News @ M-Media

အောက်တိုဘာ ၁၆၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်း စုစည်းမှု

အောက်တိုဘာ ၂၆၊ ၂၀၁၃
M-Media

 

အမေရိကန်၏ သူလျှိုလုပ်ငန်းက အကြမ်းဖက်ဝါဒအား တိုက်ခိုက်မှုကို ပျက်စီးစေသည်ဟု အီးယူဆို

အမေရိကန်အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးတို့၏ ဖုန်းခေါ်ဆိုမှုများအား စောင့်ကြည့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခြင်း က ဥရောပ နိုင်ငံ များအား အမျက်ထွက်စေခဲ့ပြီး၊ သူလျှိုလုပ်ငန်းနှင့် ပက်သက်၍ အမေရိကန်အပေါ် သံသယရှိခြင်းက အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းကို ပျက်စီးစေနိုင်ကြောင်း၊ ဥရောပ ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

ဥရောပနိုင်ငံများတွင်တိုးပွားလာသော ဒုက္ခသည်များအရေးကို အာရုံစိုက်ဖြေရှင်းရန် ဘရပ်ဆဲလ်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အမေရိကန်၏ သူလျှိုလုပ်ငန်းများအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

“ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းတာဟာ အကြမ်းဖက်ဝါဒကို တိုက်ခိုက်ရာမှာ အရေးပါတဲ့လုပ်ငန်းတစ်ခုလို့ ဥရောပခေါင်းဆောင်တွေက အလေးထား ပြောဆိုခဲ့ကြပါတယ်။ ဒီလုပ်ငန်းဟာ ဥရောပနိုင်ငံတွေအကြား ဆက်ဆံရေးနဲ့ အမေရိကန်နဲ့ဆက်ဆံရေးတို့မှာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် (ဥရောပနဲ့ အမေရိကန်နိုင်ငံများအကြားတွင်) ယုံကြည်မှုနည်းလာခြင်းဟာ လုံခြုံရေးအချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မသေချာမှုတွေ
ဖြစ်နိုင်ပါတယ်” ဟု ဥရောပသမဂ္ဂ ဥက္ကဌ ဟာမန်းဗန်ရွမ်ပွိုင်က ပြောကြားခဲ့သည်။

Ref : aljazeera

_________________________
သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ရောင်းစားခဲ့သည့် အမေဖြစ်သူကို ကိုလံဘီယာတွင်ဖမ်းဆီး

သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ဒေါ်လာရာဂဏန်းအနည်းငယ်ဖြင့် ရောင်းစားခဲ့သည့် မိခင်တစ်ဦးအား ကိုလံဘီယာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ထိုအမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ်ရှိ Margarita de Jesus Zapata Moreno ဟု အမည်ရပြီး ကလေး ၁၄ ယောက်၏ မိခင်ဖြစ်ကာ၊ အသက် ၅၁ နှစ်အရွယ်ရှိ ကန်ထရိုက်တာတစ်ဦးနှင့်အတူ ယခု သီတင်းပတ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုကန်ထရိုက်တာမှာ ထိုအမျိုးသမီး၏ သမီးဖြစ်သူအား ကိုဝန်ရရှိစေခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။

ကိုလံဘီယာမြို့တော် ဘိုဂိုတာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး Zapata Moreno မှာ သူမ၏ ၁၂ အရွယ်သမီးဖြစ်သူများအား လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုအတွက် အသက် အရွယ်ကြီးရင့်သူများထံ ကိုလံဘီယာပီဆို ၃ သိန်းနှင့် ၄ သိန်းအကြား (ကန်ဒေါ်လာ ၁၆၀ နှင့် ၂၁၂ အကြား) ပမာဏဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref : cnn

_________________________
အာဆီယံကုန်စည်ပြပွဲ ဘရူနိုင်းတွင်ပြုလုပ်

၂၀၁၃ ခုနှစ်အာဆီယံကုန်စည်ပြပွဲကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂ်ဝန်မြို့တော်ရှိ Bridex ခန်းမတွင် ပြုလုပ်ခဲ့ပြီး ဒေသတွင်းနှင့်  နိုင်ငံတကာမှ ပြသသူ ၁၀၀ ကျော် ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ငါးရက်တာကြာမြင့်မည့် အဆိုပါပြပွဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ တောင်ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ သြတေးလျ၊ နယူးဇီလန်၊ အမေရိကန်နှင့် ကနေဒါ စသည့်မိတ်ဖက်နိုင်ငံများအတွင်း စီးပွားရေးအခွင့်အလမ်းများပေါ် သတိထားမှုများ ပိုမို ဖန်တီးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူးနိုင်း၊ ကမ်ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပြီး စုစုပေါင်း လူဦးရေ သန်း ၆၀၀ ကျော်ရှိသည်။

Ref : xinhua
_________________________

နယ်စပ်တိုက်ခိုက်မှုများတွင် ပါဝင်သည့် လူ ၁၆-ဦးအား အီရန်ကြိုးပေး

အီရန်နိုင်ငံနယ်စပ်တွင်သောကြာနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမား ၁၆ ဦးအား အီရန်အစိုးရက ယနေ့နံနက်တွင် ကြိုးပေး ခဲ့သည်ဟု တရားရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုမှာ ပါကစ္စတန်နယ်စပ် စစ်ဆတန်နှင့် ဘာလောက်ချက်စတန်ပြည်နယ် ဆရာဗန်မြို့နားရှိ တောင်တန်းဒေသတွင် သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်စပ်အစောင့်တပ်သား ၁၇-ဦးသေဆုံးခဲ့ကာ၊ ငါးဦးဒဏ်ရာရရှိခဲ့ပြီး ၄-ဦးမှာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

Ref : xinhua
_________________________

၇.၃ ပြင်းအားအဆင့် ငလျင် ဂျပန်တွင်ဖြစ်ပွား

ပြင်းအား ၇.၃ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခုမှာ ဂျပန်ကျွန်းမကြီး၏ အရှေ့ဘက် မိုင် ၂၀၀ အကွာအဝေးရှိ ပစိဖိတ်သမုဒ္ဒရာကို ဗဟိုပြု၍ ယနေ့နံနက်စောစောပိုင်း ဒေသ စံတော်ချိန် ၂-နာရီ ၁၀-မိနစ်ခန့်က လှုပ်ခတ်သွားသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးစခန်းက သတင်းထုတ်ပြန်ခဲ့သည်။

စောစောပိုင်းက ဂျပန် မိုးလေ၀သအေဂျင်စီမှ ဖူကူရှီးမားရှိ ကမ်းရိုးတမ်းဒေသများတွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီး ဒေသခံများအား မိမိတို့နေအိမ်များ အား စွန့်ခွာရန် သတိပေးထားသော်လည်း နောက်ပိုင်းတွင် ထိုသတိပေးချက်အား ရုပ်သိမ်းခဲ့သည်။

ထိုငလျင်ကြောင့် ပင်လယ်ရေပြင်မှာ အနည်းငယ်အပြောင်းအလဲ ရှိနိုင်သော်လည်း စိုးရိမ်စရာမရှိဟု အေဂျင်ဆီက ထည့်သွင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပစိဖိတ် ဆူနာမီသတိပေးစခန်းကလည်း ပစိဖိတ်ဒေသအတွင်း ဆူနာမီလှိုင်းများ များများစားစားမရှိနိုင်ဟု ကြေညာခဲ့သည်။

Ref : cnn
_________________________

Comments

Leave a Reply