ဇန်နဝါရီ ၁၄၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
မြန်မာနိုင်ငံသည် ယဉ်ကျေးမှု၊ အစဉ်အလာထုံးတမ်း နှင့် ဘာသာစကားစွမ်းရည်များ၌ ထူးထူးခြားခြား ကြွယ်ဝစည်ပင်လှသည့် တိုင်းပြည်ဖြစ်၏။ ဤနိုင်ငံ၏ မတူကွဲပြားမှုများက တိုင်းပြည်၏အင်အားတစ်ရပ် ဖြစ်နိုင်သလို သဘောထားကွဲလွဲမှု၏ မျိုးစေ့ကိုလည်း ကြဲပက်ထားသည်မှာ အချိန်ကြာမြင့် လှချေပြီ။ ထိုအရာက မြန်မာနိုင်ငံကို အာရှ၌ ခေါင်းဆောင်နိုင်ငံတစ်ခု ဖြစ်လာစေမည့်အစား တိုင်းပြည်ကို နောက်ပြန်ဆုတ်အောင်၊ တိုးတက်ဖွံ့ဖြိုးရေးကို မွန်းကြပ်သွားအောင်၊ တိုင်းသူပြည်သားများအတွက် မလုံခြုံမှုဘေးဆိုးများဖြစ်လာအောင် တွန်းပို့လျက်ရှိနေ၏။
(ဓာတ်ပုံ – ကောင်းထက်) ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စု၏ ဖျက်ဆီးမှု၏မရှေးမနှောင်းတွင် စစ်တွေမြို့နယ်မှ ပျက်စီးသွားရသောဗလီဝတ်ကျောင်းတစ်ခုအနီး ထိုင်နေသည့် ရိုဟင်ဂျာအမျိုးသားတစ်ဦး
မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းမျိုးနွယ်များအပေါ် အစဉ်တစိုက် တိကျစွာ သတ်မှတ်ခြင်း နှင့် ပုံဖော်တင်ဆက်ခြင်း မရှိလေပဲ များသောအားဖြင့် တစ်ဖက်စောင်းနင်း ဖြစ်နေပါသည်။ အစိုးရအာဏာပိုင်တို့က လူနည်းစုတိုင်းရင်းမျိုးနွယ်အုပ်စုကို ၁၃၅ မျိုးဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ဤကိန်းဂဏန်းနှင့် အမျိုးအမည်စာရင်းကို ကြေလည်မှုရှိ မနေကြချေ။ ထိုစာရင်းဇယား၌ မိမိတို့မှာ ဖြုတ်ပယ်ခံထားရသည်ဟု အချို့ကဆိုကြသလို အခြား တစ်ဖက်ကလည်း အမျိုးအစားခွဲမှု များပြားလွန်းနေသည်ဟု ပြောသူများ ရှိကြ၏။
အလားတူ တိုင်းရင်းနွယ်အုပ်စုတစ်ခုဖြစ်သော ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်ရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ နိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း ၀ိဝါဒကွဲပြားလျက်ရှိနေပါ၏။ ကျွန်ုပ်သည်လည်း ရိုဟင်ဂျာလူမျိုးတစ်ဦး ဖြစ်ပါသည်။ ရိုဟင်ဂျာတို့ကို ၁၉၅၀ ခုနှစ်များအတွင်းက တရားဝင် အသိအမှတ်ပြုခဲ့ကြသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ကျွန်ုပ်တို့၏နိုင်ငံသားဖြစ်မှုကို ၎င်း၏ စစ်အုပ်ချုပ်ရေး အစိုးရမှ တရားမ၀င်ကြောင်း ဆိုလာခဲ့သည်မှာ အချိန်ကြာမြင့်နေပေပြီ။ ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်၌ ဘိုးဘွားစဉ်ဆက် ရာစုနှစ်များစွာ နေထိုင် လာကြသော်လည်း ဤတိုင်းရင်းမျိုးနွယ်စုအား တရားဝင်နိုင်ငံသားဖြစ်မှုမှ အဘယ်ကြောင့် ရုပ်သိမ်းလိုက်ကြောင်း ပညာရှင်များ၊ သုတေသီများ၊ လူ့အခွင့်အရေးဖော်ဆောင်လှုပ်ရှားသူများ၊ မီဒီယာများ စသည်တို့မှ အခါအားလျော်စွာ မေးခွန်းထုတ်ခဲ့ပါသည်။
ဤမေးခွန်း၏အဖြေမှာကား ကန့်လန့်ကာနောက်ကွယ်မှ အချို့အကြောင်းခြင်းရာများနှင့် သက်ဆိုင်နေပါသည်။ ထိုအချက်များ၌ နိုင်ငံအတွင်း လူမျိုးရေးနှင့်ဘာသာရေး၊ ယဉ်ကျေးမှုနှင့်လူမှုဆက်ဆံရေး၊ နိုင်ငံရေးအရ သြဇာလွှမ်းမိုးစွက်ဖက်တင်စီးမှု များလည်း အပါအ၀င်ဖြစ်သည်။ ထိုအခြေခံအချက်များက နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ရခိုင်ပြည်နယ်ကို သီးခြားဖြစ်စဉ် လမ်းကြောင်းထဲ ဆိုက်ရောက်သွားစေပါသည်။ ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူတို့၏ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု နှင့် တိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေသော ခွဲခြားမှုများ ဖြစ်ပေါ်စေခဲ့၏။
အချို့ရခိုင်လူမျိုးတို့အကြားတွင် မတင်းတိမ်မနှစ်မြို့မှု ရှိနေလင့်ကစား ရိုဟင်ဂျာနှင့် ရခိုင်လူထုတို့ အပါအ၀င် ပြည်သူအပေါင်းတို့ အနေဖြင့် လုံခြုံမှု ကင်းမဲ့သော အကြမ်းဖက်ခံ ဘ၀ထက် တည်ငြိမ်အေးချမ်းသော ဘ၀ကို ပိုမိုနှစ်သက်ကြလိမ့်မည်ဟု ကြောင်းကျိုးကျကျ တွေးခေါ်ဖို့လိုအပ်ပါသည်။ ယင်းပြည်နယ် အတွင်းနေထိုင်နေကြသော လူထုအကြား မရေရာသော အက်ကြောင်းကို ဖြစ်ပေါ်စေခဲ့သည့်အရာမှာ မည်သည်နည်းဟု ပထမဆုံး မေးမြန်း လိုပေလိမ့်မည်။ ရှင်းလင်းစွာတွေ့နိုင်သည့် ပထမဆုံး ပင်မပြဿနာမှာ တရား ဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းပင်။ ထိုအချက်က တရားမျှမျှတတ တန်းတူညီမျှ တာဝန် ထမ်းဆောင်မည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အလုံအလောက် ချပေးရန် ပျက်ကွက်သွားစေခဲ့သည်။
