6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၉၊ ၂၀၁၃
M-Media
ဂျူလိုင်ရဲရင့်

inside islam

မုစ်လင်မ်နိုင်ငံအချို့ရှိ အိုးနင်းခွက်နင်း အုပ်ချုပ်ရေးစံနစ်များက ”အစ္စလာမ် နှင့် ဒီမိုကရေစီစံနစ် ယှဉ်တွဲရှိနိုင်သလော” ဟူသည့် မေးခွန်းဖြစ်ပေါ်လာပြီး မကြုံစဖူး သည်းသည်းလှုပ် ငြင်းခုန်လျက်ရှိကြပါသည်

မုစ်လင်မ်ကမ္ဘာအဖို့ ဒီမိုကရေစီပန်းတိုင်သို့ရောက်ရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ လောကီဝါဒကို ကျင့်သုံးလိုက်ခြင်းသာဖြစ်သည်ဟုအချို့က ဆိုကြ၏။ ”အနောက်တိုင်းသည် အစ္စလာမ် နှင့် အစ္စလာမ့်အဆင့်အတန်းကို ဖျက်ဆီးနေခြင်းသာဖြစ်သည်”ဟု ဆိုကြကုန်သော တွေးခေါ်ရှင်များ နှင့် အစွန်းရောက်သူများကို ဤအယူအဆက ထိုးဆွလိုက်ရာရောက်သွားစေပါသည်။

ကမ္ဘာ့ရာဇဝင်ကို ပြန်ကြည့်လေသော် အစ္စလာမ့်ဒီမိုကရေစီစံနစ်သည် အစ္စလာမ့်ခေတ်ဦးကာလကတည်းကပင် အယူအဆရော လက်တွေ့ပါ ညီညွတ်မျှတစွာ ပေါ်လွင် ထွန်းကားခဲ့ပြီးဖြစ်နေပါသည်။ မုစ်လင်မ်ကမ္ဘာ၌ လက်ရှိ နိုင်ငံရေးဖွံ့ဖြိုးမှုသည် အဖိနှိပ်ခံစံနစ်မှလွတ်မြောက်လိုသည့်ဆန္ဒနှင့် တွဲလျက်ရှိနေလေသည်။ ထို့ကြောင့် အစ္စလာမ့်နည်းကျဒီမိုကရေစီစံနစ် ဟူသည် မည်သို့ဖြစ်ကြောင်း မြင်ယောင်လာနိုင်ရန် လုံလောက်သည့်အချိန်တစ်ရပ်ကို ပေးရပေလိမ့်မည်

မုစ်လင်မ်တို့သည် ကြီးကြီးမားမားအစဉ်အလာရှိခဲ့သောအစ္စလာမ့်နည်းကျဒီမိုကရေစီစံနစ်၏စည်းမျဉ်းများကို ပြန်လည်ချိတ်ဆက်မိရန် နည်းလမ်းတစ်ရပ် ရှာဖွေ ကြရ မည်ဖြစ်သည်။ သို့မှသာလျှင် ဒီမိုကရေစီ၏ အတွေးအခေါ်သည် မိမိတို့၏ယုံကြည်ချက်မှာ ပြီးပြည့်စုံသောဘဝလမ်းစဉ်အဖြစ် သတ်မှတ်ခံယူထားကြသည့် မုစ်လင်မ်များ အကြား ပြေပြစ်ချောမွေ့စွာ ရောက်ရှိသွားပေမည်။ အကယ်၍ ကုရ်အာန်အပါအဝင် အစ္စလာမ့်အရင်းအမြစ်များ နှင့် ဒီမိုကရေစီစံနစ်မှာ မုစ်လင်မ်တို့၏အသိတရား၌ မကိန်းအောင်းနိုင်ခဲ့ပါလျှင် ပညာရှင်တို့၏ကျမ်းဂန်များသည် လက်တွေ့အသုံးချ၍ မရသော စာအုပ်များသက်သက်အနေနှင့်သာ စခန်းသိမ်းရတော့မည် ဖြစ်ပါသည်။

ဖန်ဆင်းရှင်၏ဥပဒေ နှင့် လူလုပ်ဥပဒေတို့ ထိပ်တိုက်တွေ့ခြင်း

“ဒီမိုကရေစီစံနစ် နှင့် အစ္စလာမ့်ဥပဒေမှာ မတူကွဲပြားမှုရှိသည်။ ဒီမိုကရေစီသည် လူလုပ်ဥပဒေ ဖြစ်ပြီး အစ္စလာမ်သည် ဖန်ဆင်းရှင်၏ ဥပဒေဖြစ်သည်”ဟု အချို့မှ အငြင်း ဝင်ကြ၏။ သို့ရာတွင် ယင်းသို့သော လူစားများက အစ္စလာမ်သည် သီယိုကရေစီ (သာသနာ့ပဒေသရာဇ်စံနစ်)အား ကိုယ်စားပြုသည်ဟု လွဲမှားစွာ ယူဆနေတတ်ကြပြန် ၏။ စင်စစ် ၎င်း Theocracy သည် ဒီမိုကရေစီ၏ ဆန့်ကျင်ဖက် ဖြစ်၏။ Theocracy ဟူသည်မှာ ဖန်ဆင်းရှင်ကိုယ်စား ပြောရေးဆိုခွင့်ဆုံးဖြတ်ခွင့်ရှိသူများမှ အာဏာပိုင် အဖြစ် သာသနာ့အာဏာဖြင့် အုပ်ချုပ်သည့်စံနစ်ကို ခေါ်ဆိုသည်။

သီယိုကရေစီဝါဒ၌ ဗဟိုဦးစီးချုပ်ကိုင်သူ (ဥပမာ ပုပ်ရဟန်းမင်းကြီး) သို့မဟုတ် အခွင့်ထူးခံလူတစ်စု (ဥပမာ ဆရာသခင်/ဘုန်းတော်ကြီးများ)က အထူးအဆင့်အတန်း တစ်ရပ်အနေဖြင့် ဗျာဒိတ်သတင်းများကို မပြတ်ရရှိနေကြပြီး ၎င်းအားဖြင့် ဖန်ဆင်းရှင်၏ အလိုတော်ကိုသိလျက် အခါအားလျော်စွာ လူ့အဖွဲ့အစည်းအပေါ်သို့ ပြဋ္ဌာန်း ကျင့်သုံးသောဓလေ့ရှိသည်။

