ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
M-Media
– တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့သည့် လေတပ်အရာရှိဟောင်းတစ်ဦးအား ထိုင်ဝမ်တရားရုံးမှ ယနေ့တွင် ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။
လေတပ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ယွမ်ရှောက်ဖန်အား ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း စစ်တပ်၏ ထိပ်တန်းလျှို့ဝှက် ချက်များ တရုတ်နိုင်ငံသို့ ပေါက်ကြားစေခဲ့မှုနှင့် ပတ်သက်ပြီး အမှု ၁၂ ခုဖြင့် တရားစွဲဆိုခဲ့ကာ စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယွမ်မှာ ထိုလျှို့ဝှက်ချက်များအား လုပ်ဖော်ကိုင်ဖက် တရုတ်သူလျှိုတစ်ဦးဖြစ်သူ ချန်ဝန်ဂျန်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ချန်ဝန်ဂျန်မှာ ဘေဂျင်းသို့ အလုပ် ကိစ္စဖြင့် သွားရောက်စဉ် တရုတ်အစိုးရ၏ မဲဆွယ်မှုကြောင့် တရုတ်သူလျှို တစ်ဦး ဖြစ်လာခဲ့ပြီး ၎င်းကိုလည်း နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်ဟု အဆိုပါ တရားရုံးက ပြောကြားခဲ့သည်။
ထို့ပြင် သူလျှို လုပ်ငန်းမှ ယွမ်ရှောက်ဖန် ရရှိခဲ့သည့် အခကြေးငွေဖြစ်သည့် ကန်ဒေါ်လာ ၂ သိန်း ၆ သောင်းကိုလည်း ဒဏ်ကြေး အဖြစ်သတ်မှတ်ခဲ့သည်။ လက်အောက်ခံ အရာရှိနှစ်ဦးကို သူလျှိုလုပ်ရန် ဆွဲဆောင်ရာမှ ထိုင်ဝမ်အစိုးရက ၎င်းတို့လုပ်ရပ်အား သိရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ထိုင်ဝမ်ရဲတပ်ဖွဲ့မှ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးထားခြင်းဖြစ်သည်။
၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ပြီးဆုံးပြီးနောက် နှစ်နိုင်ငံ သီးခြားစီဖြစ်လာကတည်းက တရုတ်နှင့် ထိုင်ဝမ်တို့မှာ အပြန်အလှန် လျို့ဝှက်ထောက်လှမ်းမှုများကို ပြုလုပ်ခဲ့ကြသည်။
Comments