စက်တင်ဘာ၊၁၉
M-Media
မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။
စစ်အုပ်ချုပ်ရေးခေတ်မှ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစိုးရခေတ်သို့ရောက်လာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ ထိုးကျစိုက်ဆင်းသွားသည်ကိုတွေ့ရသည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့တစ်ခုမှ ဆိုလိုက်သည်။ ဤသို့ကျဆင်းမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် သွေးနုသားနုဒီမိုကရေစီအပြောင်းအလဲအား ထိခိုက်နိုင်သည်ဟုလည်း သတိပေးကြသည်။
တရုတ်နိုင်ငံမှ လာရောက်ပြုလုပ်သည့် မြစ်ဆုံဆည် နှင့် လက်ပံတောင်းကြေးနီစီမံကိန်းများကို မြန်မာပြည်သူများမှ ဆန့်ကျင်ကြခြင်း၊ မြန်မာအာဏာပိုင်တို့ကလည်း စီမံကိန်းများကို ဆိုင်းငံ့ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုအပေါ် ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့ပြီဟု ၀ါရှင်တန်နိုင်ငံခြားရေးမူဝါဒတက္ကသိုလ်၊ Stimson Centre ၏ သုတေသီတစ်ဦးဖြစ်သူ ယွန်ဆန် က ရေးသားတင်ပြသည်။
“ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တရုတ်စီမံကိန်းများဖြင့် အခိုင်အမာအခြေတည်ခဲ့ကြသည်။ ယခုသော် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရုတ်ခြည်းထိုးချသွားသည်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်များသော၊ မသင့်တော်သောနေရာဒေသအဖြစ် တရုတ်မှ ယူဆနေလေပြီ။ ၄င်းအပြင် မြန်မာအစိုးရမှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုကာကွယ်ရေးမပြုလုပ်ခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်နေသည် ” ဟု ရေးသားလိုက်၏။
မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၄၀၇ သန်းမျှသာ ရှိတော့သည်။ တရုတ်ပြည်မှအပ အခြားပြည်ပရင်းနှီးမြှုပ်နှံမှုသည်လည်း မဆိုစလောက် ကျဆင်းလာသည်ကိုတွေ့ရ၏။ ၂၀၁၀-၂၀၁၁ တွင် ပြည်ပမှတိုက်ရိုက် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment(FDI) စုစုပေါင်းမှာ ဒေါ်လာ ၄.၆ ဘီလီယံ မှသည် ၂၀၁၁-၂၀၁၂ နှစ်ကုန်စာရင်းတွင် ဒေါ်လာ ၁.၄ ဘီလီယံသာ ရှိတော့သည်။
ဤလမ်းကြောင်းမှာ မြန်မာ့စီးပွားရေးဦးမော့မှုကိုသာမက ဒီမိုကရေစီအပြောင်းအလဲအား ခြိမ်းခြောက်လျက်ရှိ၏။ နိုင်ငံ့ အခြေခံလိုအပ်ချက်များ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတွက်ရေးအတွက် အဓိက နှင့် အခြေခံအကျဆုံးဖြစ်သည်ဟု ယင်းရေးသားချက်၌ အောက်ပါကဲ့သို့ ဖော်ပြသည်။
“ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသစ်၏ စီးပွားရေးအောင်မြင်မှုသည် တိုင်းပြည်၏နိုင်ငံရေးအပြောင်းအလဲ ရေရှည်တည်တံ့မှုအပေါ် အထူးမူတည်လျက် ရှိသည်။ မြန်မာ နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှစ်ဖက်စလုံးမှ သံသယ နှင့် အာဃာတလျှော့ချရေးတို့ကို ပြန်လည်သုံးသပ်ရမည့် အနေအထားတစ်ရပ် လိုအပ်နေပါသည်။ နှစ်ဖက်စလုံး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို စဉ်းစားဆောင်ရွက်ရန် အရေးကြီးပါသည် ” ဟု အစီရင်ခံစာ၌ သတိပေး ဖော်ပြထားသည်။
တရုတ်သံရုံးပြောဆိုခွင့်ရပုဂ္ဂိုလ် ကောင်းဝ်မင်းဘိုက တရုတ်၏ FDI သည် ၂၀၁၁ ခုနှစ်မှစ၍ သိသိသာသာ ထိုးကျခဲ့ကြောင်းကို အတည်ပြုကာ “ ယမန်နှစ်က FDI အနေအထား တော်တော်ဆိုးတယ်။ ဒီနှစ်မှာတော့ မဆိုစလောက်လေး ပြန်တက်နိုင်ကောင်းပါမယ် ” ဟု ပြောကြားသည်။
ဆိုင်းငံ့ထားသည့်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် တရုတ် မြန်မာ နှစ်နိုင်ငံစလုံးအနေနှင့် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာပြဿနာတို့ကို အဖြေရှာဖို့ အရေးတကြီးလိုအပ်နေသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြားသွား၏။