သို့သော် စွန္နီမုစ်လင်မ်အားလုံးက လူတစ်ဦး (ဝါ) လူတစ်စုမှ ဖန်ဆင်းရှင်နှင့် တိုက်ရိုက်အဆက်အသွယ်ရှိပြီး ဖန်ဆင်းရှင်၏အလိုတော်အားသိနိုင်သည့် အထူးနည်းလမ်း ပိုင်ဆိုင်ခြင်းအယူအဆကို လက်မခံကြချေ။ လုံးဝ ပြီးပြည့်စုံသော ၊ လိုအပ်ချက်ဟူ၍ မရှိသော၊ မေးခွန်းထုတ်ရန်မလိုအပ်သော သာသနာ့အခြေတည်အုပ်ချုပ်မှု အာဏာမှာ မည်သည့်အဖန်ဆင်းခံ၏လက်ထဲတွင် မရှိနိုင်။ မိမိတို့၏အုပ်ချုပ်မှုသည် ကုရ်အာန်နှင့်စွန္နဟ်ရှိ ဗျာဒိတ်ဥပဒေအတိုင်း ဖြစ်မှသာလျှင် အာဏာ သို့မဟုတ် သြဇာ သက်ရောက်မှုရှိပေသည်။ အစ္စလာမ်သာသနာ၌ ကုရ်အာန်နှင့်စွန္နဟ်ရှိ ထင်ရှားသော အမိန့်မပါဘဲ လူသား၏ဥာဏ်ရည်သက်သက်ဖြင့် ဖန်ဆင်းရှင်၏အလိုတော်အား ဆုံးဖြတ်သတ်မှတ်ခြင်းကို ကန့်ကွက်ယုံမှတစ်ပါး အခြားမရှိပါလေ။

ထို့ကြောင့်လည်း (ဗျာဒိတ်ကျမ်းဂန် ရရှိထားပါလျက်) အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ မိမိတို့၏ဓမ္မဆရာများ၊ ဘုန်းတော်ကြီးများအား အရှင်သခင်အဖြစ်ပြုလုပ်ခဲ့ကြသည့်ဂျူးနှင့်ခရစ်ယာန်တို့အပေါ် ကုရ်အာန်က ပြင်းထန်စွာ ဝေဖန်ထားခြင်းဖြစ်သည် (၉း၃၁)။ တစ်နည်းဆိုသော် လွန်လေပြီးသောအတိတ်က သာသနာရေးဆိုင်ရာ လူ့အဖွဲ့ အစည်းတို့သည် ဖန်ဆင်းရှင်၏ဥပဒေအစား ၄င်းတို့၏ဘာသာရေးခေါင်းဆောင်များနောက်သို့ မျက်ကန်းရမ်းလျှောက်ပြုခဲ့ခြင်းကို ကုရ်အာန်မှ ဖော်ထုတ်တင်ပြထားလေ သည်။

ထိုနည်းတူ သာသနာရေးရာလုပ်ပိုင်ခွင့်အာဏာကို အထက်မှအောက်သို့ အဆင့်ဆင့်သတ်မှတ် ထူထောင်ခြင်း မပြုရန် ကုရ်အာန်က အထူးသတိပေးထား၏။ ယင်းလူစား များသည် ကာလရွေ့မျောလာသည်နှင့်အမျှ လူတို့၏ဥစ္စာပစ္စည်းအား မတရားသောနည်းဖြင့် ရယူကြယုံမက လူတို့အား အလ္လာဟ့်လမ်းတော်မှလည်း ပိတ်ပင်တားဆီး လာလေ့ ရှိသောကြောင့်ဖြစ်သည် (၉း၃၄)။

ကုရ်အာန်သည် သီယိုကရေစီဝါဒအပေါ် အယုံအကြည် မရှိ။ ကုရ်အာန့်နည်းကျအုပ်ချုပ်ပုံစံနစ်မှာ ဖော်ပြပါ အယူအဆအချက်သုံးချက်အပေါ် တည်ဆောက်စေသည်။
၁။ ဖန်ဆင်းရှင်တစ်ပါးတည်းသာ တုနှိုင်းမဲ့ဂုဏ်တော်များ၏ အရှင်သခင်

တစ်ဆူတစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်သည်သာ ဖန်ဆင်းရှင်၊ ကျွေးမွေးပေးကမ်းသည့် ပျိုးထောင်ရှင်၊ အရှင်သခင် ဟူသော ဂုဏ်တော်အပေါင်း၏ ပိုင်ရှင် ဖြစ်တော်မူရာ ထိုအရှင်သည်သာ အဖန်ဆင်းခံ ဝေနေယျအားလုံးအပေါ် စိုးမိုးလျက်ရှိတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံတော်၌သာ လူတစ်ဦးချင်းအတွက် ဖြစ်စေ၊ လူအများအတွက်ဖြစ်စေ လူ့ဘဝရေးရာဥပဒေများကို ဖန်တီးနိုင်သော မူလအခွင့်အာဏာကို ပိုင်ဆိုင်တော်မူ၏။

၂။ ဝဟီ (ဗျာဒိတ်အသိပေးချက်)

လူသားတို့အဖို့ စံပြုရာဘဝ၊ ၄င်း ဖန်ဆင်းရှင်၏ဥပဒေနှင့်လမ်းညွှန်မှုအပေါ်တည်ဆောက်ထားသော လမ်းစဉ်ကို သိနားလည်စေအောင် ဝဟီ(ဗျာဒိတ်လမ်းညွှန်)ကသာ ကိုယ်စားပြုထားခြင်းဖြစ်သည် (၄း၇၉-၈ဝ ၊ ၇း၁၅၇-၁၅၈)။

