6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မူရင်းဆောင်းပါးရှင် – ဒေါက်တာ မောင်ဇာနည်
သာကီ ထက်ကောင်း ဆီလျော်အောင် ဘာသာပြန်ပါသည်။
M-Media

2013-08-01-MYANMAR-rebel-graphicPhoto-Myanmar Peace Monitor, Oxford Analytica

မြန်မာစစ်ခေါင်းဆောင်တို့သည် တိုင်းရင်းသားတော်လှန်ရေးများနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုကို ရေရှည်ထိန်းသိမ်းထားလိုဟန် မရှိချေ။

ကားလ်မာ့ခ်စ်(Karl Marx) က သူ၏ ကွန်မြူနစ်ပါတီဝါဒကျမ်း(၁၈၄၈ ခုနှစ်)တွင် “ လက်ရှိကာလအထိဖြစ်တည်နေသော လူ့အဖွဲ့အစည်း သမိုင်းသည် လူတန်းစားများ၏ တိုက်ပွဲသမိုင်း ဖြစ်နေ၏ ” ဟု ရေးသားထား၏။ ယင်းသို့သော သုံးသပ်ချက်မှာ  မြန်မာ့ပြည်တွင်းရေး ပဋိပက္ခများရှိ တိုင်းရင်းသား လူတန်းစားတို့၏ အရေးပါမှုနှင့် ချိန်ထိုးကြည့်ပါက တစ်ဝက် တစ်ပျက်သာ မှန်ကန်ခြင်းရှိ၏။ ယခုအခါ ဤတိုင်းရင်းသားများ၏ လူမှုဘ၀ အရေးအရာတို့သည် နိုင်ငံရေး ကစားကွက်လေလောဟု ပညာရှင်များစွာ အဖို့ စဉ်းစားစရာဖြစ်လာသည်။ ကရင်၊ ကချင်၊ မွန်၊ ရှမ်း နှင့် အခြား တိုင်းရင်းသားတို့မှာ AK-47 သို့မဟုတ် M16 လက်နက်များ ကိုင်စွဲ၍ ဆက်လက် တိုက်ပွဲဝင်ရသည့် လမ်းကြောင်းသို့ရောက် ရှိနေသည်။ ၂၀၀၅ ခုနှစ်မှ စ၍ သူတို့သည် ရန်ကုန်နှင့်နေပြည်တော်ရှိ ၄င်းတို့၏ တစ်ယူသန် ရန်သူ့ခြေဖျားအောက်မှ တစ်ဖက်သတ်အနိုင်ယူ ၀န်းရံထားမှုကို အားမတန်မာန်လျှော့ ခံယူနေရပေသည်။

၁၉၄၈ ခုနှစ်လွတ်လပ်ရေးကာလကပင် တိုင်းရင်းသားလက်နက်ကိုင်စစ်ပွဲများမှာ အဆက်မပြတ် ကြိုကြားကြိုကြား ပွင့်အံဖြစ်ပေါ်နေခဲ့သည်။  ဗမာလူမျိုး မဟုတ်ဆိုသောအမြင်၊ ပြည်သူ့အရေးနှင့်စစ်ရေး နှစ်မျိုးလုံးတွင် ဗမာလူမျိုးတို့ လွှမ်းမိုးကြီးစိုးထားသည့် အစိုးရမှ သက်ဆိုင်ရာပြည်နယ်တို့၏ သဘာဝ အရင်းအမြစ်များကို ချုပ်ကိုင်ထားခြင်း၊ တန်းတူညီမျှ အခွင့်အာဏာအားငြင်းပယ်မှုတို့က ယင်းစစ်ပွဲတို့၏မောင်းခလုတ် ဖြစ်သွားစေခဲ့သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ် ကာလအတိုင်း စစ်တပ်၏ အရေးပါမှုကို ထိပ်တန်းတင်ဆဲ။ ကွာခြားသည်မှာကား စစ်ဗိုလ်ချုပ်များက ၄င်းတို့၏လက်ဝါးကြီးအုပ် အုပ်ချုပ်ရေးကို ရာစုနှစ်တစ်ဝက် လွန်သည်အထိ လက်ဝေခံထားကြသည်။ ဗြိတိသျှတို့အုပ်စိုးခဲ့စဉ်က မြန်မာနိုင်ငံသည် “ကမ္ဘာ့ဆန်အိုးကြီး” အဖြစ် ကမ္ဘာ့ပို့ကုန်ထက်ဝက်မျှ ထုတ်လုပ်တင်ပို့ခြင်းဖြင့် ၀င်ငွေကောင်းမွန်ခဲ့သည်။ မြန်မာဗိုလ်ချုပ်ကြီးများ လက်ထက်တွင်မူ မြန်မာနိုင်ငံကို ပလိုင်းပေါက်နှင့် ဖားကောက်ဘ၀သို့ တွန်းပို့လိုက်သည်။ ၄င်းမှာ ကမ္ဘောဒီးယား၏မျိုးသုဉ်း သတ်ဖြတ်မှုခေတ်လွန် အခြေအနေထက်ဆိုးသော အနေအထားဖြစ်နေ၏။

ဗိုလ်ချုပ်နေ၀င်း လက်အောက်ခံဖြစ်စေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်ခံဖြစ်စေ စစ်အာဏာပိုင်တို့သည် တိုင်းရင်းသားတော်လှန်ရေးများနှင့် ပတ်သက်၍ ငြိမ်းချမ်းမှုနှင့် မျှတမှုကို ရေရှည်ထိန်းသိမ်းထားလိုဟန် မရှိချေ။ ငြိမ်းချမ်းရေး သဘောတူညီမှုများ၌ အမြဲတစေ အာဏာရှင်ဆန်ဆန် ပြုမူလာခဲ့ကြသည်။ စစ်အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေး အုတ်မြစ်ချပြီးနောက် တစ်နှစ် ၁၉၆၃ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းသည် ဗမာမဟုတ်သည့် တိုင်းရင်းသားတော်လှန်ရေးအုပ်စုများကိုသာမက ဗမာကွန်မြူနစ်လက်နက်ကိုင် အုပ်စုနှင့် အသက်မပါသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လူသိရှင်ကြား ပြုလုပ်ခဲ့သည်။ အမြင်မတူညီသည့် အချို့အုပ်စုများ လက်ခံလာသည့်အခါ ရန်ကုန်အစိုးရသည် ၄င်းတို့အပေါ် လူရာမသွင်းသောမူဝါဒဖြင့် ဆက်ဆံခဲ့ကြသည်။ ဗမာမဟုတ်သော တိုင်းရင်းသားလူ့အဖွဲ့အစည်းများအပေါ် ဗဟိုအစိုးရ၏အာဏာတည်မြဲရန် ဗိုလ်ချုပ်သန်းရွှေမှ စစ်အင်အားစုထံ အဖန်တလဲလဲ ညွှန်ကြားခဲ့ပြန်သည်။ ၄င်းမှာ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက် မဟုတ်သည့်အပြင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး စံနစ်၏အစိတ်အပိုင်း တစ်ရပ်ဖြစ်နေသည်။

