6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ရေးသားသူ – တင်နိုင်တိုး

ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။

ပသီစာဆိုကြီးဦးနုကို နောင်တော်ကြီးမင်းလက်ထက် ၁၇၊ ဇူလိုင်၊ ၁၇၆၂ မှာ ရွှေဘိုမြို့မှာ ဖွားမြင်ပါတယ်။ မိဘတွေကတော့ ကုန်သည်တော် ရှိုက်ခ်ဒါဝူးဒ်နဲ့ ဒေါ်ငြိမ်းတို့ပါပဲ။ မိခင်ဒေါ်ငြိမ်းဟာ သွေးသောက်ကြီး ဦးပွင့်နဲ့ ဒေါ်မြတ်နှင်းတို့ရဲ့ သမီးဖြစ်တာမို့ စာဆိုတော်ဦးနုဟာ ငယ်စဉ်ကတည်းက နန်းတွင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူလို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဆရာကြီးဦးနုရဲ့ မွတ်ဆလင်အမည်ကတော့ မုဟမ္မဒ်ကာစင်မ်ဖြစ်ပါတယ်။ ဆရာကြီးဟာ ရွှေဘိုဇာတိဆိုပေမယ့် ငယ်စဉ်ကတည်းက အင်းဝတောင်ဘလူရပ်မှာ နေထိုင်ခဲ့ပါတယ်။

စာဆိုတော်အဖြစ် ထင်ရှားလာမည့် ဦးနုဟာ အသက်(၇)နှစ်အရွယ်မှာ အင်းဝ နန်းဦးကျောင်းတိုက်မှာ ပါဠိ၊ မြန်မာစာပေတွေ စတင်ဆည်းပူးခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်ရောက်တော့ ရန်ကုန်ဆင်းလာပြီး ဆီးရီးယားက ကြွရောက်လာတဲ့ ဆရာကြီးစိုင်ယဒ်မူဟာမ္မာဒ်ဆီမှာ အစ္စလာမ်ဘာသာစာပေ၊ အာရဗီ၊ အူရဒူ၊ ဖာရစီဘာသာတွေ သင်ယူတယ်။

တစ်ဖက်ကလည်း မြန်မာဘာသာ၊ ပါဠိဘာသာကို ကျွမ်းကျင်နိုင်နင်းအောင်ကြိုးစားလေ့လာပါတယ်။ ဒါကြောင့်လည်း နောင်မှာ စာဆိုတစ်ဦးအဖြစ် ထင်ရှားခဲ့တာပါ။

ဦးနုဟာ အသက်(၂၆)အရွယ်မှာ သွေးသောက်ကြီး ဦးသာဒွန်း၊ ဒေါ်မိုးသူတို့ရဲ့သမီး မမယ်မနဲ့ အိမ်ထောင်ကျတယ်။ သား ‘အဗ်ဒွလ်ကရင်’လို့ခေါ်တဲ့ နာခံတော် မောင်ပြည့်နဲ့ သမီး မမကြီး(ဒေါ်မြတ်လှ)၊ မမထွေး(ဒေါ်မြတ်ထွန်း)တို့ကို ဖွားမြင်တယ်။

၃၀ နိုဝင်ဘာ၊ ၁၈၀၅ မှာ ဦးနုဟာ ဘိုးတော်ဘုရား အမိန့်တော်အရ အိန္ဒိယကို သွားရောက်ရတယ်။ ဘင်္ဂလားမှာ နှစ်ထပ်တိုက်တစ်လုံးငှားပြီး ကွမ်းသီးရောင်းရင်း နယ်ချဲ့အင်္ဂလိပ်ရဲ့အခြေအနေကို ထောက်လှမ်းရတယ်။ တစ်ဖက်ကလည်း ကျမ်းစာအုပ်တွေ ရှာဖွေစုဆောင်းရပါတယ်။

၁၅ ဧပြီ ၁၈၀၆ မှာ ဦးနု အမရပူရကိုပြန်ရောက်လာတော့ ဘိုးတော်ဘုရားက နှစ်ထောင်းအားရတော်မူလို့ ရမ္မာဝတီမြို့ဝန်ရာထူး ခန့်အပ်လိုက်တယ်။

‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ရမ္မာဝတီမြို့ဝန်ဦးနုဟာ အိန္ဒိယကို နောက်ထပ် နှစ်ကြိမ်ထက်မနည်းသွားရောက်ခဲ့ရပြီး ပေမူ ၁၀၀၊ ကျမ်းစာအုပ် ၁၇၇ အုပ်ကို သယ်ဆောင်လာခဲ့နိုင်တယ်။ မောင်းထောင်ဆရာတော်ကြီး ဘာသာပြန်ဆိုခဲ့တဲ့ ကျမ်းတချို့ဟာ ‘ရွှေတောင်သာဂသူ’အိန္ဒိယက သယ်ဆောင်လာတဲ့ကျမ်းတွေ ဖြစ်တယ်။

‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ဆရာကြီးဦးနုဟာ အသက်(၆၈)နှစ်အရွယ် ၁၈၂၂-ခုနှစ်မှာ အမရပူရမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စာဆိုတော်ဦးနုဟာ ၃၅-ခန်းလို့ခေါ်တဲ့ သာသာရေးဆိုင်ရာ ‘ရှရာကျမ်း’အပါအ၀င် ကျမ်းပေါင်း (၆၀)ကျော် ရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦဖြစ်ပါတယ်။ အဲဒီ (၃၅)ခန်း မူရင်းကျမ်းကြီးကို မကြာမီက ပြုလုပ်ခဲ့တဲ့ လောကနတ်ရှားပါးစာအုပ်ပြပွဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။

 

ဆရာကြီး၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

စာဆိုဦးနုရဲ့ စာပေလက်ရာတွေထဲမှာ ခရီးစဉ်မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်ကလည်း ထင်ရှားလှပါတယ်။ ဆရာကြီး ဒေါက်တာလှတိုးရဲ့ ကျေးဇူးကြောင့် အဲဒီ (၅၅)ပိုဒ်လင်္ကာကို ပုံနှိပ်စာလုံးနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ အဲဒီလင်္ကာရှည်ထဲမှာ အမရပူရကနေ ဘင်္ဂလားအရောက် အကြောင်းအရာတွေကို ရေးဖွဲ့ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားမှတ်တမ်းကြီးတစ်စောင်ပါပဲ။ ဘင်္ဂလားအသွားလမ်းမှာ လကြတ်တာနဲ့ ကြုံခဲ့ရသေးတယ်။ ‘ဟင်းရာဝ’လို့ အမည်ရတဲ့စခန်းမှာ ညအိပ်ရပ်နားစဉ်အခါဖြစ်ပါတယ်။ လကြတ်စဉ် ကောင်းကင်ဂြိုဟ်အနေအထားကို လင်္ကာထဲမှာ အသေးစိတ်ရေးဖွဲ့ထားတော့ စာဆိုဦးနုဟာ မြန်မာနက္ခတ္တဗေဒင်ကို တတ်ကျွမ်းသူလို့လည်း ဆိုနိုင်ပါတယ်။

စာဆိုတော်ဦးနုရဲ့ ရှားပါးလက်ရာ ရတုကဗျာအချို့ကိုလည်း ရှေးဟောင်းစာပေအတွဲ(၂၄)မှာ ဖယောင်းလှိမ့် လက်ရေးမူအဖြစ် ဖတ်ရှုရပါတယ်။ အဲဒီအထဲမှာ စာဆိုတော်ဦးနု ကြွေးမြီပြဿနာကြောင့် တိမ်းရှောင်နေရပုံကို ‘မောင်နုတွင်မည်၊ ကျွနုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တ ဟိုသည်၊ တိမ်းရှောင်လည်၍’လို့ ဖတ်ရှုရပါတယ်။

မှတ်တမ်းမှတ်ရာတွေအရ ရမ္မာဝတီမြို့ဝန် ‘ရွှေတောင်သာဂသူ’ကို ကံ့ကော်ရွာသူကြီးနဲ့ မြို့ချောင်းရွာသူကြီးတွေက တိုင်ကြားခဲ့တဲ့အမှုဖြစ်ဟန်ရှိပါတယ်။

စာဆိုတော်ဦးနုဟာ သရဒွေးကျမ်း၊ အဘိဓါန်ကျမ်းတွေအပြင် ဆေးကျမ်းများစွာကို ဆောင်ယူလာခဲ့သူလည်းဖြစ်လို့ မြန်မာ့ဆေးပညာသမိုင်းမှာလည်း အသိအမှတ်ပြုသင့်လှပါတယ်။ ဒီဆောင်းပါးကို ဆရာမကြီးစောမုံညင်းရဲ့ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာဆောင်းပါး(ငွေတာရီ ၁၉၈၈၊ ဇွန်)နဲ့ မောင်မောင်ကြီး(မန်း)ရဲ့ စာဆိုတော်သခင်ကြီး ဦးနု (အစ္စလာမ်သုတ ၁၉၈၈၊ မေ)တို့ကို အခြေပြုရေးသားထားပါတယ်။

 

(နံနက်ခင်းသတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၃၅၊ သြဂုတ် ၂၀၀၈၊ စာမျက်နှာ-၂၃ မှ ကူးယူဖော်ပြပါသည်။)

 

Posted By-ဝိုင်း

* * မူရင်းဂျာနယ်ထဲကအတိုင်း စာလုံးပေါင်းသတ်ပုံများကို မပြင်ပဲ ပြန်ကူးထားပါတယ်။ * *

Leave a Reply