နှင်းတွေတဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကိုအင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ နောက်တော့ သူ့ရဲ့ကျန်းမာရေးမကောင်းလှဟု ကြားသိရသည်။
လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့်သူ၏ ရေစက်က တော်တော်ပတ်သက်ယှက်နွယ်နေပုံရသည်။ တောင်ကြီးရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်က ဘောလုံးကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်။ ဒါပေမယ့် တစ်ဖက်ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။ ပြီးတော့ သူတို့တိုက်မှာ သေဒဏ်၊ ကြိုးလွတ် အကျဉ်းသားသုံးဆယ်ကျော်ရှိသည်။ ဒီတော့ အသင်းနှစ်သင်းအတွက် လူအင်အားက ပူစရာမလို။ ကိုမြအေးဆီမှာ ဖူဆယ်ဘောလုံးသုံး၊ လေးလုံးကအမြဲ ရှိနေတတ်သည်။သူ့ကျန်းမာရေးအတွက် ထောင်မှ ဘောလုံးကစားခွင့်ပြုထားသည်။ သူ့အိမ်ကလည်း လိုအပ်တာအားလုံး ပို့ပေးသည်။ ရသည့် Space မှာပျော်အောင် နေတတ်သူ။
သူကကော်ဖီနှင့် ဆေးလိပ်တော့ အတော်ကြိုက်သည်။ တစ်နေ့လုံးမိုးလင်းမှ မိုးချုပ်ကော်ဖီကို တစွတ်စွတ်သောက် နေတတ်သည်။ တစ်နေ့လုံး သူသောက်သည့်အရေအတွက်က ၁၀ ခွက်နှင့် ၁၅ ခွက်ကြား ရှိသည်။ ဘောလုံးမကစားသည့်အချိန်တွေဆိုလျှင် ကော်ဖီလေးသောက်လိုက်၊ သီချင်းလေး ရေးလိုက်။ သူကသီချင်းနှင့် ပတ်သက်ပြီးတော့လည်း အစဉ်အလာရှိသူဖြစ်သည်။ ၁၉၈၈ ခုနှစ်ကသူရေးခဲ့သော ‘ကမ္ဘာမကြေဘူးဟေ့’ သီချင်းသံကကို ကျွန်တ်ာတို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့သော်လည်း မမေ့နိုင်ကြသေး။ ခုလည်းသူ့ဆီမှာ သီချင်းပုဒ်ရေ ၅၀ လောက် စုဆောင်းမိနေပြီ။
ဗိုလ်လုပွဲမကစာခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့် တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူက အရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ် . . . |
ဘောလုံးကစားခြင်းကတော့ သူ့အတွက် အတော်ကောင်းပါသည်။ သူပျော်ရွှင်နေ၍လား။ အားကစား လုပ်နေ၍လား မပြောတတ်။ တောင်ကြီးကိုရောက်လာကတည်းက ထူမတ်လာသည်။ လန်းဆန်းလာသည်။ သူက ဘယ်အလုပ်မဆို စိတ်ရော ကိုယ်ပါနှစ်ပြီးလုပ်တတ်သူ။ ဒီတော့ ဘယ်အရာမဆို ပိုအားကုန် ပိုအား စိုက်ထုတ်ရသည်။ ကျွန်တော်တို့က နေပူ၍သာယာသောနေ့တစ်နေ့တွင် ဘောလုံးကစားမည်ဟု တစ်ခွန်းတည်း ပြောသွားသည်။ သူစီစဉ်ရသည့် အလုပ်တွေကအဆင့်ဆင့်။ တစ်ထောင်လုံးမှ ဖူဆယ်ဘောလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သည့် လူတွေကိုစုရသည်။ ပြီးတော့ အဆောင်ပေါင်းစုံမှ ထိုလူတွေဘောလုံး ကစားခွင့်ရအောင် Main Jail နှင့် သွားရောက်ညှိနှိုင်းရသည်။ နှစ်ကြီးဆောင်၊ ထောင်ကျဆောင်၊ ဆေးရုံ၊ မီးဖိုနှင့် အလုပ်ကြီးမှဘောလုံးသမားများကို အကြောင်းကြားရသည်။