၃။ ဖန်ဆင်းရှင်မှချီးမြှင့်ထားသည့် ကမ္ဘာ့ကိုယ်စားလှယ်ဟူသော လူသားအဆင့်အတန်း

သာသနာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် သာသနာအုပ်စုတစ်စုသာလျှင် ဤအဆင့်အတန်း၏ ပိုင်ရှင်ဟု ကြွေးကြော်စရာ အကြောင်းမရှိ၊ ဤသည်မှာ တာဝန်နှင့် အခွင့်အရေးဆိုင်ရာ ဗျာဒိတ်ဥပဒေအောက်၌ နေထိုင်ရှင်သန်နေကြကုန်သော လူသားအားလုံးမှ ကိုယ်စီပိုင်ဆိုင်ထားကြသည့် ဂုဏ်ရည်အဆင့်အတန်းဖြစ်၏။ သို့ဖြစ်ရာ ခေါင်းဆောင်ဖြစ်စေ လယ်သမားဖြစ်စေ လူ့အဖွဲ့အစည်းဝင်တိုင်း၌ အခွင့်အရေးနှင့်တာဝန်နှင့်စပ်လျဉ်း၍ ဥပဒေ၏အောက်တွင် တန်းတူသာဖြစ်သည်။ ဥပဒေ၏အထက် ၌ မည်သည့်လူသားမှ မရှိချေ။ ဖန်ဆင်းရှင်၏အလိုတော်အား ကြားခံတင်ပြပေးနေသူအဖြစ် ရာထူးခန့်အပ်ခံရခြင်းဟူ၍လည်း မရှိပါချေ။

အမျိုးသားအမျိုးသမီးတိုင်းသည် ရွေးချယ်ခံရသူများပီပီ အလ္လာဟ့်သိစိတ်အခြေတည်လူ့ယဉ်ကျေးမှုကြီးကို ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။ ယင်းလူ့ဘောင်အဖွဲ့ အစည်းသည် လူထုကောင်းကျိုး နှင့် ကောင်းမြတ်သည့် အရေးအရာများ၌ ပူးပေါင်းပါဝင်ကြရပါမည်။ လူထုဆိုးကျိုးနှင့်ဘေးအန္တရာယ်များကို အားထုတ်ကာကွယ် ကြရပါမည် (၉း၇၁ ၊ ၂၂း၄၁)။ ပြောင်းလဲတိုးတက်နေသောလူ့အဖွဲ့အစည်းအတွက် အရေးပါသောအကြောင်းရပ်အသစ်များလည်း ထွက်ပေါ်လာလေ့ရှိခြင်းကြောင့် ဖန်ဆင်းရှင်၏အလိုတော်အားသိရှိနိုင်ရန် ဥာဏ်လွှာအားထုတ်ချက် (အိဂ်ျသိဟာ့ဒ်) ၌လည်း လူ့အဖွဲ့အစည်းမှ နိုးကြားစွာ ပါဝင်ကြရပေမည်

ဗျာဒိတ်ဥပဒေကို လိုက်နာသော တိုင်းသူပြည်သားတို့သည် အပြန်အလှန်နှီးနှောတိုင်ပင်ခြင်းစံနစ် (ယှူရာ)၏အောက်မှ ယင်းဥပဒေများအား သတ်မှတ် အကောင်အထည် ဖော်ရပါသည် (၄၂း၃၈)။ ၄င်း၌ ပါလီမန် သို့မဟုတ် ကွန်ကရက်လွှတ်တော် အမတ်များကဲ့သို့ ဥပဒေ အတည်ပြုရေးရွေးချယ်ခံ အင်အားစုတစ်ရပ်က ကျမ်းမြတ်ကုရ်အာန်၊ စွန္နဟ် နှင့် အခြားဥပဒေရင်းမြစ်များအားဖြင့် အချေအတင်ဆွေးနွေးဆုံးဖြတ်ကြရ၏။

အနောက်တိုင်းဒီမိုကရေစီ နှင့် အစ္စလာမ့်ဒီမိုကရေစီအကြား အဓိကကွာခြားချက်အချို့ ရှိနေပါသည်။ အနောက်တိုင်းဒီမိုကရေစီက အုပ်ချူပ်မှု အာဏာစက် (ဝါ) အချုပ် အခြာအာဏာကို လူတို့ထံပေးအပ်သည်။ ယင်းသူတို့က နိုင်ငံသားတို့အတွက် တာဝန်နှင့် အခွင့်အရေးများကို သတ်မှတ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပုံဖော်ကြသည်။ အစ္စလာမ့်ဒီမိုကရေစီမှာကား အချုပ်အခြာ အာဏာ/ဥပဒေစည်းမျဉ်းကို ဖန်ဆင်းရှင်ထံ လွှဲအပ်သည်။ ဖန်ဆင်းရှင်မှ လူတို့အပေါ် တာဝန်ဝတ္တရားနှင့်အခွင့်အရေးများကို ချမှတ်ပေးတော်မူသည် (၄း၁)။ အနောက်တိုင်း ဒီမိုကရေစီတွင် လူတို့သည် ကာလံဒေသံ လမ်းကြောင်းအပေါ် မူတည်ပြီး ကိုယ်ပိုင်ဥပဒေများကို ဖန်တီးကြသည်။ အစ္စလာမ့်ဒီမိုကရေစီ မှာတော့ အပြောင်းအလဲမရှိသော ဖန်ဆင်းရှင်၏နိစ္စထာဝရစည်းမျဉ်းများအတိုင်း လှုပ်ရှားလည်ပတ်သည်။ အနောက်တိုင်း ဒီမိုကရေစီက လူတို့၏ ဆန္ဒကို ဦးထိပ်ထားအလုပ်အကျွေးပြုသည်။ အစ္စလာမ့်ဒီမိုကရေစီကား ဖန်ဆင်းရှင်၏အလို ဆန္ဒတော်ကို ဦးထိပ်ထားအလုပ်အကျွေးပြုသည်။ ချုပ်ရပါလျှင် စံနစ်နှစ်ရပ် လုံး၌ တူညီသည့်အနှစ်သားတစ်ခုမှာ ရွေးချယ်ခံကိုယ်စားလှယ်များမှ အုပ်ချုပ်ခွင့်ရရှိခြင်းပင် ဖြစ်သည်။

လူလုပ်ဒီမိုကရေစီစံနစ်၌ ဖွဲ့စည်းပုံစည်းမျဉ်း နှင့် စကားလုံးများက ဥပဒေပြုနိုင်သော လူသားစွမ်းရည်ကို ထိန်းချုပ်ထား၏။ အစ္စလာမ့်ဒီမိုကရေစီစံနစ်၌ လူသား၏ အုပ်ချုပ်မှု စွမ်းရည်ကို ကုရ်အာန်၏ဗျာဒိတ်ဥပဒေ နှင့် စွန္နဟ်အခြေပြုစည်းမျဉ်းများက ထိန်းချုပ်ကန့်သတ်ထားပေသည်။

