက်လာတယ်နော်။ CNN သတင်းမှာ မြင်လိုက်ရပြီပေါ့ မမညီမလေးကို တမင်မပြောပဲထားတာပါ…. ဖြစ်တာကိုမမသိပါတယ်။ အဲဒီနေ့ မမကမန္တလေးကိုလွမ်းပြီး စာတပုဒ်တင်ပြီးကာစ ရွာသတင်းကိုကြားလိုက်တော့ အသက်ကြီးမှကွဲသွားတဲ့ ရည်းစားကို လွမ်းနေဆဲ ငယ်ချစ်ရဲ့နာရေးသတင်းကို ဖတ်လိုက်ရသလိုပါလား ညီမလေးရယ်။ ဒီခံစားမှုထက်လည်း ပိုလေးနက်နိင်ပါရဲကွယ်။
ဟုတ်ပါတယ် ညီမလေးရေ ဒီသတင်းကို အတည်ယူလိုက်ပါ… ဒီတခါ အလှည့်ကျလာတာ မမတို့မောင်နှမသုံးယောက်လုံး မွေးဖွားခဲ့တဲ့ ထန်းကုန်းရွာပါပဲ။ ဒီရွာလေးမှာ ကိုကိုက ခုနှစ်တန်းထိ၊ မမကခြောက်တန်း၊ ညီမလေးကနှစ်တန်းထိ နေခဲ့ကြတယ်နော်။ မေမေ အလယ်တန်းပြ ကျောင်းဆရာမဘ၀ကိုလည်း ဒီရွာ အ-လ-ပြ ကျောင်းကနေ ဆေးပင်စင်ယူနားခဲ့ရတယ်။ ဖေဖေလည်း ဒီကျောင်းကနေပဲ ကျောင်းဆရာဘ၀ကို ပြည်ဖုံးကားချပြီး မမတို့မောင်နှမသုံးယောက် အသုံးကျတဲ့လူတွေဖြစ်ဖို့ ဒီရွာလေးကနေပြီး စီးပွားရေး ရေယာဉ်ကြောမှာ စတင်ကူးခတ်ရှာဖွေ ကျွေးမွေးခဲ့တယ်ပေါ့။
ပြောရရင်လေ မမတို့အတွက် ရွာလေးက ချက်မြှုတ် ရာဇာတိသာမက မမတို့ မိသားစုရဲ့ ဘ၀အစလည်း ဖြစ်ပါရဲ့လေ။
ဖေဖေနဲ့ မေမေက ထန်းကုန်းကျောင်းမှာ စတွေ့ခဲ့ကြတာကိုး။ အဲဒီတော့ သတင်းစကြားတော့ မမဘယ်လိုနေလဲ ဟုတ်လား။ ဘဘနဲ့ အမေကြီးတို့ဆုံးတာ ကြာပေမယ့် မမတို့ကို ချစ်ခင်သူတွေ သူငယ်ချင်းတွေ ဘဘတို မိတ်ဆွေတို့ ကျန်သေးတယ်လေ။ နောက် အမ၀မ်းကွဲမိသားစုလည်း ရှိနေတယ်။ အို – ဒီလိုအမျိုးတော်သူတွေ ရှိနေသေးလို့ စိုးရိမ်တာမဟုတ်ပါဘူး။ ရွာလေးအတွက် မမကစိုးရိမ်တာပါ။ ညီမလေးကငယ်တော့ မှတ်မိပါ့မလား? ၁၉ဂ၉ က မမတို့ အလှူလေ။ အဲဒီအလှူမှာလေ ညီမလေးသူငယ်ချင်း မိုးသွယ်က အိဖြိုးကျော်တို့ ဇင်မြင့်ဝင်းတို့ ပရိတ်အိုးကိုင်တော့ သူလည်းကိုင်ချင်ပါရော မိုးသွယ်ဘယ်ဘာသာလဲ ညီမလေးသိပါတယ်နော်။ သူငယ်ချင်းတွေကိုင်တော့ သူကလည်းကိုင်ချင်တာလေ။ ဒါကိုသူ့အမေ မအေးဝင်းက ခွင့်ပြုခဲ့တယ် မအေးဝင်းဆိုတာ ညီမလေးရယ် အဲဒီဘာသာအမျိုးအကြီးကြီး ဒေါ်နီသမီးပါ။
သူတို့တမျိုးလုံး အဲဒီဘာသာပါ ညီမလေးရယ်။ မိုးသွယ် အဲဒီလိုပရိတ်အိုးကိုင်တာကို သူတို့ဘာသာဝင်တွေ ဘယ်သူကမှ မကဲ့ရဲ့ခဲ့ကြဘူး။ မဖယ်ကျဉ်ခဲ့ကြဘူး။ ဒီလိုရွာလေးပါညီမလေးရဲ့။
ပြီးတော့ အေးမာ သူလည်း အဲဒီဘာသာနော်။ ညီမလေးတို့ နားသလှည်းယာဉ်တစီးက သူ့လှည်းလေ။ သူကိုယ်တိုင်မောင်းခဲ့တာ။ ကျွေးဖို့ မွေးဖို့ ငါးခြောက်တွေက ကိုချစ်ပိုဆိုင်က လိုသလောက်အကြွေးယူသုံးထားတယ်။ ကိုချစ်ပိုဆိုတာတော့ ညီမလေးသိပါတယ်။ ဖေဖေ ရထားနဲ့ စုန်ချီ ဆန်ချီဈေးအ၀ယ်တော်လုပ်တုန်းက ဖေဖေရဲ့ ရဲဘော်ရဲဘက်တယောက်ပဲ ဖေဖေတို့ ညအိပ်ညနေ အတူသွားလာခဲ့တယ်။ ရွေဘို ထန်းကုန်း အစုန်အဆန်ရထားစီးပြီး မိသားစုတွေကိုယ်စီအတွက် ရုန်းကန်ခဲ့ကြတယ်။ သူတို့ အစ်နေ့ဆို အမဲသားမစားတဲ့ မမတို့အိမ်ကို စမိုင်ကို တမင်သပ်သပ်လေး ကျိုပို့တဲ့အိမ်။ မမတို့ တန်ဆောင်တိုင် ပိုက်ဆံတောင်းကြရင် ဖေဖေနဲ့အသိ သူတို့ဘာသာတွေဆီ သွားတောင်းမိတယ်။ မေမေတို့သိတော့ “စိတ်မရှိပါနဲ”့ ပြောတော့ ‘မဟုတ်ပါဘူး ဒီလိုမုန့်ဖိုးပေးရတာ သဘောကျပါတယ်။  နောင်နှစ်တွေလည်းလွှတ်ပါ”တဲ့ မေမေတို့အားနာကြောင်း ပြောလိုက်ကာမှ မမတို့တတွေ တရားဝင်ပါမစ်ရခဲ့လေတယ်။ ဒီလိုရွာပါကွယ့် ကလေးရဲ့။
