စောင်းဦးမောင်မောင်လတ် သည် မင်းတုန်းမင်းတရားကြီးထံတွင် သီချင်းကြီး၊ သီချင်းခံ အမျိုးမျိုးတို့ကို တီးဆိုရသော “ဒေဝဣန္ဒာ” ဘွဲ့ခံ ဆရာကြီး၏ တပည့်ဖြစ်သည်။
ဖခင်မှာ မင်းတုန်း-သီပေါ-အင်္ဂလိပ် မင်းသုံးဆက် အမှုထမ်းခဲ့သော “မဟာဘောဂ ဓနရာဇာ”၊ “မင်းလှစည်သူ” နှင့် “ခါန်းဗဟာဒူး” ဘွဲ့များရရှိသော အခွန်ဝန်-အကောက်ဝန်-ကျောက်ရဲမြို့စား- မန္တလေးမြို့ စူရတီ ဗလီ့ဒကာ “မုလ္လာ အီစမာန်အင်” ဖြစ်၍ မိခင်မှာ ဘီဘီကြီးဖြစ်သည်။ မွေးချင်း (၇) ယောက်အနက် ဆဋ္ဌမမြောက်သား ဖြစ်သည်။
ဦးမောင်မောင်လတ်မှာ မြန်မာ့ အနုပညာဖြစ်သော စောင်းကောက်ကို ပိုင်နိုင်စွာ တီးခတ်ပြီး သီဆိုနိုင်သည့်အပြင် “ဂီတ ဝိသောဓနိ” ကျမ်းကို ပထမဦးစွာ ပြုစုစီရင် ရေးသားရိုက်နှိပ်ခဲ့သည်။ စောင်းကောက်အတီးနှင့် အဆိုတွင် သူမတူအောင် တတ်ကျွမ်းသည် ဟူ၏။ အင်္ဂလိပ်လက်ထက် ရန်ကုန်မြို့၊ ဂီတကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
မောင်မောင်လတ်
ဦးလေး ဦးခင်မောင်ဒွေးက ဒေဝဣန္ဒာရဲ့ အချစ်ဆုံး တပည့်က မောင်မောင်လတ်ပဲ။ မောင်မောင်လတ်ကို ဒေဝဣန္ဒာက ပညာတွေ အများကြီးပေးခဲ့တယ်။ မောင်မောင်လတ်ကလည်း ဒီစောင်းပညာကို တစ်သက်လုံး မြတ်မြတ်နိုးနိုး သင်ယူတီးခတ်သွားတာ။ ဘယ်အထိ မြတ်နိုးသလဲဆိုရင် ရှိပစ္စည်းအားလုံး ကုန်တဲ့အထိ စောင်းတီးသွားတာ။ ရှိပစ္စည်းဆိုတာ နှယ်နှယ်ရရမမှတ်ပါနဲ့။ စူရတီတာရားဘဇာလို့ အရင်ခေါ်တဲ့ သိမ်ကြီးဈေးကို ပိုင်ဆိုင်တဲ့ အစု ၃၂ စုအနက်က သူအမွေရတဲ့ အစု ၇ စုစလုံး ကုန်တာကို ပြောတာပါလို့ ပြောပြပါတယ်။
မောင်မောင်လတ်ဆိုတာ ဂီတဝိသောဓနီကျမ်းကို ရိုက်နှိပ်ထုတ်ဝေတဲ့ မောင်မောင်လတ်၊ အင်္ဂလိပ်အစိုးရလက်ထက်က ရန်ကုန် အနုပညာကျောင်းမှာ စောင်းဆရာအဖြစ် ၃ နှစ်လုပ်ဖူးတဲ့ မောင်မောင်လတ်ပါ။ သူ့ဇနီး ဒေါ်မမလေး မန္တလေးမြို့ အာဠဝီ စီ လမ်းမှာ ရှိနေသေးတယ်။ မောင်မောင်လတ်ရဲ့ ဇနီးဆီမှာ ဒေဝဣန္ဒာမောင်မောင်ကြီးအကြောင်းနဲ့ မောင်မောင်လတ် အကြောင်းတွေ သွားမေးချေပါလို့ ခိုင်းပါတယ်။ ဒေါ်မမလေးကို ကျွန်မသွားတွေ့တော့ ဝမ်းမြောက်ဝမ်းသာပဲ။ မောင်မောင်လတ်ရဲ့ အဘိုး မြန်မာပြည် စရောက်လာပုံကချီပြီး ဒေါ်မမလေး ပြောပြရှာတယ်။