ထိုဘောလုံးသမားတွေ ဘောလုံးကစားပြီး သောက်ဖို့ အချိုရည်၊ စားစရာနှင့်လို အပ်လျှင် နံနက်စာပါ ကြက်သားချက်ပြီးကျွေးသည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးကန်ဖိနပ်မှအစ ဘောလုံးကန်အင်္ကျီအထိ သူ့ဆီမှာ အားလုံးရသည်။
ဒါပေမယ့် ဘောလုံးကစားနေချိန်မှာတော့ သူ့ဆီမှာ Diplomacy မရှိ။ အနိုင်အရှုံး ရလဒ်အတွက် ကျားကုတ်ကျားခဲ ကစားသည်။ သူက နောက်သို့တစ်လက်မမှ မဆုတ်။ ပြိုင်ဘက်အပေါ် ကြင်နာသနားစိတ် လုံးဝမရှိ။ ဘောလုံးပွဲပြီးရင်တော့ အားလုံးဟေးလားဝါးလား။ ဤသို့ ဘောလုံး အပေါ် ရူးသွပ်သူ ကိုမြအေးအတွက် ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲက ရောက်ရှိလာခဲ့ပါသည်။ တကယ်တော့ ထောင်တွင်းဘောလုံးပြိုင်ပွဲဆိုတာ ကျွန်တော်တို့တွေနှင့် သိပ်မသက်ဆိုင်လှပါ။ ဒီပွဲက အဆောင်နေအကျဉ်းသားများအတွက် ရည်ရွယ် ကျင်းပပေးခြင်းဖြစ်သည်။ သီးသန့်အကျဉ်းသားတွေနေထိုင်သည့် တိုက်မှလွဲ၍ ကျန်အဆောင်တွေအား လုံးဘောလုံးအသင်း ဖွဲ့စည်းခွင့်ရှိသည်။ ပြိုင်ပွဲဝင်ခွင့်ရှိသည်။ သို့သော် ထောင်ပိုင်ကြီး၏ လူသားချင်းစာနာမှုအရ တိုက်မှဘောလုံးအသင်းတစ်သင်း ပြိုင်ပွဲဝင်ခွင့်ပေးသည်။ သို့သော် ကျွန်တော်တို့ အုပ်စုကိုတော့ ကစားခွင့်မပေး။ ထိခိုက်ဒဏ်ရာရမှာစိုး၍ ဖြစ်သည်။ ဒီတော့လည်း ဖြစ်ပါသည်။ ကျွန်တော်နှင့်ဂျင်မီက ဒိုင်လူကြီးလုပ်သည်။ ကိုမြအေးက တိုက် ၂ အသင်းကို မန်နေဂျာနည်းပြလုပ်သည်။ သူက တိုက်တွင်နေထိုင်ရသည့် အကျဉ်းသားအစိတ်၊ သုံးဆယ်ထဲမှ ဖူဆယ်ကစားတတ်သူ ငါးယောက်အား အတော်အားစိုက်ရွေးရသည်။ တခြားအသင်းတွေက လူ ၁၅၀၊ ၂၀၀လောက်အစုတွေထဲက တစ်သင်းဖွဲ့ရတာ သိပ်လွယ်သည်။ ပြီးတော့အသင်းတွေက တောင့်တင်းအားကောင်းသည်။ ကိုမြအေး၏အသင်းက အားနည်းချိနဲ့သည်။
ဒီမှာ ကိုမြအေး၏အစွမ်းကို မြင်တွေ့ခွင့်ရသည်။ သူက သူ့အသင်းသားငါးယောက်ကို နီးနီးကပ်ကပ် ရင်းနှီးခင်မင်အောင် အတူတူစားခိုင်းသည်။ အတူတူနေခိုင်းသည်။ အားဆေးတွေတိုက်သည်။ တိုက်ရှေ့ကွက်လပ်တွင် ပယ်နယ်တီကန်လေ့ ကျင့်စေသည်။ သူက သူ့လူတွေကို အသင်းအပင်းစိတ်ဓာတ်သွင်းပေးသည်။ Discussion ဆွေးနွေးညှိနှိုင်း၍ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ချမှတ်သည်။ ကျွန်တော်တို့အမြင်ကတော့ လူသုံးဆယ် ထဲက ရွေးထားသောအသင်းက လူနှစ်ရာထဲကရွေးထားသော အသင်းလောက်မကောင်းဟု။ တကယ်ကစားတော့လည်း တိုက်အသင်းကို မည်သူကမှ အထင်မကြီးပါ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတာက BMI ဆေးရုံအသင်း။