ညီမလေးရေ မမဘာကိုပြောချင်နေတာလဲ ညီမလေးတော့ သိတယ်မို့လား? ညီမလေးနားလည်ရဲ့လား? မမတို့ရွာမှာ အမုန်းတွေ သိမ်းထားတာမရှိဘူးကွယ့် မမတို့ရွာမှာ အညှိုးအတေးတွေ လှောင်ထားတာလည်းမရှိဘူးကွယ့်။ မမတို့ရွာ မမတို့ဒေသ ဘယ်တုန်းကမှ သမိုင်းမဆိုးခဲ့ဘူးညီမလေး။
ဘယ်တုန်းကမှလည်း ရာဇ၀င်မရိုင်းခဲ့ပါဘူး။ ထွက်သင့်တဲ့အချိန်မှာမှ မမတို့ရွာထွက်ခဲ့တယ်။ ရှစ်ဆယ့်ရှစ်သက်သေရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိင်သက်သေရှိတယ်။ CRPP က တသီးပုဂ္ဂလ အမတ်ဖြစ်ခဲ့သူ ဦးသိန်းဖေသက်သေရှိတယ်။ ဒီလိုလူတွေထွက်တဲ့ဒေသ ဒီလောက်ညဏ်မနည်းဘူး။ ဒီလောက်မိုက်ရူးရဲ မဆန်ဘူး။ ဒီလောက်ဆင်ခြင်ဥာဏ် မနည်းပါဘူးညီမလေးရဲ့။
ဒါဆိုဘယ်ကစသလဲ? ညီမလေးလည်းကြားလိမ့်မယ်။ ဒီလိုပါပဲညီမလေးရယ် ညီမလေးဖတ်ဖို့ voice က သတင်းဖြတ်ပိုင်းလေး မမ ထည့်ပေးလိုက်တယ်။ ဆိုတောကွယ့် ဖြစ်စဉ်ကို မမထည့်မပြောတော့ပါဘူး။ ဒါပေမယ့် မမသိတယ်လေ။ မမညီမလေးက ဘာပဲပြောပြော သုံးသပ်ချက်တော့ ကြားချင်တတ်သူပဲ။
နည်းနည်းဆန်းကြယ်တာလေးတွေ မမ ထောက်ပြမယ်နော်။ စိတ်မပူပါနဲ့ညီမလေးရယ် ဟိုဘက်ဒီဘက်ရပ်တဲ့စကားမျိုး မမ မပြောပါဘူး။ အဲဒီလိုပြောဟန်တွေကို မမပင်ကိုယ်ကလည်း အားမသန်ပါဘူး။ ပြီးတော့ အခုက ဘယ်လိုအခြေအနေတွေဆိုတာလည်း မမသိပါတယ်။ စိတ်မပူပါနဲ့ကွယ်။ ဒါပေမယ့် ဒီလောက်ကလေးတော့ သေသွားတဲ့ မမငယ်ချစ်အတွက်ထောက်ပြရလိမ့်မယ်။
=================
ညီမလေးသိလား – အေးကွယ် ငိုနေတဲ့ မျက်နှာထက်ကို မမ အတွက်တော့ ခံစားရပါရဲ့။ ဘယ်လိုမျိုးလဲ ဆိုတော့ မမတို့ ငယ်ငယ်တုန်းက ကောင်လေးတွေ လိုက်စရင် ပြန်ပြောတဲ့ “ရုပ်ကိုက အူတိအူကြောင်နဲ့” ဆိုတာလေ။ ညီမလေးရယ် အဲဒီ ရုပ်တွေက အခုမှ အစစ်ဖြစ်နေတာကွယ် ညီမလေး ကြည့်မိစေချင်တယ်။
လာလှူတဲ့ ခေါက်ဆွဲခြောက်ထုတ် ဆန်အိတ်တွေကို ဒီအူတိအူကြောင် မျက်နှာလေးတွေနဲ့ ငေးနေတာများ ညီမလေး မြင်ရင် ငိုမိနိင်တယ်။
ညီမလေးရေ … …
ကယ်ဆယ်ရေး ထမင်းထုတ် ဆိုတာကွယ် မမတို့ရွာမှာ မကြားရတာ ဘယ်လောက်တောင် ကြာပြီလဲ။ မူးနား မြစ်နား ကပ်နေတဲ့ ဒေသလည်း မဟုတ်ဘူး။ မီးရေး ထင်းရေးကလည်း မမတို့ ဆယ်နှစ်သမီးက အကြီးအကျယ်လောင်ခဲ့တယ်။ အဲဒီနောက်ပိုင်း မီးလောင်တာ မကြားဖူးခဲ့တော့ဘူး။
အော် – ညီမလေးရယ် မမစိတ်ထဲ ဆန်းကြယ်တယ် ထင်လို့ပါ။ အခုန ပြောတဲ့ မီးအကြီးအကျယ် လောင်တုန်းကလည်း အခုလိုပဲ အိမ်ခြေက ငါးဆယ်ကျော်။ ဒါပေမယ့် မမတို့ ရွာသားတွေ ဒီလို အူတိအူကြောင် မျက်နှာပေး မဖြစ်ခဲ့ရဘူး။ ဘာလို့လဲ သိလား? ဘယ်ကနေစဖြစ်တာလဲ သိတယ်လေ။ ရန်သူက စလောင်တဲ့အိမ်က မီး၊ ရန်သူက သဘာဝဘေးမီး၊ ပြေးရသူက ရွာသူရွာသား ဖြစ်စဉ်က ရှင်းတာကိုးကွယ်။
