နိုဝင်ဘာ- ၂၂ ၂၀၁၃
M-Media
ဆောင်းပါးရှင်-Nang Lao Liang Won
ဘာသာပြန်- မြင့်မိုရ်မောင်မောင်
ဓါတ်ပုံအညွှန်း-နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ လားရှိုးမြို့တွင် အမုန်းတရားမျိုးစေ့များကြောင့် ၂၀၁၃ ခုနှစ် မေလ ၂၈ နေ့က ဖြစ်ပွားခဲ့သော မွတ်စလင်မ်များကို အကြမ်းဖက်တိုက်ခိုက်မှုမြင်ကွင်းတခု
မြန်မာပြည်က ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ ကျွန်မဟာ အမိမြေအတွင်း လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ အတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံဒီမိုကရေစီ အကူးအပြောင်းကာလ အတွင်း အမျိုးသမီးများကဏ္ဍ သုတေသနဖက်ကနေ National Endowment for Democracy အစီအစဉ်မှာ ဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ အခွင့်အလမ်းရခဲ့ပါတယ်။ ၀ါရှင်တန်မှာ ရှိစဉ် ကာလအတွင်း မြန်မာပြည်က လုပ်ဖော်ကိုင်ဖက်တွေ၊ နယ်စပ်ဒေသ တစ်လျှောက် ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ လမ်းကြောင်းတွေနဲ့ ထိတွေ့မှု မပြတ်ခဲ့ပါဘူး။ သို့ပင်သို့ငြား ဒီမိုကရေစီ လွတ်လပ်ပွင့်လင်းမှုနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှား စဖွယ်ကြားသိရတဲ့အခါ ကျွန်မရဲ့စိုးရိမ်မှု ပိုမိုကြီးထွားလာပါတော့တယ်။
လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကထက်စာယင် မြန်မာပြည်မှာ အပြောင်းအလဲတော်တော် များများ ဖြစ်ထွန်းလာခြင်းနဲ့အတူ ကျွန်မကြားသိလာရတဲ့ အလွန်အကျူး ချီးမွှမ်းမှု တစ်ခုဟာ တကယ့်လက်တွေ့အဖြစ်မှန်နဲ့ တခြားစီဖြစ်နေပါတယ်။ ကျွန်မ လာခဲ့တဲ့ ရှမ်းပြည်နယ်နဲ့အခြား တိုင်းရင်းသားဒေသများဟာ နိုင်ငံရေးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခတွေ ဆိုးဆိုးဝါးဝါးကို ရှေ့ဆက်ကြုံတွေ့နေဆဲပါ။ တိုင်းပြည်အနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရှိန်အဟုန်မြင့်တက်နေပြီး ကျူးလွန် ချိုးဖောက်သူများကတော့ လွတ်မြောက်ဆဲဖြစ်နေပါတယ်။ သတ္ထုတွင်း၊ သဘာဝဓာတ်ငွေ့သွယ်တန်းပိုက်လိုင်း နဲ့ ရေကာတာ/ဆည် စတဲ့ အကြီးစားစီမံကိန်းရဲ့ဆိုးကျိုးတွေအပေါ် အကြမ်းမဖက် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီလှုပ်ရှားမှုများထဲ ပါဝင်ခဲ့ကြတဲ့ လှုပ်ရှားတက်ကြွသူတွေတင်မက သာမန် လယ်သမားနဲ့ကျေးလက်ပြည်သူတွေဟာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရိုက်နှက်ညှင်းဆဲခြင်း၊ ထောင်းသွင်းအကျဉ်းချခြင်းကို ခံစားနေကြရတယ်။ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်သူတွေကို အလွန်အကျွံ အင်အားသုံး ဖြိုခွဲနှိမ်နှင်းနေတာက ရဲတပ်ဖွဲ့အတွက် လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။
ဒါပေမယ့် ဒီအာဏာပိုင်တွေကပဲ မြန်မာ့အနာဂတ်ကို အမှန်တကယ်ခြိမ်းခြောက်လျက်ရှိတဲ့ အကြမ်းဖက်မှုကို အဆုံးသတ်လိုက်ဖို့ကျတော့ လိုလားမှုရှိမနေတာ တွေ့ရပြန်တယ်။ မြောက်ပိုင်းရှမ်းပြည်ရဲ့လှပမြို့တော် လားရှိုးအပါအ၀င် နိုင်ငံတစ်ဝှန်းက မွတ်စ်လင်မ်လူနည်းစုတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် ၀င်ရောက်မတားမြစ်ခဲ့တာကတော့ အထူးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ ဇာတိမြေမှာ ဆိုးဝါးလှတဲ့အကြမ်းဖက် လုပ်ရပ်တွေကို မြင်ဖူးထားခဲ့ပေမယ့်လည်း မေလအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုမျိုး အထိ တွေ့ရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပါဘူး။ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆိုယင် စိုးရိမ်ကြီးစွာနဲ့ ပြောမဆုံးနိုင်အောင်ဖြစ်နေကြရတယ်။ လူရမ်းကားအုပ်စုအကြားမှာ မျက်နှာစိမ်းတွေ၊ ဒေသခံ မဟုတ်သူတွေကို မြင်တွေ့ခဲ့ရကြောင်း၊ အကြမ်းဖက်မှုပြီးဆုံးတာနဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြောင်း သူတို့မြင်ခဲ့ရတယ်လို့ ပြောပြကြတယ်။ အဲ့လိုပရမ်းပတာ မင်းမဲ့စရိုက် ဆန်ဆန်ပြုမူချက်များက အချိန်မရွေး နေရာမရွေး ဖြစ်ပေါ်နိုင်ချေရှိတတ်တဲ့ အပေါ်မှာ သူတို့ စိုးတထိတ်ထိတ်ဖြစ်နေကြရပြီး၊ဘာနဲ့မျှ မတူအောင် အစွန်းရောက်လွန်းတဲ့ အဲ့ဒီခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမှ မိမိတို့ မကြုံဖူးဘူးလို့လည်း ဆိုကြပါတယ်။
ကျွန်မဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးပါ။ အမုန်းတရား အာဃာတဆိုတာ ပျက်စီးစေတဲ့ မကောင်းတဲ့စိတ် ဖြစ်ပါတယ်၊ အဲ့ဒီ စိတ်မိုက်စိတ်ရိုင်းကို မေတ္တာတရားဖြန့်ကျက်မှု၊ တစ်ပါးသူအပေါ် မုဒိတာပွားမှုနဲ့ ရှင်းလင်းချေမှုန်းအားထုတ်ရမယ့်အကြောင်း လူမှန်းသိတတ်စ ကလေးငယ်ဘ၀ကတည်းက ကျွန်မ သင်ယူသိမှတ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ခွဲခြားရေးနဲ့ မုန်းတီးရေးကို တွန်းတိုက်အားပေး လုပ်ဆောင်နေကြတဲ့ ၉၆၉ လှုပ်ရှားမှုအဖွဲ့က ဘယ်လိုလုပ်ပြီး ဗုဒ္ဓ၀ါဒခေါင်းစဉ်အောက်ကနေ ထွက်ပေါ်လာသလဲ – သူတို့ကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာ ကျွန်မ နားမလည်နိုင်ပါဘူး။ အငြိုးကြီးလှတဲ့ ၉၆၉ အဖွဲ့ခေါင်းဆောင် ဦးဝီရသူလို ရဟန်းသံဃာတွေရဲ့အမြင်များကို ပယ်လှန်ကြမယ့်အစား မြန်မာအစိုးရနဲ့ နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်တွေက သူ့ကို ထောက်ခံအားပေးလျက် ရှိနေကြတယ်။
လတ်တစ်လောဖြစ်ပွားတဲ့ နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေထဲ ကျွန်မ စေ့စေ့စပ်စပ်လေ့လာကြည့်တဲ့အခါ ပုံဟန် တစ်ရပ်ကို သတိထားမိလာခဲ့ပါတယ်။ ပထမဆုံး အမျိုးသမီးတစ်ဦး သို့မဟုတ် မိန်းကလေး တစ်ဦးကို ဘာသာခြားတစ်ဦးတစ်ယောက်က တိုက်ခိုက်တယ် သို့မဟုတ် မုဒိန်းကျင့်ကြံတယ်။ ဒီလိုဖြစ်ရပ်ကို အရင်းတည်ပြီး စံနစ်တကျဖွဲ့စည်းထားတဲ့ ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုတွေက အကြမ်းဖက်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြတယ်။ သူတို့ရဲ့ နေအိမ်၊ လုပ်ငန်း/ဆိုင်ခန်း၊ ကျောင်း၊ သာသနိက အဆောက်အဦးတွေကို မီးရှို့တယ်။ ရိုက်နှက်ကြတယ်။ အရှင်လတ်လတ်မီးရှို့ခြင်း အပါအ၀င် သတ်ဖြတ်ကြတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းများ အကြားက လူမှုနှောင်ကြိုးကို ဖျက်ဆီးပစ်ကြတယ်။ အကြမ်းဖက်ဖြစ်စဉ်များမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရပ်ကြည့်နေခဲ့ကြတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို စုံစမ်းဖြေရှင်းဖို့ ကြိုးပမ်းတဲ့အခါ အကြမ်းဖက်လူစုတွေ မီးမွှေးပေးသူတွေ ပိုမို များပြားကြီးထွားလာပြီး လူသတ်မှုတွေကျူးလွန်အောင် တွန်းပို့လိုက်ကြတယ်။