အုပ်စုနှစ်ဖက်စလုံးမှ အပြန်အလှန် အကြမ်းဖက်မှု ကျူးလွန်ထားခဲ့ကြသည်။ မည်သူက စတင်ကျူးလွန်သည်၊ မည်သူက စဦး ဓားစာခံဖြစ်ရသည် ဟူသည်မှာ အကြောင်းမဟုတ်။ အကြမ်းဖက်မှုဟူသမျှ လက်ခံနိုင်စရာ မရှိချေ။ အမှုတစ်ခုဖြစ်လာလျှင် ကျူးလွန်သူအား ဖမ်းဆီးရမည်၊ အရေးယူရမည်၊ ပြစ်မှုနှင့် ထိုက်တန်သော ပြစ်ဒဏ်ချမှတ်ရပေမည်။ အာဏာပိုင်များသည် မည်သို့သော အကြမ်းဖက်မှု သို့မဟုတ် ဥပဒေ ချိုးဖောက်သော အခြား လုပ်ရပ်များကို အားပေး အားမြှောက် မပြုသင့်၊ သို့သာမက လူတိုင်းအပေါ်ကို တရားမျှတစွာ တန်းတူထားရန် တာဝန်ရှိနေသည်။ ဤအချက် ပျက်ကွက်လေလျှင် မင်းမဲ့စရိုက် နှင့် အကြမ်းဖက်မှုများကို ပိုမိုတွန်းအားပေးရာ ရောက်စေ၏။
အစ္စလာမ့်စီမံကိန်းဟု ယိုးစွပ်ချက်တစ်ခု
—————————————-
ရိုဟင်ဂျာလူဦးရေပမာဏ ပေါက်ကွဲများပြားလာသည်ကို စိုးရိမ်ကြောင်း၊ ၎င်းတို့သည် ရခိုင်ပြည်နယ်ကို အစ္စလာမ်ပုံသွင်းမှုပြုရန် ရည်မှန်းထားကြောင်း ရခိုင်လူ့အဖွဲ့အစည်းက စွပ်စွဲဖော်ပြထားကြသည်။ ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရန် ကြိုးစားနေကြသည်ဟု ထိုသူတို့မှ အကြောင်းပြကြသည်။ အရောင်ဆိုးမှိုင်းတိုက်တတ်သည့် အုပ်စုငယ်များအချို့၏ မခိုင်မာသောအဆိုများ နှင့် ယုံတမ်းစကား ထုတ်ပြန်ချက်များကို ထောက်ပြကာ ယင်းသို့သံသယများကြီးထွား လာစေကြောင်း အထောက်အထားများက ဆိုနေပါသည်။
၎င်းစိုးရိမ်မှုနှင့်ယိုးစွပ်မှုများမှာ အစစ်အမှန် မဟုတ်ချေ။ ရိုဟင်ဂျာတို့၏ မျှော်မှန်းချက်များနှင့်ပတ်သက်၍ ရခိုင်လူမျိုးတို့ အကြား နက်ရှိုင်းစွာ နားလည်မှု လွဲမှားခြင်းမှ ခွဲဖြာ ထွက်ရှိလာသော ကျောရိုး အချက်များ ဖြစ်ပေသည်။ ရိုဟင်ဂျာလူမျိုး တစ်ခုတည်းအတွက်သာ ကွက်၍ ကျွန်ုပ်မှ ၎င်းတို့ကိုယ်စား အခိုင်အမာ ပြောဆိုပါမည်။ ရိုဟင်ဂျာအများစုသည် ရခိုင်ပြည်နယ်မှသော် လည်းကောင်း၊ မြန်မာပြည်ရှိ အခြားပြည်နယ် တစ်ခုခုမှသော်လည်းကောင်း ခွဲထွက်၍ သီးခြားပြည်နယ် ထူထောင်ရန် ဆန္ဒမရှိကြ၊ ကြိုးပမ်း အားထုတ်မှုမျိုးလည်း မပြုကြပါ။ ၁၉၅၀ ခုနှစ်များ ကာလတွင် မေယုနယ်ခြား ခရိုင်ဟု အမည်ရသော သီးခြားအုပ်ချုပ်ခွင့်ရ ခရိုင်တစ်ခု တည်ထောင်ရန် ကြိုးစားခဲ့သည့် လက်နက်ကိုင် အုပ်စုငယ်တစ်ခုမှာ လူနည်းစုရိုဟင်ဂျာများ အနက် အမှန်တကယ် ရှိခဲ့ပါသည်။ ယင်းလှုပ်ရှားမှုမှာလည်း တစိုက်မတ်မတ် မဟုတ်ခဲ့။ အမြဲတမ်း စစ်တပ်လည်း မဟုတ်ခဲ့ချေ။ ရခိုင်လူမျိုးတို့အတွင်းမှာသာလျှင် အတိတ်ကာလကတည်းက လွတ်လပ်ရေးလှုပ်ရှားမှုဟုဆိုကာ တောက်လျှောက်လုပ်လာခဲ့ပါသည်။ ကျွန်ုပ်လူမျိုးတို့၏ သဘောထား၌ ပြောင်းလဲ လာသောခေတ် ကာလတွင် ယင်းလှုပ်ရှားမှုမှာ အခြေအမြစ်မဲ့သော အတိတ်ပုံရိပ်တစ်ခုအဖြစ်သာ သဘောထားလျက်ရှိပေသည်။
