အောက်တိုဘာ ၃၀၊ ၂၀၁၃
M-Media
ဆောင်းပါးရှင် – ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ)
လက်ရာညံ့၍ အလှမပီသော ယမင်းရုပ်က ထုဆစ်သူ ပန်းပုဆရာ၏ ခပ်ညံ့ညံ့ပညာကို လှစ်ဟဖော်ပြနေပါသည်။ လက်ရာ မြောက်၍ အသက်ဝင်သော ယမင်းရုပ်မှာမူ လက်ရာရှင် ပန်းပုဆရာ၏ ပါရမီပြည့်ဝသည့် အတတ်ပညာကို ဖော်ကျူး ပြသနေပါသည်။ ပန်းပုပညာ၏ အရည်အသွေးသည် ပန်းပုဆရာ၏ အရည်အချင်းပေါ်တွင် တိုက်ရိုက် တည်မှီနေသကဲ့သို့ ပညာတိုင်း ပညာတိုင်း၏ အရည်အသွေးသည် ပညာကမ်းဆင့်သူ ဆရာတို့၏ အရည်အချင်းပေါ်တွင် တည်မှီနေပါသည်။ ဆရာ့ အရည်အချင်း မြင့်ပါမှ ပညာအရည်အသွေးမြင့်ပါလိမ့်မည်။ပညာအရည်အသွေးကို မြှင့်မားစေလိုလျှင် ဆရာ့အရည်အချင်းကို ဦးစွာမြှင့်တင်ကြရပါမည်။
‘ပညာ’ဟုဆိုရာတွင် ‘၀ိဇ္ဖာ’တည်းဟူသော အသိပညာ၊ သိပ္ပံတည်းဟူသောအတတ်ပညာ ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဆရာတော်ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့တွင် “၀ိဇ္ဖာသိပ္ပ လူ့ကိစ္စ” ဟု သုံးနှုန်းမိန့်ဆိုခဲ့ပါသည်။ အသိပညာ အတတ်ပညာ ရှာမှီးခြင်းသည် လူတို့နှင့်သာဆိုင်သောကိစ္စ ဖြစ်သည်။ လူတို့၏အမှတ်လက္ခဏာဖြစ်သည်။ လူပီသရန် ပညာကို သင်ယူကြရပါသည်။ သင်ယူသူရှိလျှင်သင်ကြားပေးသာဆရာလည်းရှိရပါမည်။
‘ဆရာ’သည် ‘ပညာ’ကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသူဖြစ်သည်။ ရှေးလူတို့၏ အမွေဖြစ်သော အသိ၊ အတတ်တို့ကို နှောင်းလူတို့က ဆရာဖြင့် တဆင့်သယ်ဆောင် ရယူပြီးနောက် အသိသစ် အတတ်သစ်တို့ဖြင့် ပေါင်းစည်းကာ ပညာ အဆောက်အအုံကို ပိုမိုမြင့်စွင့်ခိုင်မာ စေသည်။ ပညာသယ်ဆောင်သူဆရာတို့က အရည်အချင်း မြင့်လျှင် မဖိတ်စင်၊ မယိုယွင်း၊ မတိမ်းပါးအောင် သယ်ဆောင်ပို့ပေးနိုင်ပါမည်။ ဆရာ့အရည်အချင်းနိမ့်လျှင်မူ ပညာသယ်ဆောင်ရာ၌ အလေအလွင့် ရှိနိုင်ပါသည်။ ဆုတ်ယုတ်လျော့ပါးနိုင်ပါသည်။
၂၁-ရာစု မုခ်ဦးအလွန်ကို အင်တာနက်ခေတ်၊ နည်းပညာခေတ်၊ အီလက်ထရောနစ်ခေတ်၊ သတင်းကွန်ရက်ခေတ် စသည်ဖြင့် သမုတ်ကြသည်။ မည်သို့ခေါ်ခေါ် ဤခေတ်သည် ကမ္ဘာကို ရွာဖြစ်စေသောခေတ် ဖြစ်သည်။ ခြုံပြောရလျှင် ပညာလှိုင်လှိုင်ကြွယ်သော ပညာခေတ်ဖြစ်သည်။ ပညာနိမ့်ပါးလျှင် ခေတ်ကိုမျက်ခြည်ဖြတ်သူ၊ ခေတ်နှင့် အံမ၀င်သူ၊ ခေတ်နောက်ကျန်သူ ဖြစ်ပေမည်။ ဤခေတ်၏ လူ့အဖွဲ.