“ အမျိုးသားညီညွတ်ပေါင်းစည်းရေးကို အောင်မြင်သည်အထိ တည်ဆောက်ကြဖို့၊ ပြည်ထောင်စုပြိုကွဲစေမည့် အတွေးအမြင်အယူအဆ မှန်သမျှကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ် ” ဟု စစ်တပ်ဆေး တက္ကသိုလ်စာသင်ခန်းမတစ်ခုတွင် သူက ပြောကြားခဲ့သည်။

သို့အားဖြင့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော်လာသည့်တိုင်အောင် လက်နက်ကိုင်ပဋိပက္ခများကို သက်ဆိုးရှည်နေစေခဲ့သည်။ နေပြည်တော်ကိုဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့တို့သည် ၂၀၁၁ ခုနှစ်၊ ဇန္န၀ါရီလမှစ၍ အင်အားအရရော နိုင်ငံရေးအနေအထားပါ ထင်ထင်ရှားရှားအပြောင်းအလဲဖြစ်ကုန်၏။ ကချင်၊ ချင်း၊ ၀၊ နာဂတောင်တန်းဒေသများ၊ အခြားဒေသတို့နှင့်သီးခြားဖြစ်နေသော ရခိုင်ကမ်းမြှောင်ဒေသတစ်ခွင်၌ ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာသည်။

ရှမ်းပြည်တပ်မတော်(SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ နှင့် ကရင်အမျိုးသားတပ်ပေါင်းစု အပါအ၀င် လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများသည် မိုင် ၁၅၀၀ မျှရှည်လျားသော ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်၌ ဆက်လက်တပ်စွဲဖြန့်ကျက်ထားကြ၏။ ၄င်းဧရိယာမှာ အရှေ့ဖျားရှိ ရှမ်းတောင်တန်းမှသည် ထိုင်းနိုင်ငံမြောက်ဖက်နယ်စပ် ကရင်နီဒေသ၊ ၄င်း၏အောက်ဖက် တနင်္သာရီကမ်းရိုးတန်းအပြင် ထိုင်းနိုင်ငံ၏ Tak နှင့် Kanchanburi ပြည်နယ်များနှင့်ကပ်လျက် သံလွင်မြစ်တစ်ဖက်ကမ်းရှိ ကရင်နယ်ပယ်များအထိ ကျယ်ပြန့်သည်။

ဗမာမဟုတ်သည့်လူ့အဖွဲ့အစည်းများသည် နိုင်ငံ့လူဦးရေ ပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိနေကြသည်။ လွတ်လပ်ရေး ရရှိသွားခြင်းက မိမိတို့မှာ ဗြိတိသျှအုပ်စိုးမှုမှ လွတ်မြောက်၍ ဗမာလူများစု၏ ဖျစ်ညှစ် ဆုပ်ကိုင်မှုအတွင်း တဖန် ကျရောက်သွားသည်ဟု အမြင်ရှိနေကြ၏။ ကွင်းလုံးကျွတ်လွတ်လပ်ရေး မရခင်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်ရေး၏ ပင်မ အသက်ဖြစ်သော – မိမိညီနောင် တိုင်းရင်းသားများကို ယဉ်ကျေးမှု၊ အာဏာ နှင့် လူမျိုးရေးတွင် တန်းတူညီမျှမှု ရှိစေမည်ဟု ကတိက၀တ် ပေးခဲ့ကြသည်။ သို့သော် လူထုနှင့်စစ်တပ် နှစ်ရပ်လုံးရှိ အမျိုးသားရေး ၀ါဒီများက လွတ်လပ်ရေးရပြီး ကာလတွင် ဤအခြေခံစည်းမျဉ်းကို ချိုးဖျက်ခဲ့ကြသည်။ သီးခြားအုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ဥပဒေပြဋ္ဌာန်းခွင့်ကို သဘောတူထားလင့် ကစား ၄င်းတို့မှာ လူတစ်စုတည်း၏ အကျိုးအမြတ်ကိုသာဖြစ်ထွန်းစေသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အသစ်အား အဓမ္မ လက်ခံစေခြင်း ခံလိုက်ရပေ၏။