ရိုဟင်ဂျာဟူသော အမည်နာမသည် ကျွန်ုပ်၏လူ့အဖွဲ့အစည်းကို ခေါ်ဆိုသော ယေဘူယျအသုံးအနှုန်းဖြစ်၏။ ထိုဝေါဟာရမှာ ကျွန်ုပ်တို့၏သမိုင်းတွင် အမြစ်ခိုင်ခိုင်ရှိနေသည့်အပြင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်လူဦးရေပမာဏကိုလည်း ဖော်ညွှန်းနေပါသည်။ သမိုင်းမှတ်တမ်းများအရ ထိုဝေါဟာရမှာ ၁၇၉၉ ခုနှစ်မတိုင်မှီကပင် ရှိနှင့်ပြီးဖြစ်ရာ ကျွန်ုပ်တို့၏သမိုင်းနှင့်အမွေအနှစ်အဖို့ ယခုအချိန်တွင် အလွန်အရေးပါသော တန်ဖိုးထားအပ်သည့်အရာဟု ကျွန်ုပ်တို့ ခံယူထားပါသည်။ ဤ၀ိသေသကို ချိုးနှိမ်သော – မြန်မာနိုင်ငံအတွင်း အခြေခိုင်ပြီးဖြစ်သည့် သိက္ခာရှိလူမျိုးအစဉ်အလာကို မခန့်လေးစားပြုသော “ဘင်္ဂါလီ” အသုံးအနှုန်းအား ကျွန်ုပ်တို့မှ လက်မခံဆန့်ကျင်ပါသည်။
မနုဿဗေဒရှုထောင့်မှကြည့်လေလျှင် ရိုဟင်ဂျာလူမျိုးစုသည် အာရိယန်/ကော့ကေးရှပ် ရင်းမြစ်အနွယ်များမှ ဆင်းသက်လာသည့် ဘာသာစကား၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ရောယှက် ဆက်နွှယ်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ တောင်အာရှ နှင့် အရှေ့အလယ်ပိုင်း အဆက်အနွယ်များမှ မြစ်ဖျားခံ ဆင်းသက်လာပြီး ယခင်က အာရကန်ပြည်ဟု လူသိများသောဒေသ၌ ကိုလိုနီခေတ်ကာလအတွင်း ပိုမိုစည်ပင် များပြားလာခဲ့သည်။ ယနေ့ မြန်မာပြည် အနောက်ပိုင်းဒေသကို မျိုးဆက် အလီလီမှ မိမိတို့၏ ဇာတိမြေအဖြစ်ခံယူနေထိုင်လျက် ရှိကြသော ရိုဟင်ဂျာတို့အား တကယ့်တို င်းရင်း မျိုးနွယ်များထဲ ထည့်သွင်းမှသာ သဘာဝကျမည်ဖြစ်သည်။ ရိုဟင်ဂျာများသည် ရခိုင်ရှိ အခြားလူမျိုးစုများနှင့် ရာစုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူ ယှဉ်တွဲနေထိုင်ခဲ့သော သမိုင်းအထောက်အထားမှာလည်း လိုသည်ထက်ပင် ပိုလျှံနေပါသည်။
ဘာဆက်ဖြစ်မည်ကို ကျွန်ုပ်တို့ မသိ