အစည်းသည် ပညာလူအဖွဲ့အစည်းဖြစ်သည်။ ပညာနိမ့်ပါးလျှင် လူတောတိုးဝံ့မည် မဟုတ်၊ တိုးဝံ့သော်ပဲထား၊လူပုံအလယ်တင့်တယ်မည်မဟုတ်။ ယနေ့ ကမ္ဘာ၏ သြဇာသည်လည်း ပညာဖြစ်သည် လူခါးတောင်ကျိုက်ပြီး လက်ရုံးချင်းယှဉ်ပြိုင်ရသောခေတ် မဟုတ်။ ဥာဏ်ခါးတောင်းကြိုက်ပြီး ပညာချင်း ယှဉ်ရသောခေတ်ဖြစ်သည်။
ခေတ်က ဤသို့သောခေတ်၊ မိမိတိုင်းပြည်ကလဲ ယခုမှ စနစ်သစ် ခေတ်သစ်ဆီသို့  ခြေလှမ်းသစ်လှမ်းနေသော နုနုထွေးထွေးကာလ။ ဤခေတ် ဤစနစ်တွင် တိုင်းပြည် အတွက် ပညာသည် အရေးအပါဆုံး မောင်းနှင်အားတရပ် ဖြစ်သည်။ ခပ်ညံ့ညံ့ပညာရေးဖြင့် ခရီးတွင်မည်မဟုတ်။ ကမ္ဘာနှင့်ယှဉ်ကာ အမှီလိုက်ရန်လည်း လွယ်မည် မဟုတ်။ အရည်အသွေးမြင့်သော ပညာဖြင့်သာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ကာ အနာဂတ်တိုင်းပြည်ကို လှပဝေစည်အောင် ၀ိုင်းဝန်းတည်ထောင်ကြရပါမည်။
အရည်အသွေးမြင့်သော ပညာဆိုသည်မှာ အဘယ်နည်း။ ရှင်မဟာသီလ၀ံသက ပါရာယန၀တ္ထုတွင် ပညာဟူသည် အပြစ်အကျိုးကို ခွဲခြမ်းနိုင်ခြင်းဥာဏ် ဟူ၍ ဖွင့်ဆိုခဲ့ ပါသည်။ မြန်မာအဘိဓာန်တွင်လဲ ပညာကို ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်၊ ‘အတတ်’ ဟူ၍ဖွင့်ဆိုထားပါသည်။ ဤအဖွင့်တွင် ပညာ၏သဘောလက္ခာဏာကို ပြတ်ပြတ် ထင်ထင် တွေ့နိုင်သည်။ ပညာသည် အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ အကျိုး၊ အပြစ်တို့ကို ခွဲခြားသိမြင်စေတတ်သော လက္ခဏာရှိသည်။ တစ်ဖန် ပုဂံခေတ် သိင်္ဃသူ့ သမီးကျောက်စာတွင် ‘ပညာမရှိသော၊ မိုက်သော’ဟူ၍လည်းကောင်း၊ ‘ပညာရှိသော၊ အကြောင်းကိုသိတတ်သော’ဟူ၍လည်းကောင်း အနက်တူစကားလုံးကွဲများဖြင့် ဆုတောင်းထားပုံကို တွေ့ရသည်။ ပညာမရှိခြင်းသည် မိုက်ခြင်းဖြစ်သည်။ မိုက်မဲခြင်း၊ မှောင်မိုက်ခြင်း၊ အသိအမြင် အလင်းမဲ့ခြင်းတို့သည် ပညာမဲ့ခြင်း၊ ပညာကင်းခြင်း လက္ခဏာဖြစ်သည်။ ပညာရှိလျှင်ကား အကြောင်းကိုသိ၏။ အကျိုးတရားတိုင်း၏ အကြောင်းတရားတို့ကို ဆင်ခြင်သိမြင်အောင် ကြိုးစားနိုင်စွမ်းရှိ၏။ ပန်းသီးကြွေခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာမြေ၏ ဆွဲအားကြောင့်ဟု သိသွားသော နယူတန်သည် ပညာရှိသူဖြစ်လာ၏။