၁၉၄၇ အခြေခံဥပဒေတွင် လွတ်လပ်ရေးရပြီးနောက် ရှမ်းနှင့် ကရင်နီတို့ကို ၁၀ နှစ် အစမ်းကျင့်သုံးစေမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသားတို့၏ အဓိက ရည်ရွယ်ချက်များမှာ မြန်မာပြည်ထောင်စု ဟူသော ခေါင်းစဉ်အောက်ဝယ် မှေးမှိန်ခဲ့ရသည်။ သို့သော် ၁၉၈၀ ခုနှစ်များအလွန်မှစတင်ကာ နိုင်ငံအတွင်းအပြင်ဖွံ့ဖြိုးရေးက တိုင်းရင်းသားတို့၏မူလခံစားခွင့်ကို ပြန်လည်ရယူရန် တွန်းအားပေးခဲ့ပေသည်။ နိုင်ငံပြင်ပရှိ ပထ၀ီနိုင်ငံရေးတန်းညှိခြင်းများ အနက် လက်နက်ကိုင်ဗမာပြည် ကွန်မြူနစ်အဖွဲ့ကို တိုက်ထုတ်ရန် မြန်မာစစ်တပ်အတွက် အနောက်တိုင်း၏ စစ်အေးကာလ ကျားကန်ထောက်ပံ့မှုက မြန်မာနိုင်ငံ၌ ပြည်တွင်း စစ်ဖြစ်ပွားမှုကို သက်ဆိုးရှည်စေခဲ့သည့် အကြောင်းတစ်ရပ်ဖြစ်သည်။ သမိုင်းကြောင်း ရန်သူဖြစ်သော ထိုင်းနိုင်ငံ၏ နိုင်ငံရေး အငြိုး နှင့် စီးပွားရေးစားကျက်လုခြင်းများ၊ ၁၉၇၀ နှစ်များအတွင်း ဗမာပြည်ကွန်မြူနစ် ပါတီအား စစ်ရေးနှင့်အယူအဆအရ ခိုင်မာစွာ ထောက်ပံ့ခြင်း၊ မအောင်မြင်သော ဆိုရှယ်လစ် စစ်အုပ်ချုပ်ရေးကာလ အတွင်း ပြည်တွင်းမှောင်ခိုဈေးကွက်၊ နယ်စပ်ဖြတ်ကျော် မှောင်ခို လုပ်ငန်းများတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး ဘိန်းဖြူထုတ်လုပ်သည့် တိုင်းပြည်တစ်ခု ဖြစ်လာခဲ့၏။

ပဋိပက္ခများအကြား မြန်မာတိုင်းရင်းသားတို့၏စီးပွားရေးအခြေအနေမှာ ကုန်ထုတ်လုပ်ခြင်းအပေါ် ထိန်းချုပ်ရန် အားထုတ်မှုများ၊ လုပ်အားခ အငြင်းပွားမှုများ၊ အလုပ်အကိုင် အခြေအနေများကြောင့် မျှတမှု ကင်းမဲ့နေသည်။ တိုးတက်ဖို့အလားအလာ နည်းပါးလျက်ရှိသည်။ စင်စစ်၌ အကြောင်းတရားမှန်မှာ ဤစစ်ပွဲများပင် ဖြစ်သည်။ ယခုအခါ ဗိုလ်ချုပ် မျိုးဆက်သစ်များအောက်ဝယ် မတရား အမြတ်ကြီးစား အာဏာပိုင်တို့သည် စီးပွားဖြစ်ထွန်းရာ သို့မဟုတ် အချက်အခြာကျရာ နယ်မြေများကို ၄င်းတို့၏ လိုအပ်ချက်အရ အကြွင်းမဲ့ထိရောက်စွာ ခြယ်လှယ်ထား လိုကြပေသည်။ KIA နှင့် KNU ကဲ့သို့သော တိုင်းရင်းသားတော်လှန်ရေး အုပ်စုများအဖို့ ဘေဂျင်းနှင့် ဘန်ကောက်ထံမှ ပြည်ပ အထောက်အပံ့များ ခန်းခြောက် ကုန်သဖြင့် အခြေအနေ ဆိုးရွားနေဆဲဖြစ်ရသည်။ တိန့်ရှောင်ဖိန်လက်ထက် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံ (နှင့်) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ချောင်ဗာလစ် ယုံချိုင်ယု လက်ထက် ထိုင်းစစ်တပ်တို့သည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းကပင် ရန်ကုန်အား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သယံဇာတများကိုနှိုက်ယူမည့်စီးပွားရေးဆက်ဆံမှု၊ လက်နက်အရောင်းအ၀ယ်၊ နယ်စပ် ကုန်သွယ်ရေးတို့ကို အသုံးချလျက် အာဆီယံအတွင်း ဈေးကွက် ဖန်တီးရေးအလို့ငှာ အပြန်အလှန် စီးပွားရေးပူးပေါင်းလုပ်ဆောင်ကို အစီအစဉ် တကျ ဖော်ဆောင်လာခဲ့ကြသည်။