လက်ရှိနှစ်များအတွင်း ရိုဟင်ဂျာလူဦးရေ အဆမတန်ပေါက်ကွဲများပြားလာသည်ဟု တစ်ဖက်သတ်ဆိုနေကြသော်လည်း လူဦးရေစာရင်း အချက်အလက်ကိုမူ ခြေမြစ်ခိုင်မာစွာ မပြသနိုင်ကြချေ။ နေရာအသီးသီးမှတင်ပြသည့် စာရင်းဇယားအမျိုးမျိုးတို့မှာလည်း ခန့်မှန်း ယူဆချက် များသာ ဖြစ်နေ၏။ ခန့်မှန်း ယူဆချက်များမှာ အချို့ကာလ အတွက် အချေအတင် အငြင်းအခုံဖြစ်ပွားစေပါသည်။ အာဏာပိုင်များဖက်မှ တရားဝင် စာရင်းကောက်ယူမှု မရှိသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ပွင့်လင်းမြင်သာ၍ တိကျသော စာရင်းကောက်ယူရန် လိုအပ်နေပါသည်။ ရိုဟင်ဂျာ လူဦးရေပမာဏသည် အခြားလူမျိုးအုပ်စုများထက် တိုးပွားမှုမြန်ဆန်သည်ဟု ထင်မြင်သွားနိုင်စေမည့် အကြောင်းအချက်များ ရှိပါ၏။ သူတို့သည် နိုင်ငံ၏ အခြားဒေသများသို့ သွားလာ ခွင့်မရဘဲ ပြည်နယ်တစ်ခု၏သီးခြားဒေသ တစ်ခုအတွင်း ဦးတည် ပိတ်လှောင်ခံထားရသည်။ အခြားတစ်ဖက်တွင်မူ ရခိုင်နှင့် အခြားလူမျိုးတို့သည် နှစ်သက်ရာဒေသ အသီးသီးထံ သွားလာခွင့်ရရှိခဲ့ကြသည်။ သို့အားဖြင့် ၁၉၆၂ ခုနှစ်ကတည်းက ရခိုင်ဒေသတွင် ရိုဟင်ဂျာများ ၁.၅ သန်းဝန်းကျင်အထိ စုပြုံနေရခြင်းဟူသည့် အချက်ကို သတိပြုအပ်ပေသည်။ ယခုသော် ရိုဟင်ဂျာအချို့မှာ ကမ္ဘာ့ဒေသ အသီးသီးတွင် ရှိနေကြ၏။
ရခိုင်တို့၏ ပင်တိုင် စွပ်စွဲချက်ကိုကြည့်လျှင် ရိုဟင်ဂျာဦးရေ မြင့်တက် များပြားလာခြင်းမှာ တရားမ၀င်ပြောင်းရွှေ့ ၀င်ရောက်လာမှု(ခိုးဝင်လာခြင်း) ဟူ၍ တွေ့ရသည်။ ထိုအဆိုကို ထောက်ခံ အတည်ပြုနိုင်သော မည်သည့်စာရင်းအင်း အချက်အလက်များလည်း ရှိမနေကြ။
ရခိုင်ပြည်နယ်က လက်ရှိရိုဟင်ဂျာလူဦးရေအား အတည်ပြုမည်၊ တရားမ၀င်ခိုးဝင်လာသူမှန်သမျှ စုံစမ်းထုတ်ဖော်သွားမည် ဆိုသော မြန်မာအစိုးရ၏ ကတိက၀တ်အတိုင်း ပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်ကို ကျွန်ုပ်တို့မှ မြင်တွေ့ချင်ပါသည်။ ထိုဒေသအတွင်း တရားမ၀င်ခိုးဝင်လာမှုများ၊ တရားမ၀င် ခိုးသွင်းမှုများ ထပ်မံ မဖြစ်ပွားစေမည့် – နှစ်နိုင်ငံနယ်နမိတ်အပေါ် ခိုင်မာတောင့်တင်းသော နယ်စပ်လုံခြုံရေး တည်ဆောက်ခြင်းကို ကျွန်ုပ်တို့မှလည်း အားပေးထောက်ခံပါသည်။
နောက်ထပ်စွပ်စွဲချက်တစ်ခုမှာ ရိုဟင်ဂျာတို့၏ ဘာသာရေး နှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကြောင့် လူဦးရေ ပမာဏ မြင့်တက်လာသည် ဟူ၍ ဖြစ်သည်။ အကယ်၍ ရိုဟင်ဂျာများအား ပညာသင်ကြားခွင့် နှင့် စွမ်းရည်မြှင့်တင်ခွင့် ပေးအပ်မည်ဆိုပါက လတ်တစ်လော၌ မည်သို့ပင်ရှိစေကာမူ နောင်တစ်ချိန်တွင် ကမ္ဘာ့အခြားဒေသများနည်းတူ အကြွင်းမဲ့ အချိုးညီသွားနိုင်ပါလိမ့်မည်။