တစ်စုံတစ်ယောက်သည် အတန်းပညာသင်ယူတတ်မြောက်၍ ဘွဲ့လက်မှတ်တို့ကို ကိုင်ဆောင်ထားပါသော်လည်း အကောင်းနှင့်အဆိုး မကွဲမပြားဖြစ်နေလျှင် အမှားနှင့် အမှန် ရောရောထွေးထွေး ရှိနေလျှင် အကျိုးနှင့်အပြစ် ခြားခြားနားနား ဆင်ခြင်မသိလျှင် ပြဿနာ၏အကြောင်းရင်းကို ခြေခြေမြစ်မြစ် စေ့ငှသေချာ လေ့လာစူးစမ်းခြင်း မရှိပဲ ကောလဟလများကို ယုံလွယ် လက်ခံလွယ် လက်ဆင့်ကမ်းလွယ်လျှင် ပဋိ့ပက္ခများတွင် ကျင်လည်နစ်မျော အရုန်းခက်သူဖြစ်နေလျှင် ထိုသူသည် ပညာ၏ သဘောကို ငုံမိခြုံမိသူမဟုတ် အရည်အသွေးနိမ့်သော ပညာကိုသာ ရရှိထားသူဖြစ်သည်။
၂၁-ရာစု ကမ္ဘာတွင် အသိပွားရန်၊ လုပ်တတ်ကိုင်တတ်ရန်၊ ဖွံ့ဖြိုးစေရန်၊ အတူရှင်သန်နေထိုင်ရန်တို့အတွက် ရည်ရွယ်၍ ပညာသင်ကြပါသည်။ ဤရည်ရွယ်ချက်ကို အောင်မြင်စွာ ပေါက်မြောက်ခြင်း ရှိ-မရှိသည်လည်း ပညာအရည်အသွေးနှင့် သက်ဆိုင်ပါသည်။ အရည်အသွေးမြင့်သောပညာ ဟုတ် မဟုတ်ကို ဤနည်းဖြင့် ဆန်းစစ် ကြည့်နိုင်ပါသည်။
ပညာအရည်အသွေးမြင့်မားရန် ဆရာ့အရည်အချင်းကို မြှင့်တင်ရပါမည်။ သို့ဖြစ်လျှင် ဆရာ့အရည်အချင်းတို့ကား အဘယ် အရာများနည်း။
လူတိုင်းသည် အခြားသူများအတွက် တစ်ကြိမ်တစ်ခါမက ဆရာဖြစ်ခဲ့ဖူးပေမည်။ သို့သော် ဆရာဘ၀ဖြင့် အသက်မွေး၍ ပညာလက်ဆင့်ကမ်းသည့်အလုပ်ကို တစိုက် မတ်မတ်လုပ်မည့်သူအတွက်ကား ၀ါသနာသည် မရှိမဖြစ် အခြေခံ အရည်အသွေးဖြစ်သည်။ အချို့က ဆရာအလုပ်ကို ရရာအလုပ်ရှာရင်း ၀င်လုပ်မိလျက်သား ဖြစ်သွား သူများရှိသည်။ အသက်မွေးဝမ်းကျောင်းတစ်ရပ်အနေဖြင့် ၀င်လုပ်ကြသည်။ အချို့လည်း ဆရာဘ၀ ရကာမှ ဆရာစိတ် စီးဝင်လွှမ်းခြုံမိသွားသည်။ အချို့ကမူ ဆရာဟု အမည်တွင်သော်လည်း ဆရာမပီ၊ ဆရာမည်ကာမတ္တဖြစ်သည်။ အကြောင်းမှာ မူလကပင် ၀ါသနာအခြေမခံသောကြောင့်ဖြစ်သည်။ ၀ါသနာမပါလျှင် အနစ်နာမခံလို၊
စေတနာပါမည်လည်း မဟုတ်။ စွဲမြဲကြံ့ခိုင်စိတ်လည်းမရှိ၊ စာသင်သား၏အကျိုးကို မကြည့်ဘဲ မိမိ အကျိုးကိုသာ ကြည့်တတ်ကြသည်။ ထို့ကြောင့် အရည်အသွေးမြင့် ဆရာများ ပေါ်ထွန်းစေရန် ၀ါသနာအခြေခံဆရာများကို ရွေးချယ်အပ်သည်။ ကာယကံရှင်များကလည်း ၀ါသနာပါမှသာ ဆရာအလုပ်ကို ရွေးချယ်သင့်သည်။
