ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာနယ်တစ်စောင် အင်တာဗျူးကို ဖတ်လိုက်ရသည်။ အဲဒီထဲက အန်တီစု ပြောသွားတဲ့ စကားလေး တစ်ခွန်းကို မှတ်မှတ်ရရ မှတ်မိနေသည်။ အန်တီစုပြောသွားတာက တဖက်နဲ့ တဖက် ပြသနာတစ်ခု ကို ဖြေရှင်းတော့မယ်ဆိုရင် နှစ်ဘက်စလုံးက နားထောင်တတ်ဖို့လို တယ်ဆိုတဲ့ စကားလေးပါ။ သူပြောတဲ့ နားထောင်တတ်ဖို့လိုတယ်ဆိုတာ နားထောင်ရုံထောင်နေတာ မျိုးမဟုတ်ပဲ တဖက် ကပြောတာကို နားလည်တတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ ပြော တာလို့ ထင်ပါသည်။ အန်တီစု က ဆက်ပြောသေးတယ်။ ဒီကလူတွေဟာ သိပ်နား မထောင်တတ်ကြဘူးတဲ့။ ဘာလို့လဲ ဆိုတော့ ပညာရေး စနစ်ကြောင့်တဲ့။ အစတုန်းက တော့ သူပြောတာကို သိတ်နားမလည်ဘူးဗျ။ နားမထောင်တတ်တာနဲ့ ပညာရေးစနစ် နဲ့ ဘာဆိုင်လို့လဲ ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ သူပြောတာ ဟုတ်တယ်ဗျ။ ဆရာ ဆရာမ တွေဟာ ကျတော်တို့ပြောတာတွေကို နားထောင်လေ့မရှိကြဘူး။ သူတို့ပြောတာကို ပဲ ကျတော်တို့က နားထောင် ခဲ့ကြရတာမို့လား။ ဥပမာ ဆိုပါတော့ ဗျာ။ ဘုရင့်နောင်အကြောင်း ကျတော်တို့ သမိုင်းမှာ သင်တယ်။ ဆရာမ က ကျတော်တို့ကို ဘုရင့်နောင်အကြောင်း ရှင်းပြတယ်ပေါ့။ ဒါပေမယ့် ကျတော်တို့ ဘုရင်နောင်ကို ဘယ်လိုမြင်လဲ၊ ဘုရင့်နောင်အကြောင်းကို သင်ရတဲ့ အတွက် ဘယ်လို သင်ခန်းစာတွေရလဲ။ ဒါတွေကို ကျတော်တို့ ပြောခွင့်မရသလို ဆရာ၊ ဆရာမ တွေကလည်း မမေးပါဘူး။ ကြာတော့ ကျတော်တို့ကလည်း ကိုယ့်အမြင်ကို ထုတ်ဖော်ပြော ရကောင်းမှန်းတောင်မသိတော့ဘူး။ ဆရာမ ရှေ့ က အော်ပေးတဲ့ မှတ်စုကိုလိုက်ရေးမယ်။ အိမ်ပြန်ရောက်ရင် အဲဒါကို အလွတ်ကျက်မယ်။ စာမေးပွဲမှာ ပါလာရင် ၏ သည် မလွဲ ပြန်ရေးလိုက်မယ်။ တကယ်လို့များ ၏ နဲ့ သည် နဲ့လွဲသွားရင်တောင် အမှတ်လျှော့တော့မှာပဲ ဆိုပြီးတွေးပူခဲ့ရတာ။ ဒီလို နားမထောင် ကြတဲ့ ပတ်ဝန်းကျင်မှာ အသားကျ လာတဲ့ ကျတော်တို့ဟာ နောင်တစ်ချိန်ကျတော်တို့ ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါမှာလည်း သူများပြောတာကို နားမထောင်တတ်တော့ဘူး။ သူ့ရဲ့အမြင်ဟာ ဘယ်လိုလဲ။ သူနဲ့ကိုယ် နဲ့ ကြားထဲမှာ ဘာနားလည်မှု့လွဲနေလဲ ဆိုတာကို အဖြေရှာရမှန်းမသိတော့ဘူး။
ဒီလို နားမထောင်တတ်တာဟာ ဆရာနဲ့ တပည့်တင်မဟုတ်ပါဘူး။ မိဘနဲ့သားသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကျတော်တို့ဆီမှာ သားသမီးက မိဘကို ပြန်ပြောတယ်ဆိုတာ အင်မတန်ရိုင်းတယ်လို့ သတ်မှတ်ထားကြတာမို့လား။ ကျတော်ကတော့ ဒီလိုသတ်မှတ်တာဟာ အခါခပ်သိမ်းမမှန်နိုင်ဘူးလို့ထင်တာပဲ။ မိဘကို ယဉ်ယဉ်ကျေးကျေး နှုတ်လှန်ထိုးတာမျိုး မဟုတ်ပဲ နဲ့ ကိုယ့်ခံစားချက်ကို ကိုယ့်အမြင်ကို ပြန်ပြောတာ ၊ ဖြေရှင်းတာ ဟာ မရိုင်းဘူး၊ ဒါဟာလုပ်သင့်တဲ့အလုပ်လို့ ကျတော်ကတော့ ယူဆတယ်။ လူကြီးတွေအနေနဲ့လည်း ကလေး တွေ ဘာခံစားနေရတာလဲ၊ သူ့ရဲ့အမြင်က ဘယ်လိုလဲ ဆိုတာကို သိအောင် လုပ်သင့်တယ် ဟု ထင်ပါသည်။ ငါပြောတဲ့အတိုင်းလုပ် မလုပ်ရင် ရိုက်လိုက်မယ်ဟဲ့၊ နှက်လိုက်မယ်ဟဲ့ ဆိုတာမျိုးကြီးမလုပ်သင့်ဘူးလို့ထင်တာပဲ။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ “အိုးထိန်းသည်ဟာ သူ့အိုးလေးတွေကို နစ်နာစေလိုတဲ့ စိတ်နဲ့ ရိုက်တာ မဟုတ်ဘူး၊ လှတဲ့၊ ကောင်းတဲ့ အိုးလေးတွေဖြစ်အောင် ရိုက်တာ” ။ ဒါပေမယ့် ခက်တာက သားသမီးတွေက အိုးမှ မဟုတ်တာ။ အိုးက ဘာခံစားချက်မှ မရှိဘူးလေ။ ကလေးတွေက ခံစားချက်ရှိကြတယ်မို့လား။ လုံးဝ မရိုက်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ရိုက်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ။
နောက်ပြီး အမြဲတမ်း ငါပြောသလိုလုပ် မလုပ်ရင်ရိုက်မယ်၊ အပြစ်ပေးမယ် ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိညဏ်ကို ဖျက်စီးရာရောက်တယ်လို့ထင်ပါတယ်။ reward and punishment ဆိုတဲ့ သဘောကို လက်ခံပါတယ်။ ဒါပေမယ့် reward and punishment မလုပ်ခင်မှာ ကိုယ်လုပ်စေချင်တဲ့ အရာရဲ့ အကောင်းအဆိုးကို အရင် နားလည်အောင် ရှင်းပြရင်မကောင်းဘူးလား။ ဥပမာဗျာ စာမကျက်တဲ့ကလေးကို စာကျက်လာအောင အရင်ဆုံး အကျိုးသင့် အကြောင်းသင့် ရှင်းပြသင့်တယ်လို့ထင်ပါတယ်။ နောက်ပြီး ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်က အရိုက်ခံရမှာ ကြောက်လို့၊ စာမေးပွဲကျ မှာ ဆိုးလို့ ဆိုတဲ့ အသိမျိုးဟာ ငယ်ငယ်တုန်းကဘာမှ မဖြစ်ပေမယ့် အသက်ကြီးလာတာ နဲ့အမျှ ဒီအသိဟာ မှားတယ်ဆိုတာ နားလည်လာဖို့လိုပါတယ်။
ပညာသင်တာဟာ အရိုက်မခံရအောင်လည်း မဟုတ်သလို၊ စာမေးပွဲ မကျအောင်လည်း မဟုတ်ပါဘူး။ ပညာသင်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်က တစ်ယောက်ချင်းစီ ရဲ့ အနာဂတ် ဘ၀ကို ရင်ဆိုင်တဲ့နေရာမှာ လိုအပ်တဲ့ အသိပညာတွေ အတတ်ပညာတွေကို အသုံးချတတ်အောင်သင်ယူတာ ဖြစ်ပါသည်။ငါပြောသလိုလုပ်ရမယ်ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အမြင်ကိုလည်း ဖျက်စီးပစ်ရာ ရောက်ပါသေးတယ်။ ကျတော်တို့ ဘယ်လောက် ငါပြောသလိုလုပ် ဆိုတဲ့အယူအဆနဲ့ကျင့်သားရနေသလဲ ဆိုရင် ကျောင်းမှာ “ကျတော်၏အကြောင်း” စာစီစာကုံးမှာတောင် ကိုယ့်နာမည်၊ ကိုယ့်မိဘနာမည်ကို ထည့်မရေးရဲလောက်အောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဆရာမ က ရှေ့က ရေးပြတဲ့အတိုင်း ကျတော့်နာမည် မောင်မောင်ဆို တစ်တန်းလုံး မောင်မောင်ပဲ၊ အဖေ နာမည် ဦးဘ ဆို တစ်တန်းလုံး ဦးဘ ပဲ။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။ ကလေးတွေဟာ “ကျတော်၏အကြောင်း” စာစီစာကုံးလိုမျိုးမှာ ကိုယ့်အကြောင်းကို ကိုယ် လွတ်လွတ်လပ်လပ်ရေး ခိုင်းသင့်တယ်လို့ ထင်ပါတယ်။ ရေးတတ်အောင်လည်း လေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်။ ဒီအကျင့်ဟာ ကျတော်တို့ အထက်တန်းလို့ပြောတဲ့ ၁၀ တန်း အထိကို မပျောက်ပါဘူး။
