အောက်တိုဘာ၊ ၈
M-Media
source: http://www.mmtimes.com
သြရသရေချမ်း ဘာသာပြန်ဆိုသည်။
သံတွဲမြို့နယ် သပြုချိုင်ကျေးရွာက မွတ်စ်လင်မ်နဲ့ဗုဒ္ဒဘာသာဝင် နယ်ခံဒေသခံတို့ဟာ မျိုးဆက်အလီလိ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာပါ။ တည်ငြိမ်အေးချမ်း လျက်ရှိတဲ့ လူ့အသိုင်း အ၀ိုင်းအပေါ် စိုးထိတ်စရာ ဖျက်ဆီးသောင်းကျန်းမှုတွေကို ဗုဒ္ဓဘာသာဝင် အကြမ်းဖက် လူအုပ်များက အောက်တိုဘာ ၃ ရက်မှာ သယ်ဆောင်လာကြတယ်။ အဲ့ဒီမွှေနှောက်မှုကိုကြုံလိုက်ရတဲ့ အခါမှာတော့ ရှိနေတဲ့ ငြိမ်းချမ်းမှုဟာ အစိပ်စိပ်အမြွာမြွာ ပြိုကွဲသွားပါတော့တယ်။
သေဆုံးသွားရတဲ့သူတွေထဲမှာ အသက် ၉၅ နှစ်အရွယ် ရောဂါသည်အဖွားအို ဒေါ်အေးကြည် လည်း အပါအ၀င် တစ်ဦးပေါ့။ သူမဟာ မိမိနေအိမ်ထဲမှာ ရက်ရက်စက်စက် ဓားနဲ့ထိုးခုတ်ခံခဲ့ရှာတယ်။ မိမိတို့ဟာ လူရမ်းကားအုပ်စုလက်က လွတ်မြောက်အောင်ထွက်ပြေးရလို့ မိခင်အိုကြီးကိုထားရစ်ခဲ့ရပုံကို သမီးဖြစ်သူ ဒေါ်ဇော်လေးခက မျက်ရည်ချောင်းစီးလို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“ ရခိုင်လူမျိုး အယောက် ၄၀ ၀န်းကျင်လောက် ကျွန်မတို့အိမ်နားရောက်လာကြတယ်။ ပထမပိုင်းတုန်းကတော့ ခဲတွေနဲ့ ၀ိုင်းပေါက်ကြတယ်။ ကျွန်မတို့ဟာ အမေ့ကို သယ်ထုတ်ဖို့ ကြိုးစာခဲ့ကြတယ်။ အမေက လေဖြန်းပြီး အောက်ပိုင်းသေနေတဲ့အတွက် အမြဲတစေ အိပ်ရာထဲလှဲနေရသူပါ။
ကျွန်မတို့ဆီ လူ ၃ ယောက် ပြေးလာကြတယ်။ ကျွန်မတို့ကို အသက်ချမ်းသာပေးပါဆိုပြီး သူတို့ကို ခယတောင်းပန်ပေမယ့် သူတို့က အိမ်ထဲ တိုးဝင်လာကြတော့ ကျွန်မတို့ အမေ့ကိုထားရစ်ပြီး ထွက်ပြေးကြရတယ်။ ကျွန်မတို့ထွက်ခွာလိုက်တဲ့စက္ကန့်ပိုင်းလေးမှာတင် အမေ့ရဲ့အော်သံသဲ့သဲ့လေးကို နောက်ဆုံးကြားလိုက်ရတာပါပဲရှင် ”။
အကြမ်းဖက်မှုအပြီး နာရီအနည်းငယ်အကြာမှာ ဒေါ်ဇော်လေးခနဲ့ သူ့သမီး ဒေါ်မိမိခိုင်တို့ နေအိမ်ကို ပြန်လာခဲ့ကြတယ်။ ဒေါ်အေးကြည်ရဲ့ခန္ဓာကိုယ်ပေါ် ဓားဒဏ်ရာ ဗလပွနဲ့ဖြစ်နေပါပြီ။