ထိုအသင်းမှာ တောင်ကြီးလက်ရွေးစင်တွေဖြစ်သည့် ချီးလူးတို့၊ တီးတီးတို့ ပါသည်။ တိုက်အသင်းကအုပ်စုမှာ ကစားတော့ နှစ်ပွဲနိုင် တစ်ပွဲသရေ။ အားလုံးစိုးရိမ်နေသည့်ကြားမှ ဆီမီးဖိုင်နယ်မှာ တိုက်က BMI နှင့်တွေ့သည်။ ကိုမြအေးက သူ့လူတွေဖြစ်သည့် ဇော်မိုးဌေး၊ တေဇာ၊ အပုလေး တို့ကို စိတ်ဓာတ်မြှင့်တင်ပေးသည်။ ကွင်းဘေးကနေ နည်းဗျူဟာကိုအနီး ကပ်ညွှန်ကြားနေသည်။ ရလဒ်က အားလုံးမထင်ထားသည့် ရလဒ်လေးဂိုး တစ်ဂိုးဖြင့် လက်ရှိချန်ပီယံအသင်းကို နိုင်သွားသည်။
တစ်ဖက်အုပ်စုက ရှုံးပွဲမရှိ ပေးဂိုးမရှိ ကစားထားသော အဆောင် ၃ က ဗိုလ်လုပွဲ တက်လာသည်။ အဆောင် ၃ က ပအို့ဝ်တိုင်းရင်းသားတွေ။ လူကောင် ထွားသည်။ ခံစစ် ကျစ်လစ်သည်။ ဗိုလ်လုပွဲ မကစားခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့်တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူကအရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်။ သူ့အနားသွားပြီး နိုင်ငံရေးအခြေအနေတွေ ပြောတော့လည်း သူကစကားဖြတ်ပြီး သူ့အသင်းအကြောင်းပဲ ထုံမွှမ်းနေသည်။ သူ့လူတွေအကြောင်းပဲ ပြောသည်။
ဗိုလ်လုပွဲတွင် အသင်းသစ်ဖြစ်သည့် တိုက်အသင်းက အားငယ်စရာ။ အဆောင် ၃ က အားပေးသူတွေ ပြည့်နှက်နေသည်။ ဒါပေမယ့် ကိုမြအေးက သူ့လူတွေကို ကွင်းဘေးကနေ အနီးကပ် ညွှန်ကြားကြီးကြပ်သည့်ပွဲ။ ချိန်ခွင်လျာက တဖြည်းဖြည်း ပြောင်းလာသည်။ ပွဲပြီးရန် ငါးမိနစ်အလိုတွင် တိုက်အသင်းရှေ့တန်းမှ တေဇာက အနိုင်ဂိုးသွင်းယူပြီး ဗိုလ်စွဲသွားသည်။ ဒီဘောလုံးပွဲကို အကြောင်းပြု၍ ဘ၀အတွက် နည်းဗျူဟာများ ကျွန်တော်တို့ ရရှိခဲ့ပါသည်။ သူက လူထူးလူဆန်းတစ်ယောက်။ နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သူ။ လွန်ခဲ့သောနှစ်ပေါင်း ၂၃ နှစ်ကျော်က သူ့လက်ရာ သီချင်းသံလေးကို ကျွန်တော်ကြားယောင်နေမိသည်။ သီချင်းအမည်က ‘ကမ္ဘာမကြေဘူး ဟေ့’
”လာပါလေ XXX ညီအစ်ကိုတွေ XXX ခရောင်းတောလမ်း ကိုနင်းဖြတ်မယ် XXX မြန်မာပြည်ကယ်တင်မယ် XXX တို့ရဲ့ လက်တွေမြဲကြစေ XXX ရာဇ၀င်မှာ XXX အစဉ်အလာပါ XXX သမဂ္ဂဟာကြီးမြတ်ပေ XXX တော်လှန်စဉ် XXX အချိန်အခါမှာ XXX တပ်ဦးကနေ XXX ဦးဆောင်ခဲ့တယ်လေ XXX ဒါ XXX တို့တိုင်းပြည် XXX။
Comments