ဒေါ်မမလေးက မောင်မောင်လတ်က အတီးအမှုတ်ကို ငယ်ကတည်းက ဝါသနာပါတယ်။ သူ့ပထမဆရာဟာ ဒေဝဣန္ဒာမောင်မောင်ကြီးပါပဲ။ မောင်မောင်ကြီးရဲ့ အချစ်ဆုံးတပည့်ပါ။ မောင်မောင်ကြီး ကိုယ်ဖိရင်ဖိ စသင်ပေးတဲ့ တစ်ယောက်တည်းသော တပည့်ဟာ မောင်မောင်လတ်ပါ။ ဒေဝဣန္ဒာမောင်မောင်ကြီးက အလွန်သဘောကောင်း၊ အလွန်အေးချမ်းပြီး စိတ်နေစိတ်ထား နူးညံ့သူပါ။ သူ့မှာ ဇနီးမယား စောစောသေသွားတော့ သားကလေးတစ်ယောက် မောင်လေးခင်ဆိုတာနဲ့ မုဆိုးဖိုဖြစ်ကျန်ရစ်ပါတယ်။ သားလေး မောင်လေးခင်က ရှမ်းပြည်နယ်က ရှမ်းမလေး တစ်ယောက်နဲ့ ရလာပါတယ်။ တစ်နေ့တော့ ကလေးမက ဖန်လက်ကောက်ကလေးတွေ ဝယ်ဝတ်သတဲ့။ အဲဒီတော့ ဖန်လက်ကောက်ဆိုတာ ကျိုးတတ်တာ အဖိုးတန်မဟုတ်ဘူး၊ ဒါမျိုး ဘာလို့ ဝယ်ဝတ်သလဲ ဆိုတာနဲ့ ကလေးမက စိတ်ဆိုးပြီး ရှမ်းပြည်နယ် ပြန်သွားရောတဲ့။ သားက မိန်းကလေးနောက်ကို လိုက်မယ်လုပ်တော့၊ ဒေဝဣန္ဒာ မောင်မောင်ကြီးက ငါ့သားတစ်ယောက်တည်းမလိုက်နဲ့၊ အဖေလိုက်ပို့မယ်။ မိုးကုန်ပါစေဦး လို့ပြောပြီး ချော့ထားတယ်။ သားလေးက စိတ်ညစ်ပြီး ကျုံးထဲ ဆင်းသေတယ်။ တစ်ယောက်တည်းသောသား သေတော့ မောင်မောင်ကြီး သိပ်စိတ်ထိခိုက်ပြီး သင်္ကန်းဆီးလိုက်တာ သေတဲ့အထိပါပဲ။ ဒါနဲ့ အရိုးထုတ်မယ် ရသမျှကုသိုလ် သားအတွက်လို့ မောင်မောင်ကြီးက ဆိုပါတယ်။ သင်္ကန်းဆီးသွားပေမယ့် စောင်းပညာကို ဆက်ပြပေးဖို့ သူများတွေက ပူဆာကြတယ်။ ပူဆာပါများတော့ ဆရာတော်တွေကို လျှောက်ကြည့်တယ်။ လျှောက်ထားတဲ့ ဆရာတော်များက ဂီတလို မသင်ပြဘဲ ပညာလို သင်ပြရင် အပြစ်လွတ်နိုင်တယ်ဆိုလို့ သင်္ကန်းဝတ်နဲ့ ဆက်ပြီး စောင်းပညာကို ပေးပါတယ်။ မောင်မောင်လတ် အများဆုံး ရတာပါပဲ။
ဒေဝဣန္ဒာမောင်မောင်ကြီး သင်္ကန်းဝတ်နဲ့ ၁၀ နှစ်ကြာပါတယ်။ သင်္ကန်းဝတ်ပြီးတော့ မမာဘူး။ သူ့မှာ ပန်းနာရင်ကျပ်ရောဂါ ရနေတော့ ရင်ကျပ်ချောင်းဆိုးလာရင် ဆီးကို မထိန်းနိုင်တော့ဘူး။ မောင်မောင်လတ်က သူ့ဆရာကို သားအရင်က ပြုသလို ပြုစုသုတ်သင်တယ်။ တပည့်တွေကို မခိုင်းပါဘူး။ ပန်းနာက မနက် ၃ နာရီလောက်ဆိုရင် အေးလာလို့ မအိပ်နိုင်တော့ဘူး။ ဒီအချိန်မှာ မောင်မောင်လတ်လည်း အိပ်ရာကထပြီး သူ့ဆရာဖို့ ဆန်ပြုတ်တယ်။ ကျက်ရင် ငါးရံ့ခြောက်ဖုတ်ကလေးနဲ့ ကပ်တာပဲ။