“ အမေ့ရဲ့ကိုယ်ပေါ်မှာ တော်တော်နက်ရှိုင်းတဲ့ ဓားဒဏ်ရာ ၅ – ၆ ချက်ထိ တွေ့ခဲ့ရပါတယ်။ နေ့လည်ပိုင်းရောက်တော့ ပိုမိုများပြားတဲ့ရခိုင်လူစုတွေ ရောက်လာပြီး အိမ်တွေကို မီးထပ်ရှို့ပြန်တယ်။ မိခင်ရဲ့ ရုပ်အလောင်းကို ကျွန်မတို့ ထပ်ပြီး ထားရစ်ခဲ့ရပြန်တယ်။ ညနေပိုင်းမှာ အာဏာပိုင်တွေက သူမကို ဆေးရုံသယ်သွားတယ် ဆိုတာလောက်ပဲ သိခဲ့ရပါတယ်။ ကျွန်မတို့ ခုချိန်ထိ အိမ်မပြန်ရဲသေးပါဘူး ” ဆိုးသွမ်းလူအုပ်ကြီးရဲ့ပစ်မှတ် ဖြစ်သွားသူတွေအဖို့ နာကျင်ကြေကွဲတုန်လှုပ်နေရဆဲပါ။
“ ကျွန်မ အိပ်လို့လည်း မပျော်ဘူး၊ စားလို့လည်း မ၀င်နိုင်ပါဘူး။ အသက် ၁၀၀ နီးပါးအရွယ်ရှိနေတဲ့ ရောဂါသည်အမယ်အိုကြီးကို သူတို့ သတ်ပစ်တာကို တွေးမိလေတိုင်း ကျွန်မရဲ့စိတ် ကစဥ့်ကလျားဖြစ်နေရပါတယ် ”
အကြမ်းဖက်မှုဟာ ရုတ်တရက် မထင်မှတ်ပဲ ဖြစ်လာတာမဟုတ်ကြောင်း မွတ်စ်လင်မ်များက ဆိုပါတယ်။
“ မွတ်စ်လင်မ်အိမ်တွေကိုသာ မီးရှို့ကြတာပါ။ မွတ်စ်လင်မ်တွေရဲ့နေအိမ်တွေကို အလွယ်တကူ တွေ့မြင်ခွဲခြားနိုင်ကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အခင်းမဖြစ်ပွားခင် ရက်အနည်းငယ်ကတည်းက ဗုဒ္ဓဘာသာဝင်တွေက သူတို့အိမ်ရှေ့မှာ သာသနာ့အလံတွေကို စိုက်ထူထားကြလို့ပါပဲ ” လို့ ဒေါ်အေးကြည်ရဲ့မြေး ဒေါ်မိမိခိုင်က ပြောပြပါတယ်။
အလျင်အမြန် ရွှေ့ပြောင်းသယ်ယူရ မလွယ်ကူတဲ့အတွက် အမယ်အိုကြီးဟာ တိုက်ခိုက်သူများရဲ့သားကောင် ဖြစ်သွားခဲ့ရတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ထဲမှာ အသက် ၈၉ နှစ်အရွယ် ဦးအဒူစမတ် လည်း ပါဝင်တယ်။
“ အဖေဟာ သူ့သားအငယ်ဆုံးနဲ့အတူ ရှိနေခဲ့တယ်။ အခင်းဖြစ်ပွားလာတော့ အိမ်မှာ အဖေတစ်ဦးတည်း ကျန်နေတယ်။ သူထွက်ပြေးဖို့ကြိုးစားခဲ့ရှာပါတယ်။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ကျန်းမာရေးအရ တခြားလူတွေလို မပြေးလွှားနိုင်တော့ဘူးလေ။ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ သူ့ရုပ်အလောင်းကို ညနေပိုင်းကျမှ ကျွန်တော်တို့ တွေ့လိုက်ရပါတယ် ” ဆိုပြီး သားတစ်ဦးဖြစ်သူ ဦးမျိးဝင်းက ရှင်းပြခဲ့တယ်။