အခုကတော့ ပြေးလို့သာ သူတို့မှာ ပြေးရတယ်။ ဘယ်ကစတဲ့ ပြသနာကြောင့်လဲ ခြေခြေမြစ်မြစ်မသိ။ လာမီးရှို့တဲ့သူတွေကိုလည်း သူတို့ မသိ။ ရွာထဲလမ်းပေါ် လူစိမ်းတွေတွေ့ရင် အိမ်က ထွက်ပြေးလာသူတိုင်း ဘာသာနှစ်ခုလုံးက ဒီလူစိမ်းတွေကို ကြောက်လန့်နေရှာတယ်။ လူစိမ်းက လာလုပ်တာကိုး သူတို့သိတာက ညီမလေးရယ် ……
တကယ်က လူစိမ်းထဲမှာ တို့ ရွာကို ကူညီလာသူတွေပါမှာပဲ။ ဒါပေမယ့် ဘယ်လူစိမ်းကိုမှ အကူအညီမတောင်းရဲဘူး။ သံလမ်း အနောက်ဘက်မှာ ဖြစ်နေလို့၊ သံလမ်းအရှေ့ဘက် ရပ်ကွက်ရောက်အောင်သာ အားကုန်သုတ်ပြေးကြသတဲ့ မမတို့ အရင်ကဆိုရင် ရွာထဲ လမ်းတွေမှာ၊ ကျောင်းသွားတဲ့ လမ်းတွေမှာ တယောက်နဲ့တယောက် တွေ့ ကြရင် ဘယ်ဘာသာဝင်ဆိုတာ ဘယ်တုန်းကမှ မတွေးမိဘဲ နှုတ်ဆက်ခဲ့ကြတယ်။ အဲဒီနေ့ကတော့ တို့ဘာသာနဲ့ သူတို့ဘာသာ ဖြစ်ကြပြီဆိုတဲ့အသိနဲ့ ချစ်ခင်ပြီးသား ဘာသာမတူ တို့ ရွာသားတွေ ဟာ လမ်းရဲ့တဖက်တချက်မှာကပ်ပြီး ရှောင်တိမ်းပြေးကြသတဲ့ ညီမလေးရယ်။ အဲဒီနေ့က ထန်းကုန်းလမ်းတွေသာ အသက်ရှိခဲ့ ရင် အဲဒီမြင်ကွင်းကို ရင်နာလို့ ”တောက်” ပြင်းပြင်း တချက်တော့ ခေါက်မိလိမ့်မယ်နဲ့ တူပါရဲ့ကွယ်။
နောက်ထပ် မမ အဆန်းတကြယ် ထင်မိတာတွေ ဆက်ပြောအုံး မယ် ညီမလေး ဆက်နားထောင် မယ်ဆိုရင် မမကိုတခုတော့ ပေးပါ။ အခုချိန်ကစပြီး ညီမလေးက ဘယ်ဘာသာဝင်ကို ကိုးကွယ်နေတာလဲဆိုတာ ခဏဖျောက်ပေးပါ မေ့ထားပေးပါ မမစာဆုံးတဲ့အထိ ညီမလေး မေ့ထားနိင်မယ်ဆိုမှ စာကိုဆက်ဖတ်ပါ။
ညီမလေး အပါအ၀င် တခြားမည်သူမဆို မိမိဘယ်ဘာသာဝင်ဆိုတာ ခဏ မေ့မထားနိင်သူမှန်သမျှ ဒီစာကို ဆက်မဖတ်ကြဘို့  ကြိုကြိုတင်တင် မေတ္တာရပ်ခံပါတယ်။ ဘာလို့လဲဆိုတော့ ရေးသူ မမကိုယ်တိုင်က ဘာသာကို သိုဝှက်ပြီး အစွဲကင်းစွာ ပြောမှာ ဖြစ်လို့ နားထောင်သူကလည်း အစွဲကင်းပါမှ ရင်ဘတ်ချင်းနီးပြီး အပြန်အလှန်နားလည်နိင်မှာပါ။
ဒီလိုသာမဟုတ်ပဲ အစွဲရှိသူဖတ်မယ်ဆိုရင် မလှပသော ဆွေးနွေးချက်များကို မမ ရပါလိမ့်မယ်။ မမ လိုချင်တာ ငြိမ်းချမ်းရေး၊ ပိုင်ဆိုင်လိုတာလည်း ငြိမ်းချမ်းရေး၊ တောင့်တနေမိတာလည်း ငြိမ်းချမ်းရေးပါ။ နောက်ထပ် တခြားရွာတွေ မြို့တွေ ဒေသတွေ အဲဒီကလူတွေ ထပ်မခံစားရစေဖို့ ရည်ရွယ်ချက်နဲ့  မမတတ်သမျှ စကားလုံးတွေနဲ့ စတင်ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးစကားပါ။ ဒါပေမယ့် အရာတိုင်း မျော်လင့်သလို မဖြစ်နိင်ပါဘူးလေ။ အကယ်၍ ဒီစာကြောင့် မမကို မသိသောသူတွေကဖြစ်စေ မမကိုသိပြီးသားသူတွေကဖြစ်စေ ပြစ်တင်ခဲ့ရင် ရှုတ်ချခဲ့ရင် ဆဲဆိုခဲ့ရင် မမတယောက်တည်းနဲ့သာ သက်ဆိုင်တယ်လို့ ခံယူပါတယ် မမရဲ့မိဘ များနဲ့သော်လည်းကောင်း ဆရာသမားများနှင့်သော်လည်းကောင်း ဆွေမျိုး မိတ်သင်္ဂဟများနှင့်သော်လည်းကောင်း လုံးဝသက်ဆိုင်မှု မရှိဘူးလို့ ခံယူထားပါတယ်။
ကဲ ဟုတ်ပါပြီလေ။
ညီမလေးရေ အခုဆိုရင် ညီမလေးက မိမိဘယ်ဘာသာဝင်ဆိုတာခဏ မေ့ထားသော လူတယောက် သို့မဟုတ် ဒုက္ခရောက် ပြေးလွားခဲ့ရသော ထန်းကုန်းသူတယောက်ကို မမမေးပါရစေအုံး အဲဒီနေ့က ညီမလေး ဘာလို့  ထွက်ပြေးတာလဲ? လာမီးရှို့ သူတွေက ကိုယ်နဲ့ ဘာသာတူတွေဆိုရင် ညီမလေးတို့ကို ရန်မပြုဘူးမို့လား?