တေ့ဆိုင်ဆွေးနွေးအဖြေရှာရန် အရေးကြီးသည်
ရိုဟင်ဂျာတို့အား မြန်မာလူ့အဖွဲ့အစည်း၏ကျောရိုးထဲ အဘယ်ကြောင့် ပါဝင်ခွင့်မပေးသည်ကို အကြောင်းပြချက် မရှိချေ။ မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုအစဉ်အလာများကို နားလည်ထားကြသော ရိုဟင်ဂျာအုပ်စုကြီးမှာ မြန်မာ့လူ့အဖွဲ့အစည်း၏ကျောရိုး၌ ပါဝင်ခဲ့ပြီးဖြစ်ပါသည်။ လူတစ်ဦးသည် ကချင်ခရစ်ယာန် ဖြစ်ချင်ဖြစ်မည်၊ ရခိုင်ဗုဒ္ဓဘာသာ ဖြစ်ချင်ဖြစ်မည်၊ ရိုဟင်ဂျာမွတ်စ်လင်မ် ဖြစ်ချင်ဖြစ်မည် – သို့သော် သူ၏ယုံကြည် ကိုးကွယ်ရာ အယူဝါဒသည် ခေတ်သစ်မြန်မာပြည် အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အတားအဆီး မဖြစ်အပ်ပါချေ။
ကမ္ဘာတစ်ဝှန်းရှိ ဘာသာပေါင်းစုံ၌ အစွန်းရောက်အုပ်စုများ ရှိကြပါသည်။ ၄င်းတို့သည် သက်ဆိုင်ရာလူ့အသိုင်းအ၀ိုင်းရှိ အပြစ်မဲ့လူတစ်စုကို ဘာသာရေးဗန်းပြကာ အသုံးချ အမြတ်ထုတ်လေ့ရှိသည်။ ထိုအစွန်းရောက်အုပ်စုများ အသံတိတ်သွားစေရန် သို့တည်းမဟုတ် စိစစ်ချိုးနှိမ်လိုက်ရန် ထိရောက်သောနည်းလမ်းများ ရှိပါသည်။ ၎င်းသော့ချက်မှာ တွေ့ဆိုင်ဆွေးနွေးအဖြေရှာခြင်းပင် ဖြစ်သည်။ လူ့အသိုင်းအ၀ိုင်းအသီးသီးမှ ဘာသာတရားကို အမှန်တကယ် နားလည် ကိုင်းရှိုင်းသူများအကြား တေ့ဆိုင်ဆွေးနွေးအဖြေရှာခြင်းက ပေါ်ထွက်နေသော ယုံတမ်းစကားအဆိုများအား ဖယ်ရှားနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်မိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ နှင့် ရခိုင်ပြည်နယ်ညီညွတ်မှုအရေးအတွက် ရိုဟင်ဂျာလူမျိုးစုတို့၏ သစ္စာရှိမှုနှင့် စွမ်းဆောင်ချက်များ အကြောင်းကိုလည်း သံသယဖြစ်နေသော ရခိုင်လူမျိုးများထံ အသိပေးနိုင်ပါလိမ့်မည်။
အဆုံးသတ်ဆိုရလျှင် ရိုဟင်ဂျာတို့သည် ရခိုင်လူမျိုးများအတိုင်း အခြေခံလူ့အခွင့်အရေးရရှိအောင် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ကြသူများဖြစ်ပါသည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့၏ တမူထူးကဲသော ယဉ်ကျေးမှုအမှတ်သညာများကို ထိန်းသိမ်းထားလျက် တန်းတူနိုင်ငံသားများ အဖြစ် အေးချမ်းစွာ နေထိုင်နိုင် စွမ်းရှိပါသည်။ မြန်မာနိုင်ငံတော်သစ် ဖြစ်ထွန်းရေး