မန္တလေးမှာ သီတင်းသုံးတဲ့အခါ အာဠဝီက မောင်မောင်လတ်တိုက်မှာ အိပ်တာပဲ။ မောင်မောင်လတ်ကလည်း မရွံမရှာ အားလုံး ဝတ်ကြီးဝတ်ငယ်ကို ပြုစုတယ်။ ဇနီး ဒေါ်မမလေးက သင့်ရာသင့်ကြောင်းရော၊ ရောဂါကိုပါ ဂရုစိုက်ပြီး ဒေဝဣန္ဒာကြိုက်တဲ့ ဟင်းမျိုးနဲ့ ကပ်လှူတယ်။ မောင်မောင်လတ်ကို သူ့သား မောင်လေးခင်ကိုယ်စားတဲ့။ ဒေါ်မမလေးကိုတော့ သူချွေးမကိုယ်စားတဲ့။
မောင်မောင်လတ်က သူအမွေရတဲ့ ပစ္စည်းတွေနဲ့ ဆန်စပါး လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းတွေ လုပ်ပါသေးရဲ့။ နို့ပေမယ့် သူက စောင်းပဲတီးနေတာ၊ အလုပ်ကို တပည့်တွေနဲ့ ပစ်ထားပြီး ပြန်မကြည့်တော့ လုံးပါးပါးပြီး အားလုံးကုန်တာပဲ။ ရန်ကုန် အနုပညာကျောင်းမှာ စောင်းဆရာ ၃ နှစ်ဝင်လုပ်တော့ ပထမတစ်နှစ် ရတဲ့လခကို ငါ့ဆရာအတွက်ဆိုပြီး ဒေဝဣန္ဒာမောင်မောင်ကြီးကို ရည်စူးပြီး အားလုံး လှူပစ်ပါတယ်။ ကျန် ၂ နှစ်က ရတဲ့လခကို သူစားပါတယ်။ မောင်မောင်လတ်ဟာ အရက်မသောက်ဘူး။ မကစားဘူး၊ မယားငယ် မယူဘူး၊ အင်မတန် သဘောကောင်းတယ်။ တီးမယ့်ဆိုမယ့်လူရှာပြီး စောင်းပဲ တီးနေတာပဲလို့ သူ့ဇနီး ဒေါ်မမလေးက ကျွန်မကို ပြောပြလိုက်ပါတယ်။
(ထင်ပေါ်ကျော်ကြား မြန်မာမူဆလင်များထဲမှ တစ်ယောက်ဖြစ်သော နိုင်ငံကျော် မဟာဂီတပညာရှင် အကြောင်းကို ယနေ့ခေတ် လူငယ်များ စံနမူနာယူစရာနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ရည်သန်၍ တင်ပြလိုက်ရပါသည်။)
ကိုးကား ။ ။ သမိုင်းသုတေသီရွှေဘို ဦးဘဦး၏ “ရွှေမန်း အနှစ်တရာပြည့် ဗမာမွတ်စလင်တို့၏ အတ္ထုပ္ပတ္တိ” (ပထမနှိပ်) ကြီးပွားရေးပံနှိပ်တိုက်။ ၁၉၅၉
မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တောနေ့ အခမ်အနားကျင်းပရေး ဗဟိုကော်မတီ၏ “စိန်ရတု (၇၅)နှစ်မြောက် မဂ္ဂဇင်း” ။ ၂၀၀၈
လူထုဒေါ်အမာ၏ “မြန်မာ့မဟာဂီတ”။ …………….
Posted by Ko Zaw Min Oo
Comments