လာတဲ့သူတွေ ကိုယ့်ဘာသာလား စောင့်မကြည့်တောပဲ ဘာလို့ အားကုန်သုတ် ထွက်ပြေးတာလဲ? စဉ်းစားကြည့်စမ်း ညီမလေး အဲဒီနေ့က ညီမလေးတို့တွေ လာမီးရှို့တဲ့သူတွေနဲ့ ဘာသာအတူတူရော ဘာသာမတူတာရော သွားတဲ့နေရာသာမတူမယ် ထွက်ပြေးတာအတူတူပဲမို့လား? ဘာလို့ ထွက်ပြေးတာချင်းတူတာလဲ ?
အဲဒီ အချိန်မှာ လာတဲ့သူတွေတို့နဲ့ ဘာသာတူ ဘာသာမတူ ဆိုတာ တွေးဖြစ်လား? သူတို့ရှို့တဲ့မီး တို့အိမ်များလောင်သွားရင် တွေးမိလား? ရွာလမ်းပေါ်ရောက်တဲ့အခါ ငှက်ကြီးတောင် ဓါးကိုင်ထားတဲ့သူကို ဘယ်သာဝင်လဲ အရင်အကဲခတ်လား ? ငါ့ကို ဓါးနဲ့ လာထိုးချေသော်ဆိုပြီး အရင်ကြောက်မိလား? ၀ါးရင်းတုတ်ကိုင် လူတစုနဲ့ တိုးမိတော့ရော ကိုယ့်ဘာသာဝင်တွေဆို အားကိုးရချေရဲ့လို့  ညီမလေး အားတက်ပြီး သူတို့ နားပြေးသွားသလား? ငါ့ကိုဝိုင်းရိုက်ရင် သေပြီလို့ အရင်တွေးမိလား??
ညီမလေးရေ လူဆိုတာ ဦးနှောက်ရှိတဲ့ သက်ရှိတွေပါ။ ဒီလိုအသက်ဘေးကြုံလာရင် ဒီလိုမိုးထဲရေထဲ ပြေးကြရရင် အဓိက အရေးပါတာကိုသာ ကြည့်မိတော့တယ်လေ။ ဘယ်ဘာသာဝင် ဖြစ်သလဲဆိုတဲ့ အတွေးကို သူရဲ့ပုံသဏ္ဍာန်နဲ့ သူ့လုပ်ရပ် ကြည့်ပြီး ညီမလေးကို ရန်ပြုမယ့်သူလားဆိုတဲ့ အတွေးက ဖုံးလွမ်းသွားပြီ မဟုတ်လား?
ညီမလေးရေ …
ဘာသာတရားတခုရဲ့ ဂုဏ်ဒြပ်က သူ့ကို လိုက်နာကျင့်ကြံ နေထိုင်သော လူတွေရဲ့ အမူအကျင့်နဲ့သာ ပြောင်ရောင်ထွန်းလင်းနိင်ပါတယ်။ စာအုပ်ထဲက စာများကြောင့် ပြောင်ရောင်ထွန်းလင်း နိင်တာမဟုတ်ပါဘူး။ စာတွေက လူတွေလိုက်နာဖို့ လမ်းညွန်ပါ။ နည်းပေးပါ လမ်းပြပါ။ ညီမလေး မလိုက်နာနိုင်သရွေ့ အဲဒီစာနဲ့ ညီမလေးနဲ့ လားလားမှမဆိုင်သေးပါဘူး။ နောက်တခုက ကိုးကွယ်ဆည်းကပ်ရာကို ရွှေ ကျောက်သံ ပတ္တမြား ကပ်ထားတာတွေဟာ ကြည်ညိုသူ ပိုမိုသဒ္ဒါပွားနိင်ဖို့ ပါ။
့ညီမလေးကိုးကွယ်တဲ့  ဘာသာနှင့် ညီမလေးကို တန်ဖိုးတက်စေဖို့ တခုတည်းသော နည်းလမ်းက ညီမလေးရဲ့ ကိုယ်ကျင့်တရား နှင့် ညီမလေးရဲ့ အကျင့်ပါ အဲဒါကသာ တန်ဖိုးတက်အောင် လုပ်နိင်မယ်။ တခြားနည်းလမ်း မရှိပါဘူးလို့  မမက ယုံကြည်မိပါရဲ့။ ဒီလိုပြောတော့ ညီမလေးက မမကို ပြုံးချင်လိမ့်မယ် သာသနာပြုပုဂ္ဂိုလ်လည်းမဟုတ်ပဲ မမရဲ့စကားက ဟန်ကြီးလှချီလားပေါ့။ ဟန်ကြီးဆို မမတွေ့ ဖူး နာယူဖူး ဆည်းကပ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ လူတွေ ဆရာသမားတွေ စာအုပ်တွေ အကုန်လုံးက တန်ဖိုးလည်းရှိ ဟန်လည်းကြီးပေတာကိုး ဆိုတော့က မမအနေနဲ့ ဒီလို ခံယူချက်မျိုး ထွက်လာတာတော့ ဘယ်ဆန်းမှာလဲ ညီမလေး။
ညီမလေးရေ ပြောပါဦး …