“ နှစ်ဖက်စလုံးက ကြိုးစားမှုကို မြှင့်တင်လိုက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ တော်တော်ကြီးကြိုးစားနေတာကိုလည်း ထင်ထင်ရှားရှားတွေ့ကြရမှာပါ။ စီမံကိန်း လုပ်ငန်းဆောင်ရွက်တဲ့ တရုတ်လူမျိုးတွေအကြား အန္တရာယ်ကိုလက်ယပ်ခေါ်တာမျိုး မဖြစ်ရအောင် တိုးမြှင့် သတိပေးဖို့ လုပ်ရပါမယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု စီမံချက်များနဲ့ပတ်သက်ပြီး ဒေသခံတွေ နဲ့ မီဒီယာတွေဆီ ပိုမိုကွင်းဆင်းလေ့လာထိတွေ့သွားဖို့လည်း လိုအပ်ပါတယ် ”။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း မြန်မာစစ်အာဏာရှင်တို့က နိုင်ငံရေးနှင့်စီးပွားရေးတွင် တရုတ်ပြည်အပေါ် အလွန်အကျွံ အားထားခဲ့ကြသည်။
၂၀၀၈ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံသွားဖို့ ပီကင်း(ဘေဂျင်း) မှ စတင် ခြေလှမ်းခဲ့သည်။ ဧရာမစီမံကိန်းကြီး သုံးခုဖြစ်သော ရေအားလျှပ်စစ် အတွက် ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံဆည်တမံတည်ဆောက်ရေး၊ ဒေါ်လာ ၁ ဘီလီယံမြှုပ်နှံမည့် လက်ပတောင်းကြေးနီ သတ္ထုတွင်း၊ ဒေါ်လာ ၂.၅ ဘီလီယံမြှုပ်နှံမည့် ရွှေ ရေနံနှင့်သဘာဓာတ်ငွေ့ပို့လွှတ်ပိုက်လိုင်း တို့အား အကောင်အထည်ဖော်ရန် နေပြည်တော်တွင် ဗိုလ်ချုပ်များနှင့် သဘောတူလက်မှတ်ရေးထိုးသည့်အဆင့်ထိ ရောက်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက တရုတ်နိုင်ငံသည် ဤသို့သောပတ်သက်ထိတွေ့မှုအားဖြင့် မြန်မာ့သယံဇာတအရင်းအနှီးများကို ကျယ်ပြန့်စွာ ချုပ်ကိုင်နိုင်ရန် ရည်မျှော်၍ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည် ဟု ဆွန်က ရေးသားထား၏။
သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏အရပ်သားတစ်ပိုင်းအစိုးရတက်လာပြီးသည့်နောက် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၅ ခုနှစ်အထိ ဆိုင်းငံ့လိုက်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းသတ္ထုတွင်း စီမံကိန်းကိုလည်း ဆိုင်းငံ့ခဲ့သည်။
ဆိုင်းငံ့လိုက်သည့်ဆုံးဖြတ်ချက်နှစ်ရပ်လုံးမှာ ထိုစီမံကိန်းတို့သည် တရုတ်ပြည်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံကုမ္ပဏီများကိုသာ အကျိုးအမြတ်ထွက်စေပြီး သက်ဆိုင်ရာဒေသတွင်းရှိ လူ့အဖွဲ့အစည်းတို့၏ လူမှုရေးရာ နှင့် သဘာ၀၀န်းကျင်အပေါ် ဆိုးကျိုးဖြစ်ပေါ်မည်ကိုစိုးရိမ်လာသဖြင့် မြန်မာလူထုတို့မှ ထင်ထင်ရှားရှား ဆန့်ကျင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ခွန်းမင်အထိ သွယ်တန်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင်လည်း ပြဿနာ အချို့ရှိလာပြန်သည်။ အဘယ်ကြောင့်ဟူမူ ယင်းဖက်စပ်စီမံကိန်းတွင် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ တောင်ကိုးရီးယား လေးနိုင်ငံမှ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။
လွန်ခဲ့သောလအနည်းငယ်၌ လွှတ်တော်မှ လက်ပံတောင်းကိစ္စစုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ကာ စေလွှတ်ခဲ့သည်။ ယင်းစီမံကိန်းသည် မြန်မာအစိုးရအတွက် အကျိုးအမြတ်များပြားလျှင်၊ ၄င်းအပြင် ဒေသတွင်းဆိုင်ရာပြဿနာများကို ဦးတည်ဖြေရှင်းပေးနိုင်လျှင် ၄င်းကို ပြန်လည်ဖော်ဆောင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။
သို့ဖြင့် တရုတ်စီမံကိန်းအရာရှိများ နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်အုပ်စုတို့၏ အကျိုးအမြတ်ကို အကြီးအကျယ်ဖြတ်တောက် လိုက်ပြီး မြန်မာအစိုးရအတွက် ၀င်ငွေ အကျိုးဖြစ်ထွန်းစေသော စီမံကိန်းဆိုင်ရာစာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန်ဖြစ်လာတော့သည်။
ဤသဘောတူညီမှုအသစ်သည် ပြည်တွင်းရေး၊ နိုင်ငံရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး တို့ကို အကျိုးအမြတ်မျှဝေ ခံစားမှုအားဖြင့် ပြန်လည်ညှိနှိုင်းရန်၊ သို့သာမက တရုတ်ရင်းနှီးမြှုပ်နှံသူများအဖို့ မြန်မာနိုင်ငံရှိ မိမိတို့၏စီမံကိန်းအားနည်းလိုအပ်ချက်များအပေါ် သတိပြုဖြည့်ဆည်းစေရန် အရေးပါသောတိုးတက်မှုတစ်ရပ်ဖြစ်သည် ဟု Stimson Cetre ၏အစီခံစာမှ တင်ပြလိုက်ပါသည်။
Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော “Drop in Chinese Investment Could Hurt Burma Economy, Reform: US Report” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်မြန်မာပြန် ဆိုပါသည်။
Comments