ပြည်သူ့ဆန္ဒ အဓိက

ဒီမိုကရေစီစံနစ်ဟူသည် ပြည်သူ့ဆန္ဒကို ကိုယ်စားပြု၏။ နိုင်ငံသူနိုင်ငံသားတို့သည် ရွေးကောက်တင်မြှောက်ခြင်းဖြင့် မိမိတို့ဆန္ဒကို ထုတ်ဖော်ရ၏။ ကျမ်းမြတ်ကုရ်အာန် က ယင်းကဲ့သို့ အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက်မှုကို ညွှန်ပြထားပါသလော ? ဧကန်ပင် ညွှန်ထားပါသည်။

ကုရ်အာန်(၂း၃ဝ)အရ ကမ္ဘာ့လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ကိုယ်စားလှယ်တော်များဖြစ်ကြပေရာ မိမိတို့ တိုင်းပြည်နိုင်ငံများအတွက် တာဝန်ရှိနေကြသည်။ ဤအချက်က လူတို့၏ခေါင်းဆောင် နှင့် ကိုယ်စားလှယ်များကို လူထုကပင် ရွေးချယ်တင်မြှောက်ရမည့် အယူအဆပင် ဖြစ်ပါသည်။

ကုရ်အာန်၏အမိန့်ဖြစ်သော ယှူရာ (အပြန်အလှန်နှီးနှောဖလှယ်၍ သဘောတူညီချက်ရယူမှု)သည် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခြင်း၏ အနှစ်သာရပင် ဖြစ်သည်။

ကုရ်အာန်က မုစ်လင်မ်တို့အား ”အလ္လာဟ်အရှင်မြတ်အား နာခံကြ၊ ရစူလ်တမန်တော်အား နာခံကြ၊ ၄င်းနောက် အသင်တို့အနက်မှ (လမ်းစဉ်မှန်)အာဏာပိုင်များကို နာခံကြ” ဟု သင်ကြားထားသည် (၄း၅၉)။ ဤပါဒတော်၏ တတိယညွှန်းချက်တွင် အသင်တို့အပေါ် ဟုဆိုမထားဘဲ “အသင်တို့အနက်မှ” ဟု ရှင်းလင်းပြတ်သားစွာ ဆိုထားသောကြောင့် ခေါင်းဆောင်ကို ပြည်သူလူထုအနက်မှ ပြည်သူများကသာရွေးချယ်၍၊ ခေါင်းဆောင်သည် ပြည်သူလူထုထဲမှပင် ထွက်ပေါ်လာရမည်ဖြစ်သည်။ တိုင်းသူပြည်သားများအပေါ် ခေါင်းဆောင်ကို တစ်ဖက်သတ် တင်မြှောက်သတ်မှတ်ခြင်းမျိုး မဟုတ်ရပါ။

ရွေးချယ်တင်မြှောက်မှုအယူအဆဆိုင်ရာ အဖြေတစ်ချို့ နှင့် စံပြပုံရိပ်ကို ခေတ်ဦးအစ္စလာမ့်ရာဇဝင်၌ ခိုင်ခိုင်မာမာ ထူးထူးခြားခြား တွေ့ကြရပေလိမ့်မည်။ တမန်တော် မုဟမ္မဒ် (ဆွ) ကွယ်လွန်အံ့ဆဲဆဲအချိန်တွင် ကိုယ်တော်၏ဆွေသဟာများက ကိုယ်တော်သည် မိမိ၏လူ့ဘောင် အဖွဲ့အစည်းအတွက် ခေါင်းဆောင်တစ်ဦးဦးကို ထုတ်ဖော် မှာကြားတော်မူလိမ့်မည်ဟု ခန့်မှန်းယူဆခဲ့ကြ၏။ သို့သော် တမန်တော်မြတ်သည် ဤအရေးအရာနှင့်စပ်လျဉ်း၍ ရေငုံနှုတ်ပိတ်နေတော်မူခဲ့သည်မှာ မထူးခြားပါသလော ? တမန်တော်မြတ်(ဆွ)သည် မည်သည့်အမိန့်မှ မပေးတော်မူခဲ့ခြင်းမှာ လူ့အဖွဲ့အစည်း၏ခေါင်းဆောင်ကို လူထုကိုယ်တိုင်က ဆုံးဖြတ်ရွေးချယ်စေရန်ဖြစ်ပါ၏။ ထိုအခြေ အနေ၌ အဆိုပြုခံရသော ဆွေသဟာတော် သုံးပါးရှိခဲ့၏။ အဗူဗကရ်၊ အုမရ် နှင့် စအဒ် (ရဿွိ-ဟွံမ်)တို့ဖြစ်၏။ ၄င်းတို့အနက် အဗူဗကရ်အား အခိုင်မာဆုံး ရွေးချယ်လိုက် ကြပြီး အစ္စလာမ်သာသနာ၏ ပထမဦးဆုံး ခလီဖဟ်အဖြစ် အတည်ပြုတင်မြှောက်ခဲ့ကြသည်။ အခြားသော အစဉ်အဆက်ခလီဖဟ်များဖြစ်လာကြသော အုမရ်၊ အုဆ်မာန်း၊ အလီ (ရဿွိ-ဟွံမ်) တို့သည်လည်း အလားတူပုံစံအတိုင်း အွမ္မဟ် (မုစ်လင်မ်လူထု)၏ ရွေးကောက် တင်မြှောက်ခံခဲ့ကြရပေသည်။ ဤသည်ကား မုစ်လင်မ် လူထု အများစု၏ဆန္ဒကို ကိုယ်စားပြုချက်ပင် ဖြစ်ပါသည်။

သို့ဖြစ်၍ ရွေးကောက်ပွဲဟူသည် အစ္စလာမ့်အုပ်ချုပ်ရေးစံနစ်အတွက် သဟဇာတ ဖြစ်သည်သာမက အစ္စလာမ့်နည်းကျအုပ်ချုပ်ရေးစံနစ်၏ အရေးပါသော ကဏ္ဍတစ်ရပ် အဖြစ်လည်း ပါဝင်နေပေသည်။