ဘယ်လို ယူဆရမလဲကွယ်။ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် မမ သူငယ်ချင်းကကို ဖြစ်စဉ်အမှန်အတိအကျ မသိသေးဘူးတဲ့။ ကာယကံရှင် မိန်းကလေးက ထိခိုက်နစ်နာမှုအဆင့်ထိ မရောက်ဘူး။ ထိပါးနှောက်ယှက်တဲ့ အဆင့်ထိပဲရောက်တယ် ကြားတယ်။ အတိအကျတော့ မသိဘူး။ နှောက်ယှက်သူက သုံးယောက်လား ကြားပေမယ့်တစ်ယောက်တည်းလည်း ကြားတယ် အတိအကျတော့ မသိဘူး ရည်းစားစကားအရင်ကလည်း လိုက်ပြောဖူးတဲ့လူဆိုလား ကြားတယ် အတိအကျ တော့မသိဘူး။
ညီမလေးရေ … …
ကြားတယ် အတိအကျတော့ မသိဘူး စကားပဲ တွင်တွင်ပြောနေတဲ့ သူကို အတိအကျသိတာက ဘာတွေလည်း မေးရတော့တာပဲ သူအတိအကျ သိတာတွေက ရဲစခန်းကို ရွာက လူတွေ လာဝိုင်းမှ ထန်းကုန်းရွာခံတွေ ပြဿနာစပြီ ဆိုတာသိတယ်။ ထန်းကုန်းတရွာလုံးအနှံ့ သတင်းကမပြန့်သေးခင် ထန်းကုန်းတိုက်နယ်တခုလုံးလိုလို သတင်းရောက်နေပြီ။ မမတို့ ရွာနဲ့ နီးစပ်နေတဲ့ “ခင် သာ” “တောင်ကုန်း” “ယော” “လယ်လှ” “ရေကြည်” “ဇီးပင်သာ” “အုတ်ဖို”ဒါတွေကို ပြန့်တာ ထားလိုက်ဦး မမတို့ ရွာနဲ့ နီးတာကိုး။ လှမ်းနေတဲ့ ကြိုးကြာ” အင်ဖက်တော” “မိုးကြိုး ပစ်” “တင်ကုတ်ကြီး” “ဘိုတဲကုန်း” အဲဒီကိုလည်း သတင်းပေါက်တယ်။ မမတို့ ရွာနဲ့ အလှမ်းဝေးလို့မှ ရွာမှာ မာရသွန်ပြေးပွဲလုပ်တုန်းက ပန်းတိုင်လုပ်ဖူးတဲ့ “ခေါ်သန္တီရွာ”ကတောင် လာနိင်သတဲ့  ညီမလေးရေ။ အချိန်တိုတိုလေးအတွင်း တိုက်နယ် တခုလုံးပြန့်သွားပြီး လူတထောင်ကျော်တောင် လာစုနိင်တာ သတင်းကွန်ရက်က ဘယ်ကသွားတာလဲ? မမတို့ရွာက လူတွေ အင်တာနက်သုံး ဖေ့ဘုတ်မကြည့်ဖူးပါဘူးကွယ့်။ ညီမလေးလည်း တွေးကြည့်စရာ ဒါက ပထမအချက်
ညီမလေးရေ … …
ရဲစခန်းမှာ ရွာကလူတွေ ၀ိုင်းနေတုန်း မမတို့ ရွာကလူတွေက ဖြစ်စဉ်နားမလည်တော့ ဘေးမှာရပ်ကြည့်တာပေါ့ အဲဒီမှာ လူဆယ်ယောက်လောက်က ဈေးထဲက ဘာသာခြားဆိုင်တွေကို မီးရှို့ပြီး သွားဖျက်သတဲ့ ဖျက်တာ ရှို့တာလည်း မြန်သတဲ့  ဘယ်ရွာကလူတွေလဲ မသိဘူးတဲ့  ထန်းကုန်းရွာဈေးထဲကဆိုင်ကို ဘာသာခြားဆိုင်မှန်း သိတဲ့လူကို ထန်းကုန်းရွာခံကတော့ မသိပါဘူးတဲ့။ ညီမလေး စဉ်းစားဖို့ ဒုတိယအချက်
ညီမလေးရေ … …
တကယ်တမ်းပြောရရင် တကယ့်အဖြစ်မှန် ဖြစ်ခဲ့ဖူးတယ်။ ကြိုးကြာက မိန်းကလေးကို ရွာအပြန်လမ်းမှာ ကျူးလွန်လိုက်တယ် အဲဒီတုန်းက ဘဘတို့ ရှိလို့  အဲဒီပြသနာကို ကောင်းကောင်းကြားလိုက်တယ်။ ဒီလို မီးရှို့မယ်တွေဘာတွေ ဖြစ်လိုက်သေးတယ်။ အဲဒီတုန်းက သတင်းရင်းမြစ်က ဒီထက်တိကျတယ် ခိုင်လုံတယ်။ ဒါကို ဘယ်အိမ်မှမီးမလောင်ပဲ ရုတ်ရုတ် ရုတ်ရုတ်နဲ့ပဲ ပြီးခဲ့တယ်။ အဲဒီလို ရွာက အခု ကျူးလွန်တာ သေချာလား မသေချာလား အတိအကျမသိတဲ့ ဖြစ်ရပ်ကို ဒီလောက်အထိ အခြေအနေ ဆိုးဝါးသွားတာက တွေးစရာ တတိယအချက်။
