ဒီဇင်ဘာ ၁၂၊ ၂၀၁၃
M-Media
ဘာသာပြန်- သာကီထက်ကောင်း
(ဓာတ်ပုံအညွှန်း) ရန်ကုန်မြို့လူစည်ကားရာနေရာတစ်ခု။ မြန်မာ့စီးပွားရေးပွင့်လန်းစပြုပြီဖြစ်သော်လည်း စီးပွားရေးပြန်လည်ပြုပြင်မှုများမှာကား ဒီမိုကရေစီလမ်းကြောင်းသို့ အလိုအလျောက် ရောက်နိုင်ချေမရှိသေး။ Photo by: McKay Savage / CC BY
လူထု၏ပါဝင်မှု၊ တာဝန်ခံရေးကတိက၀တ်တို့နှင့်အတူ ပွင့်လင်းလွတ်လပ်သော အစိုးရဖြစ်လာရန်ကြိုးစားနေသော နောက်ဆုံး အုပ်စုဝင်နိုင်ငံများ အနက် မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်၏။
လန်ဒန်၌ မကြာသေးမီက OGP Summit ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသော၊ ၄င်းပြင် ယခင်က မြန်မာနိုင်ငံ၏ ကိုလိုနီအုပ်ချုပ်သူဖြစ်သော UK သည် မြန်မာ့ စစ်ခေါင်းဆောင်ဟောင်းတို့အား ပူးပေါင်းဆောင်ရွက်ခြင်း အားဖြည့်အကူအညီများကို ပေးလိုက်ပြီဖြစ်သည်။ ၄င်း၌ အာဏာပိုင်လောက အတွက် အကောင်းဆုံး စွမ်းရည် တိုးမြှင့်ပေးရေးစံချိန် စံညွန်းသတ်မှတ်မှု၊ ပြည်သူလူထုတို့၏ သတင်းအချက်အလက်များ မြင့်မားစေမှု၊ လူထုပါ ၀င်ရေးကို ထောက်ပံ့မှု၊ လွတ်လပ်မှုနှင့် တာဝန်ယူမှုအတွက် နည်းပညာသစ်များ ပိုမိုရရှိစေမှုတို့ ပါဝင်ကြသည်။
ယမန်နှစ် Transparency International မှပြုစုထုတ်ပြန်သော အုပ်ချုပ်ရေးနှင့်ပြဿနာ ရှင်းလင်းရေးဆိုင်ရာ ကမ္ဘာ့လာဘ်စားမှုစံချိန်၌ နိုင်ငံပေါင်း ၁၇၆ အနက် မြန်မာနိုင်ငံမှာ အဆင့် ၁၇၂ စာရင်းဝင်နေကြောင်း တွေ့ရသည်။ ဤအချက်အလက်များအရ မြန်မာနိုင်ငံသည် ယင်းယိုပေါက်များကို ဖာထေးလိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။ အုပ်ချုပ်မှုယန္တရားအတွင်း အရပ်သားပါဝင်မှု၌ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် အောက်ရောက်နေပြီး မြောက်ကိုးရီးယား ထက် မဆိုစလောက်လေးသာ သာလွန်ခဲ့သည်ဟု လတ်တစ်လော စစ်တမ်း တစ်ရပ်တွင် ဖော်ပြထား၏။
ငွေးကြေးမူဝါဒ၌ အချက်အလက် အခြေခံစံနစ်ထက် နက္ခတ္တဗေဒ၏ လွှမ်းမိုးမှုကို နှစ်ပေါင်းများစွာ ခံရပြီးနောက် မြန်မာ့စီးပွားရေးမှာ နောက်ဆုံးသော် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေပြီဟု ကျွမ်းကျင်သူများက သုံးသပ်တင်ပြကြသဖြင့် စိတ်ချမ်းသာစရာသတင်း ဖြစ်စေ၏။
သို့သော် သတင်းဆိုးတစ်ရပ်မှာ နိုင်ငံရေးအခန်းကဏ္ဍ တိုးတက်မှု စံပေတံနှင့်တိုင်းတာကြည့်ရှုခြင်း မပြုပါလျှင်၊ နိုင်ငံရေးကြမ်းခင်းနှင့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား မလွဲမသွေ အပြောင်းအလဲ မလုပ်ပါလျှင် စီးပွားရေးပြုပြင်တည်ဆောက်မှုသည် ပီပြင်သော ဒီမိုကရေစီအသွင်သို့ အလိုအလျောက် ဦးတည်သွားစေမည် မဟုတ်ပါလေ။
Burma Campaign UK မှ Mark Farmaner ကဲ့သို့ ကာလရှည်လေ့လာစူးစမ်းသူနှင့် တက်ကြွလှုပ်ရှားသူများက – နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၌ အပြည့်အ၀ ကူညီနေခြင်း မဟုတ်၊ ပို၍အားကောင်းသည့် အာဏာရှင် တိုင်းပြည် အဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှ၌ စီးပွားရေးအင်အား ရပ်ဝန်းဖြစ်လာရန် လည်းကောင်း တိုးမြှင့် ကူညီရာရောက်နေသည်ဟု ယုံကြည်ထားကြသည်။