လူရမ်းကားတွေရဲ့သားကောင်ထဲမှာ အသက်အငယ်ဆုံးအဖြစ် ကလေးသုံးဦးဖခင် အသက် ၄၈ နှစ်အရွယ် ဦးမြင့်လွင် ကို တွေ့ကြရတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်တင်တင်လေး( ၄၈ နှစ် )က ဒီလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“ စတင်ဖြစ်ပွားတာနဲ့ သူက ကျွန်မတို့ကို ပြေးခိုင်းပါတယ်။ ကျွန်မတို့ပြေးနေစဉ်မှာပဲ တင်းကုပ်ထဲက နွားတွေကိုလွှတ်ပေးဖို့ ကမန်းကတန်း သူ ပြန်သွားခဲ့တယ်။ ကျွန်မတို့ သူ့ရုပ်အလောင်းကို မမြင်ခဲ့ရပါဘူး။ အိမ်ကနေ သူပြန်ပြေးလာချိန်မှာ အသတ်ခံလိုက်ရတယ်လို့ မြင်တဲ့ သူက ပြန်ပြောပြခဲ့တာပါ ”။
ခုချိန်မှာ သူတို့အိမ်ဂေဟာလေးက ပြာပုံအတိဖြစ်သွားခဲ့ပါပြီ။ မတည်ငြိမ်တဲ့အခြေအနေကြောင့် သူတို့လယ်ကွက်အနီး သွားရောက်ဖို့လည်း အခက်အခဲရှိနေပါတယ်။
“ ဘာဆိုဘာမှ မကျန်ရစ်ပါဘူ။ အရာအားလုံး မီးထဲပါသွားပါတယ်။ ကျွန်မတို့ရဲ့နွားတွေကိုလည်း မတွေ့တော့ဘူး။ ရွာတစ်ဖက်ခြမ်းက ဆွေမျိုးတစ်ဦးအိမ်မှာ ကျွန်မတို့နေထိုင်နေရပါတယ်။ ကျွန်မတို့ လယ်မြေတွေက ရွာတစ်ဖက်ခြမ်း ရခိုင်တွေရဲ့ရွာနားကပ်လျက်မှာပါ။ ကျွန်မသားကြီးက ဒီနှစ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတယ်။ သမီးငယ် နှစ်ယောက်က ကျောင်းနေဆဲပါပဲ။ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မ မသိတော့ပါဘူးရှင် ” လို့ ဒေါ်တင်တင်လေးက ဆိုရှာပါတယ်။
သပြုချိုင်အကြမ်းဖက်မှုမှာ မွတ်စ်လင်မ်လယ်သမား ဦးအဒူမီယာ လည်း သတ်ဖြတ်ခံခဲ့ရတယ်။ သမီးဖြစ်သူ မယဉ်မေသန်း ( ၂၄ နှစ် ) က သူ့ဖြစ်အင်ကို ဒီလိုပြောပြခဲ့ပါတယ်။
“ အဲ့ဒီအချိန်က ကျွန်မတို့ နေ့လည်စာ စားသောက်နေကြပါတယ်။ ကျွန်မတို့အားလုံးကို အဖေက ဝေးဝေးပြေးခိုင်းခဲ့ပြီး သူတစ်ဦးတည်း ကျန်ရစ်ခဲ့တာပါ။ သူတို့တွေက သူ့ကို ၀ါးချွန်တစ်ချောင်းနဲ့ ထိုးသွင်းသတ်ဖြတ်လိုက်ကြပါတယ် ”။
မြန်မာတိုင်း(မ်) အင်္ဂလိပ်ပိုင်း ဆောင်းပါးရှင် Aung Shin ၏ ‘We begged them not to kill us’ ဆောင်းပါးကို သြရသရေချမ်း မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။
Comments