နယ်စပ်ဒေသများအပါအ၀င် တိုင်းရင်းသား နယ်ပယ်တို့မှာ နိုင်ငံ့နယ်မြေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ စစ်အေးခေတ်လွန် ရည်မှန်းချက်သစ်အတွက် မဟာဗျူဟာအရ – စီးပွားရေးအရ ယင်းဒေသများတွင် စစ်ပွဲအများအပြား ဖြစ်လာအောင် ခင်းကျင်းထားခြင်းဟု ဆိုရလိမ့်မည်။ ယင်းဒေသများ၌ ၀င်ငွေ စီးကြောင်းဖြစ်သည့် မြေပေါ်မြေအောက် သဘာဝ သယံဇာတများ တည်ရှိနေ၍ဖြစ်၏။ ဗမာ မဟုတ်သည့် အခြား တိုင်းရင်းသား အပေါ်ထားရှိသော စစ်တပ်၏ လူမျိုးကြီးဝါဒအား အဆုံးသတ် မသတ်ကို တပ်အပ် မသိရှိနိုင်သေး။  လန်ဒန်၊ ပဲရစ်၊ ဇူးရစ်ခ်ျ၊ နယူးယော့ခ်၊ တိုကျို၊ ဆိုးလ် အစရှိသော စွန့်ဦးဖက်စပ်အရင်းရှင်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အမြင်၌လည်းကောင်း၊ ဥရောပ သမဂ္ဂနှင့် ၄င်းအခြေပြုဖွံ့ဖြိုးရေးအေဂျင်စီများ၏ အမြင်၌လည်းကောင်း မြန်မာနိုင်ငံရှိ စစ်မက်ဇုံများက ဗျူဟာမြောက်နေရာများဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး အကျိုးအမြတ်ဖြင့် မြေရိုင်းနယ်သစ်များအား ထွင်းဖောက်နိုင်ချေရှိသေးကြောင်း တွေ့မြင်လာကြသည်။ တစ်ချိန်တည်းမှာပင် စစ်အေးကာလ အာဆီယံရှိ တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး အုပ်စုက ဗဟိုထိန်းချုပ်မှုဖြင့်လည်ပတ်နေသော တရုတ်နှင့် ဈေးကွက်ယှဉ်ပြိုင်သူများအဖြစ် အသွင်ကူးပြောင်းနေသည်။ တောင်အာရှ နှင့် အရှေ့တောင်အာရှ ပေါင်းကူးနယ်မြေ တစ်ခုဖြစ်နေသည့် မြန်မာနိုင်ငံသည် အာဆီယံ၏မဟာစီးပွားရေး အကွက်အကွင်းအတွက် လက်မလွှတ်နိုင်ဖွယ် အချက်အခြာဒေသ ဖြစ်လျက်ရှိပေသည်။
ပြင်ပနိုင်ငံများ၏ စီးပွားရေး အခွင့်အလမ်းများ ကြီးမားလှသည်ဖြစ်၍ ပဋိပက္ခအကြား နစ်မြုပ်နေသည့် မြန်မာလူ့ အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံလူ့ အခွင့်အရေး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အလားအလာ ကဲ့သို့ နိုင်ငံရေးတိုးတက်မှု ဖြစ်ထွန်းစေလိုကြသည်မှာ ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာပင် မလိုအပ်တော့ချေ။ သာဓကအားဖြင့်ဆိုရသော် လွန်ခဲ့သော ၂၅ နှစ်ခန့်တွင် အာရှဖွံ့ဖြိုးရေး ဘဏ်၏အဆိုအရ အာဆီယံမှဆောင်ရွက်ဆဲ အစီအမံများအတွက် ဒေါ်လာ ၅၅၀ ဘီလီယံကို အနောက်တိုင်း အုပ်စုတို့၏ကျောထောက်နောက်ခံဖြင့် ရရှိခဲ့၏။ အရှေ့တောင် အာရှတစ်ခွင်၌ တစ်ခုတည်းသော စွမ်းအင်ဈေးကွက်ကြီး ဖန်တီးနိုင်ရန် အလို့ငှာဖြစ်သည်။ ယင်းဈေးကွက်သစ်တွင် မြန်မာနိုင်ငံကဲ့သို့ စက်မှုစီးပွား အနိမ့်ကျဆုံးသောဒေသတွင်းမှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပြီး စက်မှုစီးပွား အရှိန်အဟုန်ကောင်းလာသော တရုတ်နှင့်ထိုင်းသို့ တင်ပို့မည်ဖြစ်သည်။ လတ်တစ်လောဆွေးနွေးချက်များအောက်ရှိ အလားတူ လျာထားချက် ၂၄ မျိုးမှ မမှန်းဆနိုင်သည့် အကျိုးစီးပွားကို မျှော်မှန်းထားကြသည်။

နယ်ခံတိုင်းရင်း နှင့် လက်နက်များ

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကပင် မြန်မာနိုင်ငံကို မဟာဗျူဟာမြောက်ဒေသအဖြစ် ပြည်ပအင်အားစုများက အမြင်ထားရှိခဲ့ကြ၏။ အရှေ့တောင်အာရှ စီးပွားရေးအတွက် တရုတ်နှင့် အိန္ဒိယဖက်သို့လမ်းပေါက်သော နောက်ဖေး တံခါးအဖြစ်လည်းကောင်း၊ ဖက်ဆစ် ဂျပန်အတွက် စစ်ဆင်နေရာအဖြစ်လည်းကောင်း၊ ဥရောပစီးပွားရေး အင်အားစုများအတွက် အချက်အခြာကျ ဆိပ်ကမ်းဒေသအဖြစ်လည်းကောင်း၊ သယံဇာတသိုက်ကြီးနှင့်ဈေးကွက် သစ်ဖော်ဆောင်နိုင်သည့် အကွက်အကွင်းအဖြစ်လည်းကောင်း အမြင် အသီးသီး ရှိနေခဲ့ကြ၏။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ဦးနေ၀င်း၏ အာဏာရှင်စံနစ် ကျဆုံးသော ၁၉၈၈ ခုနှစ်ထိ ယင်းနယ်နမိတ်များကို စစ်ခေါင်းဆောင်များမှ တိုက်ရိုက် ထိန်းချုပ်မှုအားဖြင့်လည်းကောင်း၊ ကိုယ်ပိုင်လွတ်လပ်ရေးကြိုးပမ်းသူ တိုင်းရင်းသား အဖွဲ့တို့ကို တိုက်ခိုက်ခြင်းအားဖြင့် လည်းကောင်း စည်းရိုးခတ်ထားခဲ့သည်။ ယင်း စစ်အေးခေတ်ကာလအတွင်း ထိုင်း၊ အိန္ဒိယ နှင့် တရုတ်ကဲ့သို့ အိမ်နီးချင်း အင်အားစုများက ဆန့်ကျင်ရေးအုပ်စုတို့နှင့် မဟာမိတ်ဖွဲ့ခဲ့သည် သို့မဟုတ် ကိုယ်စီအကျိုးအမြတ်ဖလှယ်နိုင်ရေး အတွက် ထောက်ပံ့ကူညီခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကား တရုတ်နှင့်ထိုင်းတို့၏တန်ပြန်ဗျူဟာမှထွက်ပေါ်လာသော မိမိတို့၏အတိုင်းအဆမဲ့ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ရယူရေးရည်ရွယ်ချက် ဖြစ်သည်။ ယခုသော် KIA ကဲ့သို့ တရားဝင်ဆန့်ကျင်ရေးအင်အားစုများ၊ ၀ပြည်နယ်ညီညွတ်ရေးတပ်ကဲ့သို့ ကနဦးပိုင်းမူးယစ်ဆေးဝါး ထုတ်လုပ်ကုန်ကူးသူအဖွဲ့များက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ရွေးချယ်ခဲ့ကြသည်။ ဗန်ကောက် နှင့် ဘေဂျင်းက ၄င်းတို့ကိုအသုံးချလျက် ဆန့်ကျင်ရေး ဗျူဟာသစ်ကို အစားထိုးခဲ့ပေသည်။ ထိုင်းနိုင်ငံအနေနှင့် မူးယစ်ဆေးဝါးဇုံများမှ ၀င်ငွေဖြောင့်နေသည်။ သို့သော် မူးယစ်ဆေး လုပ်ငန်းနှင့်ကင်းရှင်းနေခဲ့သည့် KNU နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ SSA အုပ်စု စသည့်အဖွဲ့များမှာမူ လက်ရှိတွင် တမဟုတ်ချင်းရေပန်းစားလာသော အစိုးရ၏အပစ်အခတ်ရပ်စဲရေးထက် လက်နက်စွဲကိုင်တော်လှန်ရေးလမ်းကြောင်းကို ဆက်လျှောက်ရန် ဆုံးဖြတ်ထားကြ၏။ ယင်း အပစ်အခတ်ရပ်စဲရေး ဟူသည်မှာ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးဖက်ကို ရှေ့ရှုဆင်ယင်သည့် ခြေလှမ်းမျိုးမဟုတ်၊ တိုင်းရင်းသားများအကြား လိုလျှင်လိုသလို ခွဲခြားအုပ်ချုပ်ခြင်းမူဝါဒ၏ အစိတ်အပိုင်း တစ်ရပ်သာဖြစ်သည်ဟု သူတို့မှ အမြင်ရှိကြသည်။