လူထုမှအပ်နှင်းသော အာဏာ နှင့် တာဝန်

ဒီမိုကရေစီယန္တရား ပီပြင်စွာလည်ပတ်နိုင်ရေးအတွက် လူထုအနေဖြင့် တာဝန်ကျေပွန်နိုင်မည့် ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ကြရပေမည်။ ဤလုပ်ငန်းစဉ်၌ ယှူရာသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်လာသည် (၄၂း၃၈)။ ယှူရာ၏ အတွေးအမြင်က လူထု၏သဘောတူညီမှုအားဖြင့် တာဝန်ထမ်းဆောင် မည့် ပြည်သူ့ကိုယ်စားလှယ်များကို ထွက်ပေါ်ရရှိစေသည်။ အာဏာသုံးခန့်အပ်ခြင်းပုံစံက တရားမဝင်ပါ။

သို့သော်လည်း အစ္စလာမ့်ဒီမိုကရေစီစံနစ်အပေါ် သံသယပွားသူတို့က ယှူရာသည် ဒီမိုကရေစီ၏ လုပ်ထုံးလုပ်နည်း၌ မပါဝင်၊ ပေါင်းစပ်ထည့်သွင်းစရာလည်း မဟုတ်ဟု ဆိုကြ၏။ အစ္စလာမ့်ဒီမိုကရေစီစံနစ်အား ထောက်ခံရပ်တည်ကြသူတို့ကမူ ယှူရာက လူထုကိုယ်စားလှယ်များအပေါ် ဧကန်ပင် သြဇာသက်ရောက်ရမည်။ တမန်တော်မြတ်(ဆွ)နှင့် လက်ဦးခလီဖဟ်လေးပါးတို့၏ လက်တွေ့ဆောင်ရွက်ချက်များ၌အခြေခံကာ ပညာရှင်အများစု၏ အကြံဥာဏ်ကို ရယူအပ်သည်ဟု ပြန်လည် ချေပေကြ၏။ ဒုတိယအားဖြင့် ခေါင်းဆောင်နှင့်လူထုကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ရေးတာဝန်အား ကုရ်အာန် က အောက်ပါကဲ့သို့ ဖော်ပြထားသည်ကို တွေ့ရ မည်။

အလ္လာဟ်အရှင်မြတ်သည် အသင် (မုစ်လင်မ်)တို့အား (မိမိတို့ထံသူတစ်ပါးက) ယုံကြည်စွာအပ်နှံမှုများကို ထိုအပ်နှံကြသူများထံ (ပြန်လည်) ပေးဆပ်ကြရန် လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း ဧကန်စင်စစ် အမိန့်တော်ပေးထားတော်မူ၏။ ကုရ်အာန် (၄း၅၈)

အရွေးချယ်ခံကိုယ်စားလှယ်သည် လူထုမှ ယုံကြည်စွာလွှဲအပ်ခံရသူ ဖြစ်သည်။ ယင်းအပ်နှံမှုနှင့် ထိုက်တန်စွာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထိုသူ သို့မဟုတ် သူမအနေဖြင့် တရားမျှတမှုအပေါ် ရပ်တည်ရန်လည်း အရေးကြီးသည်။ အကယ်၍ လူထုကိုယ်စားလှယ်တစ်ဦးဦးမှာ ဤစံချိန်စံညွှန်းနှစ်ရပ်၏အရည်အချင်း မရှိသော် ထိုသူ သို့မဟုတ် သူမသည် ပြည်သူတို့၏ယုံစားခြင်းမှ လက်မဲ့ဖြစ်၍ အုပ်ချုပ်ရေးနှင့်ထိုက်တန်သူ မမည်ချေ။

တတိယအားဖြင့် ကိုယ်စားလှယ်တို့၏ဥပဒေတင်သွင်းမှု/အတည်ပြုမှုများမှာ မိမိတို့၏ကိုယ်ပိုင်ဆန္ဒ နှင့် ရမ္မက်များအပေါ် အခြေမပြုရပေ။ ကုရ်အာန် နှင့် စွန္နဟ်၏ လမ်းကြောင်းအတွင်း၌သာ တည်ရှိနေရပေမည် (၄း၅၉)။ ကုရ်အာန် နှင့် စွန္နဟ် တည်းဟူသော အရင်းအမြစ်ကြီးနှစ်ရပ်မှာ အစ္စလာမ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပင် ဖြစ်သည်။ သို့ဖြစ်ရာ အခြေခံဥပဒေအား ချိုးဖျက်ရာရောက်သည့် ဥပဒေစည်းမျဉ်းများကိုပယ်ချနိုင်ရန် ဘက်ညီမှု နှင့် တန်ပြန်စစ်ဆေးမှုစံနစ် ရှိနေရမည်၊ ၎င်းအတွက် “(နှောင်ကြိုးမဲ့) လွတ်လပ်သော ဥပဒေပညာရှင်များ ကောင်စီ” တစ်ခုကိုလည်း ဖွဲ့စည်းကြရပေမည်။ အကြောင်းမှာ ဥပဒေပါရဂူတစ်ဦးတစ်ယောက်တည်း ထံ၌ အချုပ်အခြာအာဏာ/ လုပ်ပိုင်ခွင့်များ စုပြုံရောက်ရှိမနေရန် ဖြစ်သည်။ ဆက်လက်၍ လူထုကိုယ်စားလှယ်နှင့်ဥပဒေပညာရှင်များသည် လူထုမှ အပ်နှင်းထားသော ဦးဆောင်မှု၊ ကိုယ်စားပြုမှု၏တာဝန်များနှင့်အညီ ညီလာခံကျင်းပရန် တာဝန်ရှိပါသည်။

ကျမ်းမြတ်ကုရ်အာန်၏အုပ်ချုပ်ရေးဆိုင်ရာအတွေးအမြင်က လူထုဆန္ဒအခြေပြုဒီမိုကရေစီ၏ အဓိကစည်းမျဉ်းအား ဖော်ကျူးပြသလျက်ရှိနေပေသည်။
လွတ်လပ်ခွင့် နှင့် အစ္စလာမ့်အတွေးအခေါ်