ဆရာသည် ‘သင်ခြေပညာ’နှင့် ‘သင်ဝေပညာ’ကို ဖြည့်ဆည်းထားရန် လိုအပ်ပါသည်။ ‘အခြေခံပညာ’ဆိုသည်မှာ မိမိသင်ကြား ပို့ချရမည့် အခြေခံအကြောင်းအရာ၊ ဘာသာရပ်ကို ဆိုလိုသည်။ ဘာသာရပ်မကျွမ်းကျင်ဘဲ ဆရာလုပ်လျှင် အရည်အချင်းရှိသော ဆရာမဖြစ်နိုင်ပေ။ အရည်အသွေးမြင့်သော ပညာကိုလည်း ကမ်းဆင့် နိုင်မည်မဟုတ်ပေ။ ဆရာသည် အချို့ကို အကုန်သိ၍ အကုန်ကို အချို့သိအပ်သည်။ မိမိကျွမ်းကျင်ရာဘာသာရပ်အချို့တွင် မမိသည် သိမြင်နှံ့စပ်သူ ဖြစ်ရမည်။ မိမိဘာသာရပ်အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။ မိမိဘာသာရပ်မဟုတ်သော ဆက်စပ်ရာ အကြောင်းအရာတို့ကိုလည်း ဗဟုသုတရှိနေရမည်။ ထိုသို့ဖြစ်ရန် ဆရာသည် အမြဲစာဖတ်ရမည်။ ၀မ်းစာပြည့်ဖို့ လိုသည်။
ဆရာသည် ထာဝရကျောင်းသား ဖြစ်သည်။ အစဉ်အမြဲ လေ့လာဖြည်းဆည်းနေရပါမည်။ သုတေသနမပြတ်ပြု၍ အတွေးသစ် အမြင်သစ်များဖြင့် မိမိအရည်အချင်း ကို မြှင့်တင်နေရပါမည်။ ဆရာသည် မိမိသင်မည့်ဘာသာရပ်တစ်ခုတည်းကိုသာ ကျွမ်းကျင်နေရုံဖြင့် မလုံလောက်သေးချေ။ တစ်နည်း ‘သင်ခြေပညာ’ဖြင့် မလုံလောက်။ ‘သင်ဝေပညာ’ကိုပါ ဖြည့်ဆည်းထားအပ်သည်။ ‘သင်ဝေပညာ’ဆိုသည်မှာ သင်ကြားမျှဝေပုံ နည်းနာဖြစ်သည်။ ‘ဘာသင်မလဲ’ဆိုသည်ထက် ‘ဘယ်လိုသင်မလဲ’ကပို၍ အရေးကြီးသည်ထင်သည်။ သင်မည့် အကြောင်းအရာက အရေးမကြီးဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်မည့် အကြောင်းအရာသည် အဓိကပေးမည့် ပညာဖြစ်သည်။ သို့သော် ‘သင်ပြနည်း’ကို မသိပဲသင်လျှင် ‘ပေးကားပေး၏အရ’ဆိုသလို ဖြစ်တတ်သည်။ ထို့ကြောင့် ဆရာ့ အရည်အချင်းကို ‘သင်ဝေပညာ’ဖြည့်ဆည်းခြင်းအားဖြင့်လည်း မြှင့်တင်ရပါမည်။
မျက်မှောက်ခေတ်ပညာရေးသည် ဆရာဗဟိုပြု ပညာရေးမှသည် ကျောင်းသားဗဟိုပြု ပညာရေးဘက်သို့ ပြောင်းလဲလာပြီ ဖြစ်သည်။ ဆရာက တပည့်များအား ပို့ချရုံ သက်သက် ပညာရေးမျိုး မဟုတ်တော့ပေ။ သင်ယူမှု လွယ်ကူချောမွေ့အောင် စီစဉ်ပေးသူ၊ ကူညီသူ၊ လမ်းညွှန်သူ၊ နည်းလမ်းပြသူ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ များကို လေ့ကျင့်ပြုပြင်ပေးရသူ ဖြစ်လာပါသည်။ ဤအရည်အချင်းများ ဆရာ့တွင် ရှိရပါမည်။