၎င်းတို့အဖို့ ထိုင်း၊ တရုတ်အစိုးရတို့နှင့် ရေရှည်ဆက်ဆံရေးမှာ ရုတ်ခြည်းဖြတ်တောက်ခံရ၏။ စစ်အေးခေတ်အလွန်တွင် စီးပွားရေးအခြေပြု ဦးတည်ချက်အသစ်ဖြစ်လာသည်၌ ထိုအချက်ကို ပို၍ရှင်းလင်းသွားစေသည်။ နှစ်ဖက်မျှ အကျိုးဖြစ်ထွန်းသော သဘာဝသယံဇာတနှင့် စွမ်းအင်စီးကြောင်း၊ ဈေးကွက်သစ်များ ခိုင်မာရေး ဟူသည့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အယူအဆနှင့် လိုဘများက တစ်စစဖြင့် တိုင်းရင်းသားအာဏာပိုင်များအပေါ် ထင်ထင်ရှားရှား လွှမ်းမိုးလာသည်။ တစ်ယူသန် ဆိုရှယ်လစ်စံနစ်ကိုထူထောင်ခဲ့သော ဦးနေ၀င်းနှင့်၎င်း၏အမွေခံတို့သည် စစ်တပ်မှလွဲ၍ မည်သည့်အရပ်သား မည်သည့်အုပ်စုကိုမျှ စိတ်ချယုံကြည်မှု မထားရှိခဲ့ချေ။ သို့ဖြစ်ရာ ဦးနေ၀င်း၏ တစ်ပါတီဆိုရှယ်လစ် စံနစ်ပြိုလဲလေသော အခါ အကျင့်ပျက်ခြစားမှု၌အရိုးစွဲနေသည့် စစ်အရာရှိတိုင်းက ဆိုရှယ်လစ်စံနစ်မှဖယ်ခွာပြီး အရင်းရှင်စံနစ်သို့ဦးတည်ခြင်းကို ပို၍၀မ်းသာ အားရဖြစ်ခဲ့ကြသည်။ ၁၉၈၈ သွေးမြေကျ အရေးအခင်းပြီးသည်နှင့် မျိုးဆက်သစ်ဗိုလ်ချုပ်အုပ်စုများသည် နိုင်ငံပြန်လည် ထူထောင်ရေး နှင့် ဘဏ္ဍာဖြည့်တင်းရေး နည်းတစ်ရပ်အနေဖြင့် တံခါးဖွင့် ၀ါဒကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။

တံခါးဖွင့်ခြင်း၏နောက်ကွယ်တွင်

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ချောင်ဗာလစ် ယုံချိုင်ယု လက်အောက်ခံစစ်တပ်နှင့် အနီးကပ် ဆက်ဆံရေးရှိသော ထိုင်းကုမ္ပဏီ ၃၅ ခုကို ဒေါ်လာသန်း ၁၂၀ တန်ကြေးရှိ သစ်ထုတ်လုပ်ခွင့် သဘောတူ စာချုပ်ချုပ်ခြင်းဖြင့် နိုင်ငံ၏ အရင်းရှင် လမ်းသစ်ကို အဆောတလျင် စတင်လိုက်သည်။ ရှေ့ဆက်၍ ကျောက်မျက်နှင့် ငါးဖမ်းခွင့်ပေးခဲ့သည်သာမက ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကိုလည်း ဖွင့်လှစ်ခဲ့၏။ မြန်မာ့ဈေးကွက် လိုအပ်ချက်ထက်ကျော်လွန်ကာ ကျွန်းသစ်၊ သတ္ထု၊ လယ်ယာနှင့်စိုက်မျိုးထွက်ကုန် တင်သွင်းခွင့်ကို တရုတ်မှ ရရှိခဲ့ပြန်သည်။ နိုင်ငံတကာစီးပွားရေးတံခါးဖွင့်ဟမှုမှာ မြန်မာ ဗိုလ်ချုပ်တို့၏ ပင်တိုင်ဆုံးဖြတ်ချက်များသာ ဖြစ်၏။ စီးပွားရေးခံစားခွင့်၊ အောင်မြင်မှု၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်သစ်၊ လူတန်းစားအခြေခံ ပြည်တွင်းနိုင်ငံရေး တို့အားဖြင့် လှိမ့်ဝင်လာသော အကျိုးအမြတ်အားလုံးမှာ စစ်တပ်ကောင်းကျိုး သက်သက်သာ ဖြစ်ရလေသည်။

၁၉၈၈ ခုနှစ်တွင် အစိုးရပြိုလဲသော်လည်း စစ်တပ်၏အခန်းကဏ္ဍက အရေးပါအရာရောက်နေဆဲသာ။ တဖန် နယ်စပ်တစ်ကြောရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၂၀ ခန့်နှင့် ညီညွှတ်မှု တည်ဆောက်ရေးကို ပြည်တွင်းမြန်မာ လူများစုအားဦးဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်၏အလျင် လက်ဦးမှုရယူရန် စစ်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၈၉ နှင့် ၁၉၉၉ ခုနှစ်ကာလအတွင်း အတိုက်အခံတိုင်းရင်းသား အုပ်စုများအနက် ၁၇ ဖွဲ့မှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်ကြသည်။ ဤသဘောတူညီချက်များမှာ တိုးတက်ဖွံ့ဖြိုးရေးကိုသာမက တိုင်းရင်းသားခေါင်းဆောင်တို့၏ကိုယ်ကျိုးစီးပွား လမ်းကြောင်းဖြောင့်ဖြူးစေမည်ဟု အကြောင်းပြခဲ့ကြသည်။