အဲဒီတုန်းက ထန်းကုန်းရွာ ရဲစခန်းတခုတည်းက ထိန်းနိင်တယ် အခု တခြားကလုံခြုံရေးတွေလာတာတောင် မထိန်းနိင်ခဲ့တာ အဲဒီလူတွေက တို့နယ်ကလူတွေ ဟုတ်ရဲ့လား? ဒါမှမဟုတ် တို့ဒေသက လူတွေပဲ ပြောင်းလဲကုန်တာလား? ဒါမှမဟုတ် အခုလာတဲ့ လုံခြုံရေးတွေက အရင်ကိစ္စဖြစ်တုန်းက တာဝန်ယူခဲ့တဲ့ ထန်းကုန်းက ရဲတွေလောက်ကို မတော်ကြလို့လား? ဒါကတွေးစရာ စတုထ္တအချက်။
နောက်ပြောချင်တာက ရွာအစုံစုံက ချီတက်လာတဲ့ လူအုပ် ထန်းကုန်း အနောက်မြောင်းဘောင်ပေါ်မှာ စုမိကြတယ်။ လုံခြူံရေးကားတွေပေါ်ကနေ သေနတ်ဖောက်ပြီး လူစုခွဲတယ်။ သေနတ်တချက် ဖောက်လိုက်တိုင်း လူအုပ်ကြီးက ညာသံတချက်ပေးတယ်။ သေနတ် ဆယ်ချက်တိတိဖောက် လူစုခွဲတယ်။
တချက်ပြီးတိုင်း ဟေး ခနဲ ညာသံတခါအော် ရှေ့သို့ သာတိုးလာကြသတဲ့။ ဘယ်လိုမှ လူစုခွဲမရဘူးတဲ့ ရွာသူတယောက်နေနဲ့ မမ အံ့သြတာပါ။ ဟိုအရင်က သူကြီး ဦးမြင့်ဆွေ ငှက်ပစ်တဲ့ လေသေနတ်သံတောင် ကြောက်တတ်လို့ ငြိမ်ကျသွားတဲ့ ထန်းကုန်းမြေမှာ လေသနတ်ထက် အဆင့်မြင့်တဲ့ လူသေ သေနတ်ကိုများ “ဟေး” တိုက်လို့  လုံခြူံရေးသနတ်ကျည်ဆံက မိုးယံသာ လွင့်ပြန်မယ်လို့ ယုံကြည်ထားတာလား? ဘာကြောင့်လဲ? ဒါက ပဉ္စမ အချက်။
ဘယ်ရွာမှာဖြစ်ဖြစ် နစ်နာသူကမိန်းကလေး တယောက်တည်း အလုပ်သွားအလုပ်ပြန်သူ အဖော်မပါသူ။ ပြဿနာတိုင်းက မျက်မြင်သက်သေ ထွက်လာတာမကြားဖူးသေး။ ပြဿနာအစ မျက်မြင်သက်သေမရှိတာ မထူးဆန်းပေမယ့် ရွာတိုင်းမှာ မျက်မြင်သက်သေမရှိတာက စဉ်းစားစရာ နံပါတ်ခြောက်။
နောက်ထပ်စဉ်းစားစရာ က ဒီလောက်အကဲဆတ်ပြီး ပြဿနာ ဖြစ်လွယ်နေတဲ့အချိန်မှာ မိန်းကလေးကို ပြသနာရှာသူက ရိုးရိုးလူမှ ဟုတ်ရဲ့လား? စိတ်ပေါ့သွတ်နေသူလား? ရူးသွတ်နေသူလား? ဆင်ခြင်ညဏ်နည်းပါးသူလား? ဒါမှမဟုတ် ဘယ်လိုလူလဲ? ဒါက နံပါတ် ခွန်။
ဆင်တူယိုးမှား ပြဿနာတဂျိန်းဂျိန်း ဖြစ်တယ်။ ကာကွယ်တားဆီးရေး ကော်မတီတွေ လူထုဘက်ကသာ ဖွဲ့တယ် အူပ်ချူပ်သူများက အခုထိ ထိထိ ရောက်ရောက် တားဆိးနိင်တဲ့ နည်းလမ်းကို ရှာမရ သေးတာလား? မရှာကြ သေး တာလား? ဒါက ရှစ်ချက်မြောက် တွေးစရာ။
ညီမလေးရေ နောက်တခုက မမသူငယ်ချင်းတဦးက ပြောတယ် ဒီပြသနာတွေက မတူညီတဲ့ ဘာသာနှစ်ခုအကြား ဖြစ်ပွားတဲ့ ပြဿနာပဲ။ ဖြစ်အောင်တမင်လှုံ့ဆော်သူ ရှိနေမယ် မယူဆဘူးတဲ့ အဲဒီလို ပြောနေတဲ့ မမသူငယ်ချင်းနဲ့ တခြားသူ တွေ အတွက် စဉ်းစားစရာက အဲဒီည အေးချမ်းမွန်ဆိုတဲ့ page က ဘာသာခြားတယောက်က ကျူးလွန်တယ် ကြားရတယ်လို့ တင်ထားတာကို နာမည်ကျော် accounts များက ဘာသာခြားသုံးယောက် တယောက်မဟုတ်ဘူး ဆိုပြီး ပီပီပြင်ပြင် ဆဲ ကြပါတယ်။