ဥပမာ… ကျတော်တို့ ၁၀ တန်းမှာ မိဘုရားဖွားစောနဲ့ သိင်္ခသူ့သမီး အကြောင်းသင်ရပါတယ်။ ကျတော်တွေ့ဘူးသမျှ စာအုပ်တွေရော၊ ဆရာတွေရောက မိဘုရားစော ကို မာနကြီးတဲ့ အမျက်စောင်မာန်ကြီးတဲ့ တရားမရှိတဲ့ မိန်းမကြီးလို့ သင်ကြရေးကြပြီး သိင်္ခသူ့သမီးကိုတော့ တရားသိတဲ့ ၊ လိမ္မာတဲ့ မိဘုရားတစ်ပါးလို့ ပြောကြတာပေါ့။ ကျောင်းသားတွေ အကုန်လုံးကလည်း ဒီလိုပဲ လိုက်ရေးကြတာပဲ။ စာအုပ်တွေရေးသလို ဆရာတွေသင်သလို မရေးပဲ မိဘုရားဘွားစောကို ထက်မြတ်တဲ့ မိဘုရားကြီးတစ်ပါးအနေနဲ့၊ သိင်္ခသူ့သမီးကိုတော့ ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်အနေနဲ့ ဘယ်သူမှ မရေးကြပါဘူး။ တကယ် ဆို ရေးလို့ပြောလို့ရတာပဲ။ မိဘုရားဖွားစောဆိုတာ သမိုင်းမှာ အထင်ကရ မိဘုရားကြီးဖြစ်ပြီး သိင်္ခသူ့သမိးဆိုတာ သမိုင်းမှာ သူ့နာမည်တောင် မကျန်ရစ်တော့ဘူးမို့လား။ ကျတော်ပြောချင်တာက သမိုင်းကြောင်းကိုပြောချင်တာ မဟုတ်ပါဘူး။ ကျတော်တို့ ကျောင်းသားတွေရဲ့ ကိုယ့်အမြင်ကို ကိုယ် ထုတ်ဖော် မပြ ရဲတာ ၊ ပြရကောင်းမှန်းမသိတာကိုပြောချင်တာပါ။ဒီအကျင့်တွေဟာကိုယ့်နိုင်ငံထဲမှာ တင်နေလို့ ဘာမှ မဖြစ်ပေမယ့် သူများနိုင်ငံရောက်ပြီဆိုတာနဲ့ ဒုက္ခဖြစ်တော့တာပါပဲ။
ဆရာမ ရှေ့ အော်ပေးတဲ့ မှတ်စုကိုပဲ လိုက်ရေးတတ်တဲ့ ကျတော်တို့ဟာ သူများနိုင်ငံမှာလည်း ကျောင်းသွားတက်ရော ဘာရေးလို့ရေးရမှန်းမသိ၊ ဘာကျက်လို့ ကျက်ရမှန်းမသိနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရတော့တာပါပဲ။ သူများနိုင်ငံတွေမှာ ကျောင်းသားတွေရဲ့ အမြင်၊ တွေးခေါ်မျော်မြင်တတ်မှု့ကို အရမ်း အလေးထားပါတယ်။ သူတို့ ပြောပြီးရင် What do you think? ဆိုတဲ့စကားကို အမြဲမေးလေ့ရှိပါတ.ယ်။ ဒီမေးခွန်းဟာ အစပိုင်းမှာတော့ ကျတော်တို့ဗမာ ကျောင်းသားတွေအတွက် အရမ်းကို အဖြေခက်တဲ့ မေးခွန်းပါပဲ။ ကျတော်တို့က မနေ့က ပေးထားတဲ့ မှတ်စုကို အလွတ်ကျက်ပြီး ပြန်တာလောက်ပဲ အကျွမ်းတ၀င်ဖြစ်ခဲ့ကြတာမဟုတ်လား။ နောက်ပြီး ကျောင်းသားတွေအချင်းချင်း အပြန်အလှန်အမြင်ချင်းဖလှယ်ရတဲ့ အချိန်လည်း ရှိပါသေးတယ်။ အဲလိုအချိန်မျိုးဆိုရင် ကျတော့်မှာ သေချင်စော်ကို နံ ပါလေရော။ နောက်မှ တဖြည်းဖြည်း အသားကျသွားတာ။
အခုဆိုရင်ကျတော်တို့နိုင်ငံလည်းပညာရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့တော့ ပြင်ဆင်နေတာပါပဲ။ ပြင်ပါမှလည်း ဖြစ်မည်။ မဟုတ်ရင်တော့ ကျတော်တို့ နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဆိုတဲ့စကားနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။
လူမင်းဟန်
Comments