ဤကာလအတွင်း အတိုက်အခံတိုင်းရင်းသားအုပ်စုများအတွက် လက္ခဏာသုံးရပ် ဖြစ်ပေါ်လာသည်။

ပထမအချက်မှာ – ကျားကန်ပေးထားသည့်အိမ်နီးချင်းနိုင်ငံများမှ စစ်ရေးနှင့်အယူအဆဆိုင်ရာ အထောက်အပံ့များ ဆုံးရှုံးသွားသည်။ ၄င်းနောက် စစ်မြေပြင်၌ KIA အပေါ် အသာစီးရမှုများရှိလာသည်။ ဤအချက်က စစ်အစိုးရ၏အမာခံရန်သူများအဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်အား လက်မခံဖွယ်ဖြစ်ရသည်။

ဒုတိယအချက်မှာ – အတိုက်အခံခေါင်းဆောင်များသည် မိမိတို့၏ကိုယ်ပိုင်နယ်မြေများ၌ စီးပွားရေးလုပ်ကိုင်ခွင့်အထူးအခွင့်အရေးပေးထားရာ အလျင်အမြန် ကြွယ်ဝချမ်းသာလာကြသည်။ ၄င်းသဘောတူညီချက်များက အတိုက်အခံတိုင်းရင်းသားလူ့အဖွဲ့အစည်းများအတွင်း လူတန်းစားသစ်တစ်ရပ်ကို ဖြစ်ပေါ်အမြစ်တွယ်လာစေသည်။ သို့ဖြင့် အဖွဲ့အုပ်စုများအကြား အက်ကြောင်းထစေခြင်းဖြင့် စစ်အာဏာပိုင်များ အမြတ်ထွက်ခဲ့သည်။

တတိယအချက်မှာ – သွေးကွဲမှုမျက်နှာစာနှစ်ရပ် ဖြစ်ပေါ်လာစေသည်။ စစ်အစိုးရ ဆန့်ကျင်သည့် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုများအကြားရှိ သွေးကွဲမှု (နှင့်) အောင်မြင်နေသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ နှင့် အပစ်အခတ်ရပ်စဲထားသော အုပ်စုများအကြားရှိ သွေးကွဲမှုတို့ ဖြစ်ကြသည်။

၁၉၈၈ အရေးအခင်းဖြိုခွဲမှုကိစ္စကတည်းက အနောက်တိုင်းသည် မြန်မာနိုင်ငံအား ရှုံ့ချကာ နှစ်ပေါင်း ၂၀ မျှ ပိတ်ဆို့ခဲ့သည်။ ၄င်းနောက်တွင် မြန်မာ့စီးပွားရေးနှင့်နိုင်ငံရေးပုံဟန်များကြောင့် အနောက်တိုင်း၏စိတ်ဝင်စားမှုကို ဗိုလ်ချုပ်များမှ ရယူနိုင်ခဲ့ပြီး၊ အာရှဒေသစီးပွားရေးအခွင့်အလမ်းနှင့်ကမ္ဘာ့ရေနံကော်ပိုရေးရှင်းများအားဖြင့် ဟောင်းလောင်းပေါက် နိုင်ငံ့ဘဏ္ဍာတွင်းထဲ ဒေါ်လာဘီလီယံများစွာ ဖြည့်သွင်းပေးနိုင်ခဲ့သည်။ နေပြည်တော်မှလည်း ပြည်တွင်းရှိ တော်လှန်သူများ၊ သဘောထားကွဲလွဲသူများနှင့်ဆက်ဆံရေးဗျူဟာကို အစီအစဉ်ပြောင်းလဲလိုက်လေသည်။ ၁၉၈၉ ခုနှစ်မှသည် ယခုနှစ်အစောပိုင်းအထိ အတိုက်အခံဗမာများကို ချေမှုန်းနေရာမှ ဗမာမဟုတ်သည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ယာယီအပစ်အခတ်ရပ်စဲရေးပြုလုပ်ခြင်းဖြင့် အနားသတ်ခဲ့သည်။

ယခုသော် နေပြည်တော်၏ငြိမ်းချမ်းရေးစည်းမျဉ်းအတိုင်းလက်ခံရန် ငြင်းဆိုသည့် အပစ်အခတ်ရပ်စဲမှု သဘောတူထားသောအဖွဲ့ဖြစ်စေ ဆက်လက်ရှင်သန်နေသောအဖွဲ့ဖြစ်စေ မည်သည့်တိုင်းရင်းသားအုပ်စုကိုမဆို အပြီးတိုင်ချေမှုန်းရန် ဗိုလ်ချုပ်များက ဆုံးဖြတ်ထားပေသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် ကိုးကန့်ဒေသရှိ အပစ်အခတ် ရပ်စဲထားသောဒေသခံ တရုတ်တိုင်းရင်းသားအဖွဲ့- မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစုအား တိုက်ခိုက်ခဲ့သည်။ ကိုးကန့်လူမျိုး ၃ သောင်းခန့်မှာ ဒုက္ခသည်များအဖြစ် တရုတ်နိုင်ငံတွင်းသို့ တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် စစ်အာဏာပိုင်များသည် KIO နှင့် ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်၍ ကချင်ပြည်နယ် ဧရာဝတီမြစ်ပေါ်ရှိ တရုတ်-မြန်မာ ရေအားလျှပ်စစ်စီမံကိန်းဒေသများမှ KIO တပ်ဖွဲ့များမှန်သမျှကို ရှင်းလင်းခဲ့ပြန်သည်။