လူတို့ထံ၌ ဥပဒေပြင်ဆင်ရန် လွတ်လပ်စွာ အရေးဆိုခွင့်၊ လွတ်လပ်စွာဟောပြောရေးသားခွင့် ၊ လွတ်လပ်စွာစည်းရုံးစုဝေးခွင့် အပါအဝင် သက်ဆိုင်ရာလွတ်လပ်မှုများ ရှိရခြင်းသည် ဒီမိုကရေစီ၏လိုအပ်ချက်ဖြစ်၏။ လွတ်လပ်ခြင်းဟူသည် နိုင်ငံရေးမူဝါဒထက် များစွာကျယ်ပြန့်ပါသည်။ ဥပမာ – ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ကိစ္စမျိုးလည်း ပါဝင်နေသည်။ မိမိအတွင်းရေး/ကိုယ်ရေးကိုယ်တာကို ကာကွယ်ပိုင်ခွင့်ကဲ့သို့ အခြားဥပဒေများမှာ ဒီမိုကရေစီစစ်စစ်ဟုဆိုနေသည့် လူ့အဖွဲ့အစည်းများအတွင်း ယနေ့တိုင်အောင် အပြင်းအထန် အရေးဆိုနေရဆဲပင်။

လွတ်လပ်မှုကိုအတည်ပြုရေးသည် အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ရပ်၌ အခွင့်အရေးသက်သက်သာမဟုတ်၊ တာဝန်လည်းဖြစ်နေသည်။ ကုရ်အာန်က လူသားကို ကမ္ဘာမြေ၏ကိုယ်စားလှယ်အဖြစ် ဂုဏ်တင်ထားသောကြောင့်ဖြစ်သည် (၂း၃ဝ)။ သို့ဖြစ်၍ အမျိုးသားအတွက်ဖြစ်စေ အမျိုးသမီးအတွက်ဖြစ်စေ ဥပဒေရေးရာ ဆွေးနွေး တင်ပြခွင့် အခွင့်အရေးကို ဖယ်ရှားမရနိုင်ပါ။ ထို့ကြောင့် မည်သည့် ဒီမိုကရေစီစံနစ်အမျိုးအစား၌ဖြစ်စေကာမူ ဤအခွင့်အရေးနှင့်လုပ်ဆောင်ချက်များအား စမ်းသပ် ကျင့်သုံးကြည့်ရန် လက်ဆင့်ကမ်းသင့်ပေသည်။

လူ့အဖွဲ့အစည်းအပေါ် စာရိတ္တ နှင့် စည်းကမ်း(ကျင့်ဝတ်တရား) ပဲ့တင်ထပ်နေရေးအတွက် လူမှုရေးရာလှုပ်ရှားမှု နှင့် အရေးဆိုမှုများကို ဆောင်ရွက်ရန် ကုရ်အာန်က ထောက်ခံထားပါသည်။

၎င်းပြင် အသင်တို့၌ (အကြင်သို့သော) လူ့အဖွဲ့အစည်း ရှိရမည်။ ထိုလူ့အဖွဲ့အစည်းသည် (လူသားတို့အား) ကောင်းရာကောင်းကြောင်းဖက်သို့ဖိတ်ခေါ်ကြရမည်။ ထို့ပြင် ကောင်းမြတ်သောအရာများကို ညွှန်ကြားကြရမည်။ ၄င်းပြင် မကောင်းမှုများမှလည်း မြစ်တားကြရမည်။ ဤသို့သောသူများသည်သာလျှင် (လုံးဝ) အောင်မြင်မည့်သူများ ဖြစ်ကြပေသတည်း။ ကုရ်အာန် ( ၃း၁ဝ၄ )

အစ္စလာမ့်ဒီမိုကရေစီစံနစ်တစ်ရပ်အနေနှင့် နိုင်ငံရေး နှင့် လူမှုရေးရာ စည်းရုံးခြင်း/စုရုံးခြင်းအတွက် လွတ်လပ်ခွင့်အား မဖြစ်မနေ အသိအမှတ်ပြုရပေမည်။ သာသနာ့ လွတ်လပ်ခွင့်မှာလည်း အစ္စလာမ့်ဒီမိုကရေစီစံနစ်တွင် အရေးကြီးလှပေသည်။ ယနေ့ကာလ အချို့မုစ်လင်မ်လူ့အစုအဖွဲ့များအကြားတွင် သာသနာ့ရေးရာလိုက်လျော နားလည်မှုနှင့်ပတ်သက်၍ အားနည်းလျက်ရှိနေကြ၏။ သို့တစေ အချို့မုစ်လင်မ်နိုင်ငံများကမူ ဘာသာခြားအုပ်စုများအပေါ် အထူးလိုက်လျောစွာ အခွင့်အရေးများ ပေးထားကြပါသည်။

အစ္စလာမ့်ယဉ်ကျေးမှု၌ ဘာသာရေးလွတ်လပ်ခွင့်အပြည့်အဝပေးခဲ့ကြသော သမိုင်းကြောင်းသာဓက များစွာ ရှိနေပါသည်။ ဥပမာ – စပိန်သည် အစ္စလာမ်နိုင်ငံဖြစ်ခဲ့စဉ်က မုစ်လင်မ်မဟုတ်သူများမှာ ထိပ်ပိုင်းဆိုင်ရာ အာဏာပိုင်ရာထူးများ ရရှိခံစားနိုင်ခဲ့ကြသည်အထိပင် ဖြစ်သည်။

“သာသနာရေး၌ အဓမ္မစံနစ် မရှိ ” (၂း၂၅၆) ဟူသောအဆိုဖြင့် ကုရ်အာန်က ဘာသာတရားလွတ်လပ်ခွင့်အား အပြည့်အဝ အသိအမှတ်ပြုထားကြောင်း ထင်ရှားပါသည်။ သို့သာမက ဘာသာရေးလွတ်လပ်ခွင့်ကို ဖော်ဆောင်ရန်၊ (ဘာသာခြားတို့၏) ဝတ်ပြုရာကျောင်းကန်ဇရပ်များ တိုက်ခိုက်ခံရလျှင် မုစ်လင်မ်တို့မှ အကာအကွယ်ပေးကြရန် အထိပင် မုစ်လင်မ်တို့ကို သွန်သင်ထားပါသည် (၂၂း၎ဝ)။ ထို့ကြောင့် ကုရ်အာန့်သဘောတရား၌ ဤအခွင့်အရေးလည်း ပါဝင်လျက်ရှိပေသည်။