ဆရာသည် အဂတိတရားကင်းစင်ရန်လည် လိုအပ်သည်။ မိမိတပည့်သားတို့အား အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ခွဲခြားခြင်းကင်းရမည်။ ရင်ဝယ်သား ကဲ့သို့ တစ်တန်းတစ်စားတည်း ဆက်ဆံတတ်သူဖြစ်ရမည်။ စာသင်သား၏ နောက်ခံလူမှုအခြေအနေကိုလည်း သိနားလည်အောင် အားထုတ်သင့်သည်။အားပေးနှစ်သိမ့် ခြင်း၊ ကူညီပံ့ပိုးခြင်း၊ စာနာခြင်းတို့ဖြင့် ပညာသင်ကြားရာတွင် အခက်အခဲ ဆူးငြောင့်ခလုတ်များကို ဖယ်ရှားနိုင်ကောင်းသည်။ ဆရာသည် တပည့်အား စာသာမက ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်တို့ကိုလည်း သွတ်သွင်းပေးသင့်ပါသည်။ ၀န်းကျင်နှင့် သဟဇာတရှိရှိ နေတတ်ထိုင်တတ် ပေါင်းသင်း တတ်အောင်လည်း သင်ကြားပေးနိုင်ရပါမည်။ ဆရာသည် စာကိုသာမဟုတ် စိတ်ကိုပါ သင်ကြားရာသည်။
ဆရာသည် ဆရာ့ဘ၀၊ ဆရာ့အလုပ်ကို တန်ဖိုးထားတတ်သူဖြစ်သည်။ ဆောင်ရွက်ရမည့်တာဝန်ကို သိရမည်။ စောင့်စည်းရမည့် ကျင့်ဝတ်ကိုလည်း သိရမည်။ လိုက်နာ ရမည့်စည်းကမ်းကိုလည်း သိရမည်။ စာသင်ခန်းကို ကောင်းစွာ ထိန်းနိုင်၊ ကိုင်တွယ်နိုင်သူဖြစ်ရမည်။ စာသင်ချိန်တွင် အသံကို လုံလောက်စွာ မြှင့်နိုင်ရမည်။ အတက် အကျလည်း ရှိရမည်။ နှုတ်နှင့်မဟုတ်သော အမူအရာတို့ဖြင့်လည်း ပြောဆိုညွှန်ကြား သရုပ်ဖော်နိုင်ရမည်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနှင့် စာကို ထိထိမိမိ သင်နိုင် ရမည်။ စာသင်သား၏ တစ်ဆက်တစ်စပ်တည်း အာရုံစိုက်နိုင်စွမ်းသည် မိနစ် ၂၀-မျှသာဖြစ်သည်ကို မမေ့သင့်ပေ။ သင်ကောင်းတိုင်း သင်၍ မရပါ။ သင်တိုင်း တတ်သည် မဟုတ်။ ပေးတိုင်းရသည်မဟုတ်။ အာရုံအပြောင်းအလဲ ဖြစ်စေရမည်။ စာသင်ချိန်အဆုံးပိုင်းတွင် ပြန်လည် ခြုံငုံသုံးသပ်တင်ပြမှုပြုရန် အရေးကြီးသည်။ ဟင်းကောင်းရန် ဟင်းကို မြည်းရသကဲ့သို့ မိမိသင်ကြားမှု အောင်မြင်ထိရောက်မှု ရှိ မရှိကိုလည်း အမြဲမပြတ် ပြန်လည် အကဲဖြတ်မှု ရှိရပါမည်။ ပြန်လည် စစ်ကြောမှု ပြုရပါမည်။ မြေဖြူ ကိုင်သည့်ခေတ်မှ ကွန်ပျူတာ၊ ပါဝါပွိုင့်၊ ပရိုဂျက်တာတို့ဖြင့် သင်ကြားရသောခေတ်သို့ ပြောင်းလာပြီဖြစ်ရာ ဆရာသည် နည်းပညာပိုင်းတွင်လည်း ပြတ်ကျန်ခဲ့၍ မရပေ။
သင်ထောက်ကူ များနှင့် ခေတ်မီနည်းပညာများကို ကောင်းစွာ အသုံးပြုနိုင်ရပါမည်။
စင်စစ် ပညာသင်ရာတွင် စာသင်သားအတွက် ဆရာအပြင် စာသင်ခန်း၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများလည်း လိုအပ်ပေသည်။ သို့ရာတွင် ထိုအရာများကို ဆရာကတဆင့် ဖန်တီးနိုင်ပါသည်။ သို့မဟုတ်လည်း ထိုအရာများကို အလဲအလှယ်ဖြင့် အစားထိုးနိုင်ပါသည်။ တိုးတက်ထွန်းကားလာသော နည်းပညာများဖြင့် အစား ထိုး၍ မရသော အရာကား ‘ဆရာ’ပင်ဖြစ်သည်။