တစ်ကျော့ပြန်ဗျူဟာ

စစ်အာဏာရှင်တို့၏ ဤဗျူဟာလမ်းကြောင်းသစ်သည် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲနောက်တွင် ချမှတ်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ၄င်း၌ ဗမာလူများစုတို့အတွက် နိုင်ငံရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်လိုက်ခြင်းလည်း ပါဝင်သည်။ ရွေးကောက်ပွဲမတိုင်မီနှင့်နောက်ပိုင်း ဗမာမဟုတ်သည့် တိုင်းရင်းသားတို့၏အသံများ ပိုမိုမှေးမှိန်သွားစေရန် နှင့် ၄င်းအုပ်စုများအတွင်းအပြင်၌ နိုင်ငံရေးသဘောထားအက်ကြောင်း ဆက်လက်ကြီးထွားလာစေရန် ယင်းဗျူဟာက ဆောင်ကြဉ်းထားသည်။ ၁၉၉၃ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အတွင်း အပစ်အခတ်ရပ်ဆိုင်းထားသည့်အုပ်စုများနှင့် ဗမာမဟုတ်သည့်အခြားတိုင်းရင်းသားကိုယ်စားလှယ်တို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဟူသော မက်လုံးဖြင့် အမျိုးသားလွှတ်တော်ထဲ ဆွဲသွင်းခဲ့၏။ သို့သော် လွှတ်တော်သည် စစ်တပ်၏ ၂၀၀၈ အခြေခံဥပဒေအောက်မှ စည်းမျဉ်းနှင့်လမ်းညွှန်ချက်များကို ချမှတ်ကျင့်သုံးအသက်သွင်းနေပေသည်။

လက်တွေ့တွင် ၄င်းတို့၏ရည်မှန်းချက်များနှင့်အရေးအရာများကို စစ်တပ်နှင့်၎င်း၏စိတ်ကြိုက် ရွေးချယ်ကိုယ်စားလှယ်များက  လျစ်လျူရှုထားခဲ့ကြ၏။ သို့သာမက ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလများ၌ အပစ်အခတ်ရပ်စဲအုပ်စုများ (၄င်းတို့နှင့်ဆက်နွှယ်နေသည့် ခေါင်းဆောင်များ)အား ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကို ဗဟိုစစ်ဌာနချုပ်မှ ငြင်းဆန်ခဲ့သည်။ ၀နယ်မြေ နှင့် အခြားအပစ်အခတ်ရပ်စဲဒေသများတွင် တရားဝင်မဲပေးခွင့်ရှိသူအများအပြားကို စစ်အစိုးရမှ မဲထည့်ခွင့်မပြုခဲ့ချေ။ လုံခြုံရေး အားနည်းသည်ဟူသော အကြောင်းပြချက်ဖြင့် ထိုနယ်ပယ်များ၌ ရွေးကောက်ပွဲကို မကျင်းပရန် ညွှန်ကြားခဲ့သည်။

သမိုင်းကြောင်းတစ်လျှောက် ဗြိတိသျှကိုလိုနီတို့သည် ပြည်မတိုင်းရင်းသား(အထူးသဖြင့် ဗမာလူများစု) နှင့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ စသော တောင်တန်းဒေသသားတို့ မပေါင်းစည်းနိုင်စေရန် စီမံထားခဲ့သည်။ ယနေ့စစ်တပ်သည်လည်း ဗမာလူမျိုးနိုင်ငံရေးသမား၊ အတိုက်အခံများနှင့် ဗမာမဟုတ်သူတို့ သွေးစည်းသွားစေမည့် မည်သည့်ကြိုးပမ်းချက်ကိုမဆို တားဆီးထားခြင်းဖြင့် “ ခွဲခြားအုပ်ချုပ်ရေး ” ဟူသော ကိုလိုနီစံနစ်ဟောင်းကိုပင် တစ်ကျော့ပြန် အသက်သွင်းနေပေသည်။ ဒေါ်စုကြည်သည် နေအိမ် အကျယ်ချုပ်မှလွတ်မြောက်လာပြီး များမကြာမီ တိုင်းရင်းသားပေါင်းစုံ၏ အကျိုးစီးပွားကို အခြေတည်သည့် ဖက်ဒရယ်အစိုးရစံနစ်အား ထူထောင်ရန် စတင်လုံးပန်းခဲ့သည်။ နိုဝင်ဘာလ လယ်ပိုင်းက ဒေါ်စုကြည်သည် စစ်တပ်နှင့် တိုင်းရင်းသားများပြဿနာကိုထောက်ပြပြီး အထပ်ထပ်တင်ပြသော်လည်း – လူနည်းစုတိုင်းရင်းသား အုပ်စုများမှ သူမ၏ ရင်ကြားစေ့ရေးကြိုးပမ်းချက်ကို ထောက်ခံကြိုဆိုကြသော်လည်း နေပြည်တော်က ဥပေက္ခာပြုထားခဲ့သည်။

သြဂုတ်လတွင် သမ္မတဦးသိန်းစိန်က မိမိ၏အရပ်သားတစ်ပိုင်းအစိုးရသည် ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့သင့်မြတ်ရေး ဖော်ဆောင်မည့် အစိုးရ ဟု ကြေညာလျက် လက်နက်ကိုင်အတိုက်အခံတိုင်းရင်းသား အုပ်စုများထံသို့ ငြိမ်းချမ်းရေးစကားကို ကမ်းလှမ်းခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို နေပြည်တော်ရှိ ဗဟိုအစိုးရထက် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ထိတွေ့ဆက်ဆံမှုပြုကြရန်သာ တိုက်တွန်းခြင်းက ထူးခြားနေပေသည်။ “ တိုင်းရင်းသား လူမျိုးစုငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့သင့်မြတ်ရေး ” ဟူသည်မှာ ဒေသဆိုင်ရာနှင့်ဒေသတွင်း အုပ်စုများဆိုင်ရာကိစ္စသာ ဖြစ်ကြောင်း (နိုင်ငံတော်နှင့် မသက်ဆိုင်သလို) မီးစိမ်းပြလိုက်သည့် စစ်အစိုးရ၏ရပ်တည်ချက်အစီအမံသစ်တစ်ရပ်ကို ပြက်ပြက်ထင်ထင် တွေ့မြင်လိုက်ရလေသည်။ သို့တစေ စစ်တပ်၏နိုင်ငံရေးစည်းဝိုင်းအတွင်း အလုပ်လုပ်ရန် သဘောတူသော တိုင်းရင်းသားပါတီများအဖို့တော့ ထိုခေါင်းစဉ်မှာ အကောင်းဆုံးအနေအထားဖြစ်နေပေသည်။