အတွင်းရေး/ကိုယ်ရေးကိုယ်တာကာကွယ်ပိုင်ခွင့်ဥပဒေသည် အနောက်တိုင်းဒီမိုကရေစီလောကအတွင်း လက်ရှိသမယ၌ အလွန်ရေပန်းစားနေသော ဆွေးနွေးမှုတစ်ရပ် ဖြစ်နေ၏။ ကုရ်အာန်ကမူ နိုင်ငံသားတစ်ဦး၏လွတ်လပ်ခွင့်များအနက် အတွင်းရေးကိစ္စများသည် အရေးပါသောအချက်ဖြစ်သည်ဟု ကနဦးကပင် ရှင်းပြထားသည်။ ထောက်လှမ်းစပ်စုခြင်း၊ သူတစ်ပါး၏အိမ်သို့ အခွင့်မရှိဝင်ရောက်ခြင်း၊ မိသားစုတစ်ခုတည်းအတွင်းမှာပင် သက်ဆိုင်ရာသီးသန့်အခန်းသို့ဝင်ရန် အခွင့်မတောင်းခြင်း တို့ကို ကုရ်အာန်က တားမြစ်ထားသည် (၂၄း၂၇ ၊ ၂၄း၅၈ ၊ ၄၉း၁၂ )။ သို့သာမက အိမ်နေ/အိမ်ရှင်များ ဝင်ခွင့်မပြုပါက ပြန်လှည့်ထွက်သွားရမည့်အကြောင်းကိုပါ ဆုံးမ ထား၏ (၂၄း၂၈)။ အစ္စလာမ့်ဥပဒေသည် ကိုယ်ရေးကိုယ်တာအတွင်းရေးကဏ္ဍများအပေါ် အလေးအနက်ထားသည်ဖြစ်ရာ အစ္စလာမ့်ဒီမိုကရေစီစံနစ်အဖို့ အရေးပါ လှသည့်အယူအဆတစ်ရပ် ဖြစ်သည်။

လူထု၏စာရိတ္တခြစားမှုကို အာဏာပိုင်မှ တရားသဖြင့်နှိမ်နှင်းနိုင်ပါသော်လည်း အတွင်းရေးကဏ္ဍမှာ သီးသန့်သာဖြစ်၏။ အကြောင်းမှာ အိမ်နံရံလေးဖက်အတွင်း ပြုလုပ် သည့်လုပ်ရပ်များသည် ထိုသူနှင့်ဖန်ဆင်းရှင်အကြားရှိ ကိစ္စရပ်သာ ဖြစ်နေ၍တည်း။

အစ္စလာမ်၏လွတ်လပ်မှုဆိုင်ရာစည်းမျဉ်းများသည် ရှေးဆန်လှသည်ဟု ဆိုကောင်းဆိုနိုင်မည် ဖြစ်သော်လည်း ဒီမိုကရေစီစံနစ်မှာကား ရှေးဆန်မှုနှင့်အတူယှဉ်တွဲ မရှိနိုင်ဟု ဆိုမရပါလေ။

ဥပမာ – အစ္စလာမ့်ဒီမိုကရေစီစံနစ်အပေါ် သံသယပွားသူများစွာက အစ္စလာမ်သည် ဒီမိုကရေစီနှင့် သဟဇာတ မဖြစ်၊ အကြောင်းမှာ အမျိုးသမီးတို့သည် မိမိနှစ်သက် သလို ဝတ်စားဆင်ယင်ခွင့်မရှိ၍ဖြစ်သည်ဟု စောဒက ဝင်ကြ၏။ သို့ရာတွင် အနောက်တိုင်းလောက၌လည်း ဝတ်စားဆင်ယင်မှုဆိုင်ရာအဆင့်အတန်း ဟူသည် ရှိနေပါ၏။ ၎င်းတို့မှာ အိနြေ္ဒသိက္ခာရှိရှိဝတ်စားဆင်ယင်ခြင်းအပေါ်အခြေခံထားသည့် ယဉ်ကျေးမှုအယူအဆဖြစ်သည်။ မုစ်လင်မ်နိုင်ငံများတွင် ဝတ်စားဆင်ယင်မှုဥပဒေများ၏ အဓိပ္ပာယ်ဖွင့်ချက်များမှာ တည်ကြည်သော လုံခြုံဝတ်စားဆင်ယင်မှုဖြစ်စေရေးကို အကျိုးသက်ရောက်စေသည်။ ယင်းဖွင့်ဆိုချက်မှာ လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီချေ။ အိနြေ္ဒသိက္ခာအရှိဆုံး ဝတ်စားဆင်ယင်ပုံနှင့်ပတ်သက်၍ မုစ်လင်မ်အမျိုးသမီးများထံ၌လည်း တစ်ထေရာတည်းဟူ၍ မရှိကြပါ။ သို့ရာတွင် အစ္စလာမ့် ဒီမိုကရေစီစံနစ်၌ လူတို့၏ထုံးတမ်းဓလေ့သည်လည်း ဥပဒေပြုခြင်း၌ ထည့်သွင်းစဉ်းစားရလေ့ရှိပါသည်။

သာတူညီမျှလူမှုရေးရာ နှင့် အစ္စလာမ့်ဥပဒေ

လူမှုရေးသာတူညီမျှမှုသည် ပြည့်ဝသည့်ဒီမိုကရေစီစံနစ်အတွက်မရှိမဖြစ်ကဏ္ဍတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီအရေးအရာ၌ ပါဝင်ဆောင်ရွက်ခွင့်ကို မည်သည့်နိုင်ငံသားမှ လက်မဲ့မဖြစ်စေရပါ။ ဤသည်မှာ ပြည်သူ့အာဏာပင်ဖြစ်၏။ တိုင်းသူပြည်သားတိုင်းသည် နိုင်ငံ၏ဥပဒေအောက်ဝယ် တစ်ပြေးညီရှိရပါမည်။ ခွဲခြားနှိမ့်ချဆက်ဆံရေးမရှိပဲ တပြေးညီအခွင့်အရေးခံစားမှုတွင် တန်းတူဖြစ်နေရပါမည်။ ဤအချက်က လူနည်းစုတို့၏အခွင့်အရေးများကိုအာမခံချက်ပေးနေသည်

