ဇန်န၀ါရီ ၇၊ ၂၀၁၄
M-Media
– အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် သဘောတူညီချက် မရရှိခဲ့သော်လည်း မိမိ၏ ခရီးစဉ်တွင် တိုးတက်မှုများရရှိခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။ ဂျွန်ကယ်ရီမှာ အရှေ့အလယ်ပိုင်းသို့ လေးရက်ကြာ သွားရောက်ခဲ့ပြီး ယမန်နေ့က အမေရိကန်သို့ ပြန်လာခဲ့သည်။
အမေရိကန်၏ သံတမန်ဆိုင်ရာ အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ ၁၀-ကြိမ်မြောက် သွားရောက်ခဲ့သည့် ဂျွန်ကယ်ရီမှာ အစ္စရေး ၀န်ကြီးချုပ် နေတန်ရာဟု၊ ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်တို့နှင့် နာရီပေါင်းများစွာကြာ တံခါးပိတ်ဆွေးနွေးမှုများ သီးခြားစီ ပြုလုပ်ခဲ့သည်။
မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း ၁၉၄၈ ခု အစ္စရေးနိုင်ငံ စတင်ထူထောင်ခဲ့ချိန်က မောင်းထုတ်ခံခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် ဂျွန်ကယ်ရီက ဖိအားပေးခဲ့ပြီး နေတန်ယာဟုက လက်မခံခဲ့ဟု အစ္စရေးနေ့စဉ်သတင်းစာ Maariv က ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျော်ဒန်နှင့် ဆော်ဒီအာရေဗျသို့လည်း သွားရောက်ခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် ၎င်းတို့၏ အခန်းကဏ္ဍများနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြသည်။
Ref : ChannelNewsAsia
Leave a Reply
You must be logged in to post a comment.