စက်တင်ဘာ၊ ၂၃
M-Media
လာမည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရုရှနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်သည့် Yekaterinburg ၌ ဗလီဝတ်ကျောင်းသစ်ဖွင့်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်သည်။ ၄င်းမြို့၌ ဗလီငယ်လေး ၂ လုံးသာရှိရာ အစ္စလာမ်ဘာသာဝင်များ အဖို့ လူဦးရေနှင့်နေရာ မမျှမတဖြစ်နေသောကြောင့် နေ့ကြီးရက်ကြီးများတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် Verhnyaya Pishma ဗလီကြီး တည်ဆောက် ရခြင်းဖြစ်သည်။
ယင်းဗလီသစ်ကြီးတည်ဆောက်ရန် ၁၅ နှစ်တာအချိန်ယူခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ရမ်ဇာန်ဗလီ၏အိမာမ်(ရှေ့ဆောင်ဆရာ) Fatkulkodir Hasanov မှ Deputy of the Legislative Assembly ရှိ Sverdlovsk Yevgeniy Zyablitsev ထံသို့ အကူအညီတောင်းပန်ကြားခဲ့သည်။
“ ဒီပရောဂျက်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေစီစဉ်ဖို့၊ သင့်လျော်လျောက်ပတ်တဲ့နေရာရရှိဖို့ ကျွန်တော် သူ့ကို ကူညီပေးခဲ့ပါတယ်။ အဲ့ဒီနောက် သစ်သားဆောင်ဗလီငယ်လေးတစ်လုံးကို တည်ဆောက်ခဲ့တယ်။ ၁၅ နှစ်လွန်မြောက်ပြီး အခုအခါမှာတော့ Fatkulkodira Nasretdinovicha ရဲ့အိပ်မက်က ရုပ်လုံးပေါ်လာခဲ့တာပါဘဲ ” ဟု Yevgeniy Zyablitsev မှ ပြောပြသည်။
“Delovoi Kvartal” သတင်းစာ၏အဆိုအရ Yekaterinburg ၌ အငယ်စားဂျေရုဆလင် စီမံကိန်း တစ်ခုပြုလုပ်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။ Synagogue and Cathedra အနီးတွင် ၀တ်ပြု ဖိတ်ခေါ်မျှော်စင်လေးခု ပါဝင်ပြီး လူ ၂၅၀၀ ၀င်ဆန့်သော ဒေသတွင်း အခမ်းနားဆုံးဗလီ ၀တ်ကျောင်းတစ်ခု တည်ဆောက်ရန် ယင်းစီမံကိန်းထဲ ထည့်သွင်းခဲ့သည်။ ယင်းဒေသကိုလည်း “ဘာသာတရား သုံးမျိုး၏နယ်ပယ်” အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ဗလီအုတ်မြစ်ချပွဲကို ၂၀၀၇ ခုနှစ်ကပြုလုပ်ခဲ့သော်လည်း ရံပုံငွေပြဿနာကြောင့် တည်ဆောက်မှုလုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် တည်ဆောက်ရေး ရံပုံငွေကိုမူ ဆက်လက်ကောက်ခံ စုဆောင်းလျက် ရှိနေပေသည်။
Source : islam.ru
Yekaterinburg သည် ရုရှနိုင်ငံ၏စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်ပြီး ဥရောပနှင့် အာရှနယ်စပ်ပေါ် တည်ရှိသည်။ လူဦးရေမှာ ၂၀၁၀ ခုနှစ် စစ်တမ်းအရ ၁,၃၄၉,၇၇၂ ဦး(၁၃ သန်းကျော်) ရှိသည်။ ၄င်းမြို့သည် Ural Federal ခရိုင်အတွင်း စက်မှုလုပ်ငန်း နှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်မဒေသဖြစ်သည်။ မြို့အမည်ကို ၁၉၂၄ နှင့် ၁၉၉၁ ခုနှစ်အတွင်း Sverdlovsk (Свердло́вск) ဟု ခေါ်ဆိုခဲ့ကြသည်။
နယ်မြေအကျယ်အ၀န်း ၆,၅၉၂,၇၆၉ စတုရန်းမိုင် နှင့် လူဦးရေ ၁၄၂.၈ သန်းရှိသော ရုရှတွင် ဘာသာတရားကို ကိုးကွယ်လက်ခံသူမှာ အနည်းစု သာဖြစ်နေ၏။
နိုင်ငံတွင်း လက်ခံ ကျင့်သုံးခွင့်ပြုထားသော ဘာသာတရားများမှာ ရုရှအော်သိုဒေါ့စ်၊ ရှေးရိုးစွဲအော်သိုဒေါ့စ်၊ ကက်သလစ်၊ ဧ၀ံဂေလိ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး ၊ ဗုဒ္ဓဘာသာ နှင့် ၄င်းတို့၏မျိုးကွဲ အယူအဆများဖြစ်ကြသည်။ နိုင်ငံသား သန်း ၁၀၀ ခန့်မှာ မိမိကိုယ်ကို အော်သိုဒေါ့စ် ရုရှခရစ်ယာန်များဟု ခေါင်းစဉ်တပ်သော်လည်း အများစုက အမည်ခံမျှသာဖြစ်သည်။ ဒုတိယအကြီးမားဆုံး ခရစ်ယာန်အုပ်စုမှာ ပရိုတက်စတင့် ဖြစ်သည်။
လူနည်းစုဝင်များ၌ အင်အားအကြီးမားဆုံးမှာ မွတ်စ်လင်မ်များဖြစ်၍ လူဦးရေ ၁၄ သန်းမှ ၂၃ သန်းအကြားတွင် ရှိသည်။ ဗုဒ္ဓဘာသာဝင်များမှာ ၁.၅ သန်းမှ ၂ သန်းအတွင်းရှိကြသည်။
(ဤအချက်အလက်ကို http://en.wikipedia.org/wiki/Yekaterinburg နှင့် http://en.wikipedia.org/wiki/Freedom_of_religion_in_Russia မှ ထုတ်နှုတ်ဖော်ပြပါသည်)
Comments