ကိုယ့်ရွာဖြစ်လို့ ရွာကို ဖုန်းဆက်ကြည့်တော့ ကျေးရွာအုပ်ချုပ်ရေးကကို အပြောတွေပဲ သေချာမသိသေးဘူး ပြောတယ် လေလှ်ိုင်းပေါ်က လူတွေကတော့ အတိအကျကို သုံးယောက်၊ မုဒိမ်းမှုကလည်းအစစ်ပဲ ပြောတယ်။ မသေမချာ သဘောလေး သတင်းတင်တဲ့သူကို မအေ နှမ ဘာသာခြားပေးစားပြီးဆဲတယ်။
ဒီဇာတ်ကို ဘာသာခြားသုံးယောက်ဆိုမှ ဇာတ်ရှိန် တက်မယ်။ မုဒိမ်းကျင့်တယ်ဆို မှ ဇာတ်ကောင်းခန်း ရောက်မယ်။ ဒီသဘော ယူဆပြီး သတင်းတွေ ရှယ်နေတဲ့သူ၊ သတင်းတင်တဲ့သူတွေကို ဘယ်လို နာမည်တပ်ရမလဲ? လိုလားသူလား? လက်ဆော့သူလား? ဒါကစဉ်းစားစရာ ကိုးချက်မြောက်ပဲညီမလေး။
နောက်ဆုံး ဆယ်ချက်မြောက်က မီဒီယာတချို့နဲ့  အဲဒီ မီဒီယာတွေကို သတိပေးခြင်း မရှိသေးသော တာဝန်ရှိသူတွေပဲ။
ညီမလေးရေ … … ရခိုင်ကိစ္စကစပြီး မိထ္တီလား၊လားရှိုး၊ ဥက္ကံ ခရီးတွေ ပျံနှံ့ခဲ့ပြီ ဒီလိုဘာသာခြားနဲ့ ဖြစ်တဲ့ ကိစ္စတွေမှာ အမှုဖြစ်တဲ့ နှစ်ဘက်ရဲ့ ဘာသာတွေကို မထည့်မနေထည့်ဖို့ လိုသလား? အစဖြစ်တုန်းက ထည့်တာ ထားအုံး ဒီလောက် အကဲဆတ်လွယ် ကြေမွလွယ် ထိရှလွယ်တဲံ့ အချိန် မီဒီယာတွေ ဆက်ထည့်ဘို့ သင့်မသင့် မစဉ်းစားကြဘူးလား? တကယ်ဆိုရင်ကွယ် ပြသနာအစအချိန်မှာ တို့ဂျာနယ်က ဒီသတင်းမတင်ဘူး သတင်းပြန့်သလို ဖြစ်မှာစိုးလို့  ဒီလို ခံယူတဲ့ ဂျာနယ်တွေ မရှိကြတော့ဘူးလား? ဂျာနယ်တွေက ဒီလို မတွေးပေးတတ်ရင်လည်း တာဝန်ရှိသူများက ဒီလို ဘာသာမတူတဲ့လူ ပြသနာတွေ အစိုးရသတင်းကသာ ထုတ်ပြန်မယ့် ပြင်ပစာစောင်များ မထည့်ကြပါနဲ့တော့။ ဒီလို ထိန်းသင့်တဲ့ အချိန်မရောက်သေးဘူးလား ? ညီမလေးရေ. မီဒီယာတွေလည်းထိန်း တာဝန်ရှိသူများကလည်း ထိန်းပေးသင့်ကြောင်း အချိန်မကျသေးဘူးလား? ဒါက ဆယ်ချက်မြောက် တွေးစရာပဲ။
ဒီလိုပြောလို့ ဒီမိုကရေစီလေ စာပေစိစစ်ရေးမရှိတော့ဘူးလို့တော့ မမကို လာမပြောပါနဲ့  ထိန်းသင့်တဲ့အချိန်မှာ ထိန်းပေးရမယ်။ မမပြောပြမယ် ဒီမိုကရေစီ ခေတ်မှာလည်း တာဝန်ရှိသူဆိုတာ တာဝန်ရှိတာပါပဲ။ ဒီမိုကရေစီဖြစ်လို့  ပြည်သူက လိုတာကို ထောက်ပြနိင်တယ် တာဝန်ရှိသူက တာဝန်ကို ယူနိင်ရမယ်။ မယူနိင်ရင် ယူနိင်သူကိုပေးရမယ် လတ်တလော အဖြစ်အပျက်တွေ ပရမ်းပတာတွေ က. တာဝန်မယူနိင်သေးလို့ ဖြစ်နေတာလား??
ဒီမိုကရေစီဆိုတဲ့ စကားလုံးကြီးကြောင့် ထင်တိုင်းကျဲနေတာလား? ဒီစကားလုံးကို လူဆိုးဖြစ်အောင် လုပ်နေကြသလား?
သဘာဝအလျောက် အလိုလို ဖြစ်နေတဲ့ ပြသနာတွေလား? ဒါကညီမလေး စဉ်းစားဖို့ နောက်ဆုံး ဆယ့်တစ်ချက် မြောက်ပါ။
ညီမလေးရေ … …
ဒီလောက်ဆို မမငယ်ချစ်အတွက် မေးချင်တဲ့ မေးခွန်းတွေ စဉ်းစားကြည့်စရာလေးတွေ မမပြောပြီးပါပြီ။
ညီမလေးက ဖတ်လို့ ပြီးတာနဲ့  ပြောလာမဲ့ စကားတခွန်း ကိုလည်း သိပါတယ်။
မမက သူများကိုပဲ မေးခွန်းထုတ်ပြီး တွေးခိုင်းတယ် မမအမြင်ကဘာလဲ ဘာမှပြောမသွားပါလား?