လုပ်ငန်းစဉ်များ အထမြောက်ပါပြီဟု ကြွေးကြော်ကြသည့် ပင်တိုင်အလှူရှင်များ၏ အကျိုးစီးပွားအားဖြင့် တိုင်းပြည်သည် ကမ္ဘာ့နိုင်ငံများ၏အုပ်ချုပ်မှု စံနစ်ကောင်းအတွင်းသို့ ၀င်ရောက်စေနိုင်ပါမည်လော – ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများတိုးတက်လာမှု မတိုးမြှင့်ပဲနှင့် ထိုသို့ မဖြစ်လာနိုင်ပါသလော ဟူ၍ မေးမြန်းစရာ အချို့ ရှိနေပါသည်။
ဦးစားပေးအပ်သည့်အချက်များ
———————————
လှူဒါန်းမှု၏ဦးစားပေးအပ်သည့် အချက်များမှာ စီးပွားရေးဖွံ့ဖြိုးရေးအား အထောက်အကူပြုရန်၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုကို အားပေးရန် ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူထုပါဝင်မှုအခန်းကဏ္ဍ အားနည်းလွန်းသဖြင့် အခရာ အသိစွမ်းရည်နှင့်စံနစ်များ တည်ဆောက်ရေးအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ စောင့်ကြည့်လျက်ရှိသည်။ စိန်ခေါ်ချက်မှာ ကြီးမားလှသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ယူကေရှိ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ အကူအညီဖြင့် မြန်မာနိုင်ငံအား ၂၅ နှစ်တာ စောင့်ကြည့် လေ့လာပြီးနောက် ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး D သို့မဟုတ် D+ အနိမ့်ဆုံးအဆင့်ဝင်နေကြောင်း ကမ္ဘာ့ဘဏ်မှ ယခုနှစ် အစောအပိုင်းတွင် အမှန်အတိုင်း ထုတ်ပြန်ခဲ့သည်။ စံနှုန်း ၃၁ ချက်အနက် ၂၂ ချက်၌ ပြည်စုံလုံလောက်သော အချက်အလက်များ ရှာမတွေ့ခဲ့ကြောင်း ဆိုထားသည်။ ခြုံငုံသုံးသပ်ရလျှင် “ အဆင့်နိမ့် နည်းစဉ်များပေါ်သာ ပိုမိုအာရုံထားပြီး သုံးစွဲမှုနှင့်ရလဒ် သုတေသနများပေါ် အားနည်းလွန်းသော ဗဟိုထိန်းချုပ်မှု အမှားအယွင်းနှင့် အတူ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အတွက် မဟာဗျူဟာ မူဝါဒ ကင်းမဲ့နေသည် ” ဟု တွေ့ကြရ၏။
အလှူရှင်များသည် နေပြည်တော် လွှတ်တော်နှင့်၎င်း၏အဖွဲ့ဝင်အသီးသီးနှင့် တလွဲတချော်ဥပဒေပြုနေခြင်းကဏ္ဍ၊ အရည်အသွေး တိုးမြင့်ခြင်း ကဏ္ဍတို့၌ လက်တွဲ လုပ်ဆောင်နေရမည်ဖြစ်သည်။ ဤအချက်မှာ အလွန်အရေးပါလှပေသည်။
သို့တိုင် ဥပဒေများတွင် ခိုင်မာမှုအားနည်းပြီး၊ အကျင့်ပျက်ခြစားမှုပြဿနာဖောင်းပွကာ ငွေကြေးစံနစ် ဆိုးဝါးလွန်းနေသောကြောင့် မေးမြန်း စရာများဖြစ်လာ၏။ အစိုးရထံမှ ကြီးမားသော တိုးတက်မှုနှင့်တစ်ကွ ဆီလျော်လျောက်ပတ်သော လွှတ်တော်တစ်ရပ်အား အလှူရှင်များမှ မျှော်လင့်နေခြင်းမှာ လက်တွေ့ကျပါ၏လော ? ထိုအရာထက် အုပ်ချုပ်ရေးစံနစ်ကောင်း ပို၍မလိုအပ်ပါသလော ? လူထုပါဝင်မှု ကဏ္ဍ နှင့် OGP မှ ၄င်းတို့ အပေါ် သတ်မှတ်ချက်အပေါင်းမှာ မည်သို့ရှိမည်နည်း ?
ငွေကြေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပြန်လည်ပြုပြင်ပြောင်းလဲခြင်းတွင် လူ့အဖွဲ့အစည်း၏ နားလည်၊ စောင့်ကြည့်၊ တောင်းဆို၊ ပါဝင်နိုင်မှုစွမ်းရည်များအား တည်ဆောက်ရန် အလှူရှင်များမှ ဆောင်ရွက်မသွားအပ်ပါသလော ? ပြည်သူ့ဘဏ္ဍာသည် ပြည်သူ့လက်ထဲရှိနေခြင်းက အာမခံချက်အတွက် အကြွင်းမဲ့ရေရှည်တည်တံ့၍ထိရောက်သောနည်းလမ်းများအနက်တစ်ခု အပါအ၀င် မဟုတ်ပါသလော ?
ဤသို့ ပေယျာလကန်ပြုထားသည့် အချက်များသည် လူ့အဖွဲ့အစည်းအတွင်း ဆက်လက်တည်ရှိပျံ့နှံ့နေလျှင် ၊ ၄င်းတို့ကို အသိမပေး မချပြပါလျှင် တိုင်းပြည်နှင့်လူထု၏ကောင်းကျိုးဆိုးကျိုးကို သိနားလည်ရန် မြန်မာအစိုးရအဖို့ အခွင့်အရေး မရှိသလောက် ဖြစ်နေပေမည်။
အခွင့်အလမ်းမှန်သမျှ လက်ဝါးကြီးအုပ်စိုးမိုးလိုသော ခရိုနီဝါဒ
————————————————————-
၁၉၉၁ ငြိမ်းချမ်းရေးစာချုပ်နိုးကြားမှုဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသည် နိုင်ငံထူထောင်ရေးနှင့်တွန်းအားပေးရေးအတွက် ကမ္ဘောဒီးယားသို့ အလုံးအရင်း လက်တွဲဝင်ရောက်ခဲ့ကြသည်။
သို့သော် ပြန်ပြောင်းကြည့်ရှုသောအခါ ထောက်ပံ့ ကူညီမှုတို့သည် သာမန်ပြည်သူများနှင့်လူ့အသိုင်းအ၀ိုင်းများအပေါ် အပြောင်းအလဲနှင့်တာဝန်ဆိုင်ရာ စွမ်းရည် တည်ဆောက်ပေးရေးထက် နိုင်ငံရေးထိပ်သီးတို့၏ စည်းဝိုင်းအတွင်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားရသည်။
သို့ဖြင့် ကမ္ဘောဒီးယားသည် အစိုးရ၏လက်ဝါးကြီးအုပ်မှု နှင့် အဆိုးရွားဆုံးခရိုနီဝါဒအတွင်း သက်ဆင်းသွားခဲ့သည်မှာ မထူးဆန်းတော့ချေ။
လူထုပါဝင်မှုအတွေးအမြင်အား ပိုမိုမတိုးမြင့်မပေးအပ်နိုင်ပါက ကံမကောင်းအကြောင်းမလှစွာဖြင့် မြန်မာနိုင်ငံသည် အလားတူ လမ်းကြောင်းသို့ရောက်ရှိရန် အလားအလာ များပြားနေသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ အကူးအပြောင်းကာလ၌ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်းပါဝင်စေရေး ဟူသော ၄င်း၏ကိုယ်ပိုင် စည်းမျဉ်းအား ချိုးဖောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ တစ်ဒါဇင်ကျော်က အောက်တိုဘာလတွင် EU High Representative for Foreign Affairs သို့ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးပိုခဲ့သည်ဟု Catherine Ashton က ဆိုသည်။ ၄င်းစာ၌ ထိုအဆိုပြုချက်များကို လက်ခံကြိုဆိုပါသော်လည်း လက်ရှိ၌မူ မည်သည့် အကောင်အထည်ဖော်ချက်မျှ မတွေ့ရပါဟု ဖော်ပြထား၏။