အန္တရာယ်ရှိတာကိုသိနေပါလျက်နဲ့ တက်ကြွလှုပ်ရှားသူ ဗမာအမျိုးသမီးအချို့က အကြမ်းဖက်သမားတွေရဲ့ရှေ့မှောက်မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်နေကြတယ်။ အကြီးမားဆုံးသာဓကကတော့ အခြား ဘာသာဝင်များနဲ့ လက်ထပ်ထိမ်းမြားမှု မပြုရေးအဆို တင်သွင်းချက်ကို တုန့်ပြန် ဆန့်ကျင်တဲ့ ကိစ္စပါပဲ။ ဒီလို ခွဲခြားချိုးနှိမ်တဲ့၊ အန္တရာယ်ကြီးမားလှတဲ့ လှုံ့ဆော်မှုကို နိုင်ငံရေးခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချဖို့ ပျက်ကွက်နေချိန်မှာ အမျိုးသမီးတွေကတော့ အဲ့ဒါကို ဦးဆောင် တားဆီးနိုင်ဖို့ ကြိုးပမ်းနေခဲ့ကြပါတယ်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေအပေါ် မျက်နှာလွှဲခဲ ပစ်လေ့ရှိတဲ့ မြန်မာခေါင်းဆောင်များက နိုင်ငံ့ပုံရိပ်ကို ပြန်လည် အရောင်တင်ဖို့ ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေးကို မီဒီယာ၊ သံတမန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကဏ္ဍများက တဆင့် အသည်းအသန် တိုးမြှင့်လာကြတယ်။ မြင်ရတာတော့ ဟုတ်သလိုလိုပါပဲ။ စစ်အရာရှိဟောင်းတွေက အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုခဲ့ပြီး၊ သူတို့ရဲ့သွေးစွန်းနေတဲ့လက်တွေနဲ့ ဂုဏ်ကြီးရှင် ဧည့်သည်များကို ဧည့်ခံလိုက်ကြတယ်။ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Tomás Ojea Quintana ကို တာဝန်ဆက်လက် မထမ်းဆောင်နိုင်အောင် သြဂုတ်လ ၁၉ ရက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့လွှတ်ပေးပြီး ကြိုဆိုလိုက်ပုံဟာဖြင့် မြန်မာအာဏာပိုင်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအပေါ် စာနာနေ နှုတ်ဆိတ်နေခဲ့တဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ပြစ်တင် ရှုတ်ချစရာကိစ္စ ဖြစ်သွားပါတော့တယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်သူများဟာ ပြစ်မှုတွေရင်ဝယ်ပိုက်ပြီး လွတ်မြောက်နေခဲ့တာ ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့ပါပြီ။ မြန်မာလူထုအနေနဲ့ တရားမျှတမှုကို မျှော်လင့်စောင့်စားခဲ့ကြသလို သူတို့ရဲ့ စော်ကားချက်တွေ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တရားဝင်ရှုံ့ချခဲ့ပြီးသားပါ။ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ကျွန်မနိုင်ငံထဲက အရှိတရားတွေအပေါ် ထိရောက်တဲ့ သတိပေးချက်တွေကို ပြင်းပြင်းထန်ထန် ထုတ်ပြန်မှရတော့မှာပါ။ အကယ်၍များ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ကျွန်မတို့ရဲ့ ကျားကုတ်ကျားခဲ ကြိုးပမ်းချက်တွေပေါ် ရေရှည်ထောက်ခံခဲ့ကြသောနိုင်ငံများက “ ဒီလောက်ဆို လုံလောက်ပါပြီ ” ဆိုပြီး မတင်မကျ ဆုံးဖြတ်လို့၊ မရပ်မနား လူ့အခွင့်အရေး ချိုးဖောက် သောင်းကျန်းနေတာကို မျက်ကွယ်ပြုမယ်ဆိုခဲ့ရင် မြန်မာ့အနာဂတ်ထဲမှာ တရားမျှတမှုဆိုသော ကျွန်မတို့ရဲ့အိပ်မက်က ပါဝင်လာနိုင်စရာ အကြောင်းမရှိတော့ပါဘူးလေ။
မူရင်းဆောင်းပါးရှင် Nang Lao Liang Won သည် National Endowment for Democracy ၏ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီအရေးဖိုရမ်မှ 2013 Reagan Fascell democracy fellow တစ်ဦးဖြစ်ခဲ့သည်။ လက်ရှိတွင် ရှမ်းပြည်အမျိုးသမီးရေးရာ ကွန်ယက်၏အကြံပေးအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၀ါရှင်တန်ပို့စ်၊ အတွေးအမြင်ကဏ္ဍမှ သူမ၏ Human rights abuses are rampant in Burma ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုပါသည်။
Comments