ဆရာသည် ပညာဖြင့် အသက်မွေးသူဖြစ်၍ မြတ်သော အသက်ရှင်ခြင်းဖြင့် ရှင်သန်နေသူဖြစ်ပါသည်။ စေတနာ၊ ပါသနာ၊ အနစ်နာဟူသော နာ(၃)နာအပြင် အကြင်နာ၊ နမူနာ၊ နည်းနာ တို့ ထပ်လောင်း၍ နာ(၆)နာနှင့် ပြည့်စုံရသူဖြစ်ပါသည်။ ထို့ပြင် ‘ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု’ဟူသော နာယကဂုဏ်(၆)ပါး နှင့်လည်း ပြည့်စုံရသူဖြစ်ပါသည်။ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့’ဟူသော ဆရာ့ဝတ္တရားတို့နှင့်လည်း အလေ့အထုံ စွဲမြဲသူ ဖြစ်ရပါသည်။ ပညာခေတ်တွင် နည်းပညာ စက်ပစ္စည်းများ မည်မျှပင် တိုးတက်စေကာမူ ဆရာတို့၏ နှလုံးသားမျိုးကို မည်သည့်နည်းပညာနှင့်မျှ အစားထိုး၍ မရနိုင် သေးပါ။ ထို့ကြောင့်လည်း ပညာအရည်အသွေးမြင့်မားရေး လိုအပ်ချက်ကို ဆရာဖြင့်သာ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြသည့်အတိုင်း ဆရာ့အရည်အချင်း မြှင့်တင်ဖို့ ကိုသာ အားထုတ်ကြရမည် ဖြစ်ပါသည်။
ဆရာ့အရည်အသွေးမြှင့်တင်ရန် နိုင်ငံတော်က ခေတ်ပြောင်း စနစ်ပြောင်းသည်နှင့်အညီ တတ်နိုင်စွမ်းသလောက် ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပါသည်။ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် အခြားသော ပညာရေးကောလိပ် ၂၁-ခုလည်း ရှိနှင့်ပြီးဖြစ်ပါသည်။ ထိုတက္ကသိုလ်၊ ကောလိပ်များမှ အခြေခံပညာကဏ္ဍအတွက် လိုအပ် သော အရည်အသွေးမြင့် ဆရာများကို မွေးထုတ်ပေးလျက်ရှိပါသည်။ အဆင့်မြင့်ပညာကဏ္ဍအတွက် ၂၀၁၂ စက်တင်ဘာတွင် အသစ်ခန့်လိုက်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြများကို အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားမွမ်းမံပေးခဲ့ပါသည်။ ထိုသင်တန်းများတွင် ‘သင်ခြေပညာ’ရော ‘သင်ဝေပညာ’ပါ ဖြည့်ဆည်းလေ့ကျင့် ပေးနိုင်ခဲ့ ပါသည်။ အင်္ဂလိပ်စာ အရည်အသွေးမြင့်မားစေရန်လည်း အင်္ဂလိပ်စာသင်တန်း သီးသန့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