DfID, USAID, SIDA နှင့် ဒေါ်လာသန်းချီမတည်ထားသော “Making All People’s Voices Count” ကမ္ဘာ့အစီအစဉ်များမှ အကျိုးခံစားရသည့် အာဆီယံအုပ်စုများအနက် မြန်မာနိုင်ငံအား မထည့်သွင်းသေးပါ။
ထိုအချက်အားရလိုလျှင် DfID နှင့် Open Society Foundations တို့၏ လိုလားချက်ဖြစ်သော မြန်မာနိုင်ငံ၏ဖြုတ်ထုတ်သတ် ယန္တရားအပေါ် ပြည်သူတို့၏စောင့်ကြည့်မှု၌ ကူညီ အားပေးရမည်ဖြစ်သည်။ ယင်းလုပ်ရပ်များကိုလည်း လက်ခံကြိုဆိုရမည်ဖြစ်သည်။ အလားတူစွာ လူထုရပ်ဝန်းအတွင်း တာဝန်ခံမှုဖြစ်ထွန်းရန်နှင့်တောင်းဆိုရန် လူ့အဖွဲ့အစည်း အရည်အသွေး တိုးမြင့်ပေးရေး၌ အလှူရှင်များအတွက်လည်း တန်းတူအရေးကြီးပါသည်။
အကယ်၍ မြန်မာနိုင်ငံသားတစ်ဦးမှ ပြည်သူ့ဘဏ္ဍာအား မည်သို့ မြှင့်တင်မည်၊ စီမံလျာထားမည်၊ သုံးစွဲမည်၊ ထုတ်ပြန်မည်၊ စာရင်းအင်းစစ်ဆေးမည်ကို သိမြင်နားလည်လိုလျှင် ……….
ပြည်သူ့ ဘဏ္ဍာငွေ မည်သို့ ရှာဖွေမည်၊ မည်သည့်နေရာမှ ရရှိမည်၊ ဤပြန်လည်ပြုပြင်ရေးအစိုးရလက်အောက်မှ မည်သည့် အာဏာဖြင့် အသုံးချမည်ကို သိမြင် နားလည်လိုသော ဆန္ဒရှိပါလျှင် ………..
သူသည် မည်သည့်နေရာမှ ခြေလှမ်းစတင်ရပါမည်နည်း ?
အကယ်၍ သူ သို့မဟုတ် သူမသည် ဘတ်ဂျက်လုပ်ငန်းစဉ်ကိုဖြစ်စေ၊ ဌာနဆိုင်ရာသုံးစွဲမှုကိုဖြစ်စေ နားလည်သိရှိရန်နှင့်စောင့်ကြည့်လေ့လာရန် ဆန္ဒရှိနေပါလျှင် မည်သည်ကို ပြုလုပ်ရပါမည်နည်း ?
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သို့ နှစ်နှစ်ခွဲကျော်အထိ ရောက်ရှိလာသည့်တိုင်၊ အလှူရှင်များ ထောက်ပံ့ဆောင်ရွက်မှု ပေးနေသည့်တိုင် မည်သူမျှ မသိကြခြင်းမှာ ဆိုးရွားလှချေသည်။
ဆောင်းပါးရှင် Alan Davis ၏ ” Supporting democracy in Myanmar: Are donors doing enough?” ဆောင်းပါးကို သာကီထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
Comments