အောက်တိုဘာ ၁၀၊ ၂၀၁၃
M-Media
အမ်တူးအေ
ရန်ကုန် ။ ။အောက်တိုဘာ ၁၆-ရက်နေ့သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ကြေညာချက်တွင် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ ၁၆-ရက် (၁၃၅၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂-ရက်) ဗုဒ္ဓဟူးနေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအိဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးဇော်သန်းသင်းမှ အမိန့်ကြော်ငြာစာအမှတ် ၆၆/၂၀၁၃ ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။
အဆိုပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်)နေ့သည် အစ္စလာမ်သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကြရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ် (ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။
နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအိဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။
Comments