မြန်မာနိုင်ငံသည် အာဆီယံပညာရေးကွန်ရက်ကို ၀င်ရောက်ရန် တာစူနေပါသည်။ အရည်အချင်းမြင့် ဆရာများမရှိလျှင် ၀င်ဆံ့နိုင်မည်မဟုတ်ပါ။ကမ္ဘာ့တက္ကသိုလ်များ နှင့်လည်း ပညာရေးနှီးနှောဖလှယ်မှုများ၊ ပူးပေါင်းမြှင့်တင်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရှိနေပါသည်။ တိုင်းပြည်၏အနာဂတ် အလားအလာကောင်းများကို မြင်တွေ့ နေရပါပြီ။ ဆရာတို့သည်လည်း ဘ၀မျှော်လင့်ချက်ရှိသော လူသားများဖြစ်ပါသည်။ တိုင်းပြည် အနာဂတ်အတွက် ပခုံးထမ်းလိုစိတ်ကြောင့်ဖြစ်စေ၊ မိမိတို့၏ အရည် အချင်းပေါ်မူတည်၍ တိုးတက်လမ်းများ ခင်းကျင်းပေးထားလျှင်ဖြစ်စေ၊ ဘ၀ဖူလုံမှုမှာ အပြည့်အ၀ရှိလျှင်ဖြစ်စေ မိမိတို့ အရည်အချင်းကို မိမိတို့ကိုယ်တိုင် မြှင့်တင် ကြလိမ့်မည်ဟု ယုံကြည် ယူဆပါသည်။
အချုပ်အားဖြင့်ဆိုပါမည်။ အရည်အသွေးမြင့်ပညာအတွက် အရည်အချင်းမြင့်ဆရာတို့ကို ခေတ်က တောင်းဆိုနေပါပြီ။ အရည်အချင်း မပြည့်မီသူများ တစ်စတစ်စ နောက်ကောက်ကျ ကျန်ရစ်ခဲ့ပါလိမ့်မည်။ မကျန်ခဲ့၊ မချန်ခဲ့စေလိုလျှင် အရည်အချင်း မြှင့်ကြပါမည်။ ကမ္ဘာ့အလယ်တွင် တိုင်းပြည်ဂုဏ်တက်၍ ပြည်သူ့ဘ၀ အရောင် လက်လိုလျှင် ‘ပညာအရည်အသွေး မြင့်မားဖို့ ဆရာအရည်အချင်း မြှင့်တင်စို့’ဟုသာ တိုက်တွန်းနှိုးဆော်လိုပါတော့သည်။
—————————————
* ယခုဆောင်းပါးသည် ၂၀၁၃-ခု အောက်တိုဘာ ၅-ရက်၊ ကမ္ဘာ့ဆရာများနေ့ နိုင်ငံတော်အဆင့် တက္ကသိုလ် ကောလိပ်အဆင့်တွင် ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ) ပထမဆုရရှိခဲ့သော ဆောင်းပါးဖြစ်ပါသည်။ ယခု ဆောင်းပါး ပထမဆုကို နေပြည်တော်တွင် လက်ခံရယူရခဲ့ပါသည်။ ၎င်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆-ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပပညာရှင်အဖွဲ့ဆု ၂၀၁၂- ခုနှစ်အတွက် ဆယ်သုံးကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ ဆုချီးမြှင့်မှုတွင်လည်း ၀ိဇ္ဇာပညာရပ်(မြန်မာစာ)တွင် ‘မြန်မာဘာသာစကား၏ စကားလုံးဖွဲ့ပုံကို သမူဟဘာသာဗေဒ ရှုထောင့်မှ လေ့လာချက်’ခေါင်းစဉ်ဖြင့် ဆုထပ်မံလက်ခံရယူခဲ့ရသူဖြစ်ပါသည်။
ဒေါက်တာသန်းမင်းထိုက်နှင့် အင်တာဗျူး ဖတ်လိုပါက >> http://www.m-mediagroup.com/?s=%E1%80%80%E1%80%AF%E1%80%AD%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%80%E1%80%B9
Comments