ထိရောက်သောနိုင်ငံရေးအင်အားစုဖွဲ့ရန် အင်အားမလုံလောက်သည့်လူ့အဖွဲ့အစည်းများအဖို့ ဤအခွင့်အရေးမှာ မရှိမဖြစ် အရေးပါလှပေသည်။ လူမှုဘဝသာတူ ညီမျှမှုနှင့် စပ်လျဉ်း၍ ကုရ်အာန်က ပါဒတော်များစွာ ပြဆိုထားသည်။ သာတူညီမျှမှုကိစ္စသည်လည်း အစ္စလာမ့်ဥပဒေ၌ မရှိမဖြစ် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေသည်။ ဥပမာ ပါဒတော်(၄၉း၁၃)၌ ကျားမ မရွေး၊ လူမျိုးမရွေး လူသားတိုင်းသည် ဖန်ဆင်းရှင်၏ တူညီသော ဖန်ဆင်းခံများပင်ဖြစ်ကြောင်း၊ တဖန် (၆ဝး၈)၌ မုစ်လင်မ်တို့သည် အစ္စလာမ်၏ရန်သူ မဟုတ်ကြကုန်သော ဘာသာခြားများနှင့် ကောင်းမွန်သင့်မြတ်စွာနှင့် တရားမျှတစွာ ဆက်ဆံရမည့်အကြောင်း ညွှန်ပြထား၏။

သာတူညီမျှမှုဆိုင်ရာ လူမှုဥပဒေများ၌ ခေါင်းခဲစရာ အချက်သုံးရပ် ကြုံရလေ့ရှိ၏။ စီးပွားရေးကဏ္ဍ၌ အမျိုးသမီးတစ်ဦးတည်း၏ သက်သေခံ ထွက်ဆိုမှု၊ အမွေခံမှု၊ ကွာရှင်းပြတ်စဲမှုတို့ဖြစ်ကြ၏။ ဤအခြေအနေသုံးရပ်တွင် အမျိုးသမီးတို့မှာ တန်းတူအခွင့်အရေးရဖို့နေနေသာသာ ခွဲခြားခံရသည်ဟု အချို့က အမြင်ရှိနေခဲ့သည်။ မုစ်လင်မ်တို့၏ ဤဥပဒေနောက်ကွယ်မှအကြောင်းရင်း/ရည်ရွယ်ရင်းကို နှံ့စပ်သေချာစွာ လေ့လာကြသောအခါဝယ် ယင်းသတ်မှတ်ချက်များမှာ ခွဲခြားနှိမ့်ချဆက်ဆံခြင်း မဟုတ်၊ အစ္စလာမ့်လူ့အဖွဲ့အစည်းရှိ “ လူမှုရေးရာနှင့်မိသားစုဆိုင်ရာ တာဝန်ယူရခြင်း အနေအထား ”ပေါ်မူတည်၍ ဖော်ဆောင်ချပြထားခြင်းဖြစ်ကြောင်း သိမြင်လာကြ ပေသည်။

ခေတ်သစ် အစ္စလာမ့်ရေးရာ ဖွင့်ဆိုချက်အချို့က အစ္စလာမ့်ဥပဒေရှိ တရားမျှတမှု အနှစ်သာရနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် အချို့ဥပဒေများကို လက်ရှိခေတ် ၏ သရုပ်မှန်များအပေါ် သုံးသပ်ကာ ပြန်လည်ပြင်ဆင် တည်ဆောက်ရန် တွန်းအားပေးနေပါသည်။ သို့သော်လည်း ဤအချက်တစ်ချက်တည်းဖြင့် ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေးကို အကာအကွယ်ပေးရာ မရောက်ပါလေ။ အကြောင်းမူ ယနေ့ခေတ်၏ မည်သည့်တိုင်းနိုင်ငံ၌ပင်ဖြစ်စေ မညီမျှမှု၊ တစ်ဖက်စောင်းနင်းဖြစ်မှုများမှာ နည်းများမဆို ရှိနေကြ၍ ဖြစ်လေသည်။ ထို့ကြောင့် ဤလူမှုရေးရာကိစ္စများ တိုးတက်လာဖို့မှာ အချိန်ယူရပေဦးမည်။

နောက်ဆုံးအားဖြင့်ထောက်ပြလိုသည့် အချက်တစ်ချက် ရှိပါသည်။ အစ္စလာမ်သည် ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ခြင်းရှိမရှိ မှသည် ကုရ်အာန်သည် ဒီမိုကရေစီနှင့် သဟဇာတ ဖြစ်မဖြစ်အထိ ခြုံငုံဆွေးနွေးခဲ့လေပြီ။ အစ္စလာမ့်အစိုးရအာဏာပိုင်များအနေဖြင့် လွတ်လပ်မှုနှင့်တရားမျှတမှုအလို့ငှါ (ဘောင်မလွတ်သော) အခြားပုံဟန် များကိုလည်း ဖော်ဆောင်နိုင်ပေသည်။ ကုရ်အာန်၏ရှုထောင့်၌ “ ကွဲပြားခြားနားခြင်းသည် ဖန်ဆင်းရှင်၏အလိုတော်သာ ဖြစ်သည် ” ဟု ဖော်ပြနေ၏ (၄၉း၁၃)။ နိုင်ငံတိုင်း သို့မဟုတ် လူ့အဖွဲ့အစည်းတိုင်းက လူသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပုံစံတည်းသော နိုင်ငံရေး သို့မဟုတ် လူမှုရေးစံနစ်ကိုလိုက်နာရန် မဖြစ်နိုင်ကြောင်း ပင်တည်း။

** Sohaib Sultan ၏ The Koran(Qur’an) for Dummies – (Wiley Publishing Inc, Indiana, USA, 2004) မှ ကောက်နှုတ်၍ တိုက်ရိုက်ပြန်ဆိုရေးသားသည်။

—————————————-

** M-Media သို့ ဆောင်းပါးရှင် ဂျူလိုင်ရဲရင့်ပေးပို့သော ဘာသာပြန် ဆောင်းပါးဖြစ်ပါသည်။ မူရင်းဆောင်းပါးရှင်၏ အမြင်နဲ့ အာဘော်ဖြစ်ပါသည်။

ဆောင်းပါးများ ပေးပို့လိုလျှင် [email protected] သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။

Tags: ,

Leave a Reply