ပါလီမန်လွှတ်တော်ပိုင်းဆိုင်ရာစာရင်းဇယားကိုကြည့်လိုက်ပါကလည်း ထူးခြားနေပြန်၏။ လွှတ်တော်အမတ်နေရာ အားလုံးအနက် စစ်တပ်၏ ပါဝင်မှုက ၂၅ ရာခိုင်နှုန်းအထိ ရှိနေ၏။ စစ်အစိုးရ လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) တစ်ခုတည်းက အမတ်နေရာ ၁၁၅၄ တွင် ၈၈၃ နေရာ (၇၆.၅ ရာခိုင်နှုန်း) အထိရယူထား၏။ ဗိုလ်ချုပ်နေ၀င်း၏ စစ်အစိုးရဟောင်းမှ ဆင်းသက်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၃ နေရာဖြင့် ဒုတိယအဆင့်၌ ရှိနေသည်။ ဗမာ မဟုတ်သည့် တိုင်းရင်းသားလူ့အဖွဲ့အစည်းများအပေါ် တစညပါတီ၏ သဘောထားကလည်း USDP ထက် မလျော့ပါလေ။ စစ်အစိုးရ၏ လွှမ်းမိုးခြင်းမခံရသော ဗမာမဟုတ်သည့်တိုင်းရင်းသား ပါတီနှစ်ခုသာရှိ၏။ ၄င်းတို့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) နှင့် ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ(RNDP) တို့ဖြစ်ကြသည်။ SNDP က အမတ်နေရာ ၅၇ နေရာ၊ RNDP မှ ၃၅ နေရာ အသီးသီး ရရှိထားကြ၏။ သို့သော် ၄င်းတို့၏ မျှော်လင့်ချက် နှင့် အရေး ကိစ္စများသည်လည်း စစ်တပ်မှ မှတ်တမ်းတင်မှုသာရှိပြီး အရေးတယူဆောင်ရွက်ပေးခြင်း မရှိပါလေ။

မြန်မာဗိုလ်ချုပ်များအတွက် စိတ်လှုပ်ရှားစရာနေ့ရက်များ ဖြစ်လာပေပြီ။ လက်ရှိတွင် ၄င်းတို့မှ လက်ခံထားသည့် ပြည်တွင်းပြည်ပ သာမက တိုင်းပြည်၏စီးပွားရေးနှင့်ပညာရှင်အသိုင်းအ၀ိုင်း၏ထောက်ခံမှုကိုရရှိနေသော ၄င်းတို့၏အနီးကပ်ဆုံးရန်သူ ဒေါ်စုကြည်နှင့်NLD အား ရှုံးနိမ့်ခဲ့လျှင် နေပြည်တော်၏နှစ်ပါးသွားအစီအစဉ်မှာ အပြောင်းအလဲ ဖြစ်ရပေတော့မည်။ ဤအတောအတွင်း တရုတ်ကိုမလိုလားသော အနောက်တိုင်းနှင့်အာဆီယံ၏ စီးပွားရေးနှင့်အစီအမံများမှာ ဗိုလ်ချုပ်များ၏အကြိုက်ဖက်သို့ စုဆုံလျက်ရှိနေ၏။ တစ်ခါ တောင်တရုတ်ပင်လယ်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ကျွန်းနိုင်ငံအုပ်စုတို့သည် အနောက်တိုင်း(အလားတူ ၀ါရှင်တန်)နှင့် ကျယ်ကျယ်ပြန့်ပြန့် လက်တွဲညီညီ ပွဲခင်းနေခြင်းမှာ မိမိတို့၏အင်အားနှင့်ဓနကြီးထွားမှုအပေါ် ချိန်ခွင်လျှာညှိနေခြင်းဟု တရုတ်မှ မပြောဆိုယုံတမယ် ဖြစ်နေ၏။ မြန်မာဗိုလ်ချုပ်များ ပီကင်း၏ဗျူဟာစက်ကွင်းဖက်သို့ ထပ်မံမယိမ်းယိုင်သွားအောင် အာဆီယံနှင့်ဝါရှင်တန်နှစ်ရပ်လုံးမှ တူညီစွာ အာရုံထားနေပုံရ၏။ တိုင်းရင်းသားတော်လှန်ရေးများ ပွင့်အံလာခဲ့စဉ်ကတည်းက နှစ်ပေါင်း ၆၀ အတွင်း ယခုအချိန်သည် စစ်တပ်အဖို့ ဗမာမဟုတ်သည့်အတိုက်အခံအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုလိုက်ရန် ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံးအနေအထား၌ ရောက်နေပါသည်။ လူနည်းစုဝင်များ၏အခွင့်အရေးပေးရန်မှာ မငြင်းသာတော့လေပြီ။

** ဆောင်းပါးရှင် မောင်ဇာနည်သည် Free Burma Coalition (1995-2004) ၏ တည်ထောင်သူဖြစ်ပြီး၊ London School of Economics ၏ Department of International Development ၌ ၂၀၁၁-၁၃ ဧည့်သည်တော်အဖွဲ့ဝင် တစ်ဦးဖြစ်၏။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ သူရေးသားသည့် စာအုပ်တစ်အုပ်ကို ယေးလ်တက္ကသိုလ်မှ များမကြာမီ ပုံနှိပ်ထုတ်ဝေတော့မည် ဖြစ်ပါသည်။

( ဤဆောင်းပါးသည် စာရေးသူ၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အလ်ဂျဇီးရား၏အာဘော် မဟုတ်ပါ )
မောင်ဇာနည်၏ Neutralising Myanmar’s ethnic rebellions ဆောင်းပါးကို “ သာကီ ထက်ကောင်း ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

http://www.aljazeera.com/indepth/opinion/2011/12/201112193521860555.html

Leave a Reply