နစ်နာတဲ့မိန်းကလေးအတွက်လည်း မိန်းကလေးအချင်းချင်း တစုံတရာတော့ ပြောသင့်တယ် ဒီလိုပြောလိမ့်မယ်
ညီမလေးရေ … …
ပထမဆုံး နစ်နာတဲ့ မိန်းကလေးအတွက် မမပြောပါမယ် သူမအတွက်မမ. စိတ်မကောင်းပါဘူး။နစ်နာရင်လည်းစိတ်မကောင်းစရာ မနစ်နာရင်လည်း စိတ်မကောင်းစရာပါပဲ။
ဘာလို့လဲဆိုတော့ သူမတကယ်မနစ်နာခဲ့ရင်တောင် “ဒီပြသနာအစ ငါက” ဆိုတဲ့ အတွေးဝင်သွားနိင်မယ်။ သူမနဲ့ တွဲပြီး အဖြစ်အပျက်ကို လူတွေမှတ်မိခြင်းခံရမယ်။ ဒါကသူမရဲ့ နစ်နာခြင်းတွေပေါ့။
ဒုတိယဖြေချင်တာက ဒီဖြစ်စဉ် ဘယ်ကစတာအမှန်လဲသိဖို့ မမတော့ အားမစိုက်ချင်ပါဘူး။ ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးဖို့က ပြည်သူတွေရဲ့ အဓိကအလုပ်မဟုတ်ဘူးလေ။ အဲဒီအလုပ်က တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူထားသူ တွေက ဖော်ထုတ်ပေးလိမ့်မယ် ညီမလေးရေ။
မမတို ပြည်သူတွေက တရားခံကို ဘယ်သိနိင်မှာလဲ? ပြည်သူတွေအလုပ်က ဒီအဖြစ်အပျက်ကြောင့် မမတို့ ပြည်သူအနေနဲ့ ဘယ်လိုထိခိုက်ကြောင်း တာဝန်ရှိသူများကို ပြောပြဖို့ မမတို့ အမြင်ကို အသိပေးဖို့ပဲလေ။
နောက်တခုက မမအမြင်ကို မပြောပဲ ညီမလေးကို မေးခွန်းတွေ မေးပြီး အဆုံးသတ်ထားတာက အကြောင်းရှိလို့ပါ။
ညီမလေး ကြားဖူးလား
ပုံပြောသူ သုံးမျိုးရှိတယ်လေ “အမှန်ပုံပြောသူ” သူက ပုံပြင်ကို ပြောသွားပြီး တွေးစရာ ဘာတွေရှိလဲ အစပျိုးပေး ထားခဲ့တဲ့နည်း၊ နားထောင်သူက ပေးထားတဲ့လမ်းကြောင်းကို လိုက်တွေးလိုရင်တွေးလို့ ရတယ် မတွေးလိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်တွေးချင်တာတွေးပြီး ကိုယ်ယူဆချင်သလို ယူဆနိင်တယ်။ အတွေးကလွတ်လပ်တယ်။ ပုံပြောသူနဲ့ သဘောကွဲချင်ကွဲမယ် တူချင်လည်းတူမယ်။ ကြိုက်ရာဖြစ်နိင်တယ်။
နောက်တယောက်က “ပုံပြောကောင်းသူ ” သူကတော ပုံပြင်ပြောပြီးသွားရင် ဒီပုံပြင်လေးကို ကြည့်ခြင်းအားဖြင့်လို့  အစချီပြီး သူပေးချင်တဲ့ အယူအဆကိုပေးမယ်။ စည်းရုံးတဲ့ ပုံပြောသူပေါ့။ နားထောင်သူက နားထောင်လို့ တော့ကောင်းတယ်။ ဒါပေမဲ့  သူပေးတဲ့ အတွေးကလွဲပြီး ကျန်တာမတွေးမိတော့ဘူး။
နောက်ဆုံး တယောက်က “ပုံပြောရိုးသူ” သူကတော့ ပုံပြင်ကို ဇာတ်လမ်းတပုဒ်လို ပြောသွားတယ် ဘာမှတွေးစရာမလိုဘူး ကလေးတွေငြိမ်ငြိမ်နေဖို။ ရည်ရွယ်ချက်တခုနဲ့သာ ပုံပြောသလိုမျိုး ထူးထူးခြားခြား ရည်ရွယ်ချက် မရှိဘူးပေါ့။
အေးကွယ် အခုလည်း မမက တို့ရွာလေးအကြောင်းကို စိတ်မကောင်းစရာ ပုံလေးတပုဒ်လို ပြောသွားတာပါ ဒါပေမယ့် မမက “အမှန်ပုံပြောသူ” တယောက်ဖြစ်ချင်တာမို့ မမအတွေးနဲ့ ဘောင်ခတ်မထားပဲ ညီမလေးကိုလည်း တွေးခိုင်းထားတာပါ။ ဒီအဖြစ်အပျက်အပေါ်မှာ ညီမလေးက ဘယ်လိုတွေးပြီး ဘယ်လိုယူဆတယ်ဆိုတာကိုလည်း မမဆီကို စာပြန်ပါအုံးနော်။ တို့နှစ်ယောက်အမြင်က တူချင်မှတူမှာပေါ့လေ။ မမတို့ ညီအစ်မနှစ်ယောက် အမြင်တွေ ဖလှယ် ကြသေးတာပေါ့။
ချစ်တဲ့ မမ
2:00pm – 27.8.13
မှတ်ချက်။     ။ မ Kay Kay ရဲ့ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည့် “ညီမလေးသို့ပေးစာ ၁ နှင့် ၂ ” ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံ အနည်းငယ်နှင့် စာဖတ်ရတာ အဆင်ပြေအောင် Format ညှိရုံကလွဲပြီး မူရင်းအတိုင်းကူးယူ မျှဝေထားခြင်းဖြစ်ပါသည်။
Link >>http://goo.gl/xzEDbl
Tags:
Leave a Reply