အတွက် ရိုဟင်ဂျာ လူမျိုးများကလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိကြပါသည်။ ရခိုင်ဒေသ အတွင်းအပြင်များ၌ ပညာရေး၊ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည် တိုးတက်ရေးအား လမ်းဖော်ပေးနိုင်သည်သာမက သည်းခံခြင်း၊ အပြန်အလှန်လေးစားမှု၊ ပြန်လည် ရင်ကြားစေ့ သင့်မြတ်ရေး နှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၏ အုတ်မြစ်ချပေးရာလည်း ရောက်စေမည်ဖြစ်၏။
ယင်းအိပ်မက်မျိုး အမှန်တကယ် အကောင်အထည်မပေါ်လာစရာ အကြောင်း မရှိပါ။ အလားတူ အခြေအနေအနေ အထားမျိုးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များအစောပိုင်းကာလတွင် ရှိခဲ့ပါသည်။ ဆယ်စုနှစ်ချီသော အထင်လွဲမှားမှုနှင့် သံသယများကို ချေဖျက်နိုင်ရန် အချိန်ယူ ရမည်ကို ကျွန်ုပ် နားလည်လက်ခံပါ၏။ ကျွန်ုပ်တို့သည် ခွဲထွက်ရေး သို့မဟုတ် သီးခြားကိုယ်ပိုင်ပြည်နယ် ထူထောင်ရေးကို ဆန္ဒမရှိ၊ သို့မဟုတ် ထိုအစွန်းရောက်အဖွဲ့အစည်းတို့၏အဆိုသည် ကျွန်ုပ်တို့၏ ပန်းတိုင်နှင့်အကျိုးစီးပွားကို ကိုယ်စားမပြု ဟူသော စကားရပ်အား ရိုဟင်ဂျာများနှင့် ပတ်သက်၍ သံသယစွဲမြဲနေသူများအဖို့ လက်ခံချင်မှလက်ခံပါလိမ့်မည်။ သို့သော် အကြမ်းဖက်မှုအားဖြင့် အဖြေထုတ်နိုင်မည်လည်း မဟုတ်ပါ။ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအကျိုးငှာ ကျွန်ုပ်တို့၏ ကွဲပြားခြားနားမှုများ အပေါ် တေ့ဆိုင်ဆွေးနွေးအမြင်ဖလှယ်ခြင်းနည်းလမ်းဖြင့်သာလျှင် အဖြေရရှိနိုင်မည်ဖြစ်သည်။ များမကြာမီ ဖြစ်လာ လတ္တံ့သော ထိုကဲ့သို့ တေ့ဆိုင်ဆွေးနွေး အဖြေရှာခြင်းတွင် လက်တွဲပါဝင်ရန် ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းမှ အဆင်သင့်ရှိနေပါသည်။
xxxxxxxxxxxxxxxxxxxxxxx
မူရင်းဆောင်းပါးလင်=> Click Here
Myanmar Times တွင် ဖော်ပြသော ဒေါက်တာ ၀ါကာအွဒ္ဒီးန် ၏ The Rohingya: partners in building a new Myanmar အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားပါသည်။
ဒေါက်တာ ၀ါကာအွဒ္ဒီးန် Dr Wakar Uddin သည် အမေရိကန်ပြည်ထောင်စု၊ ပဲန်ဆီဗေးနီးယားပြည်နယ် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး၊ အာရကန် ရိုဟင်ဂျာသမဂ္ဂ၏ ဦးစီးဒါရိုက်တာ၊ ၎င်းအပြင် မြန်မာရိုဟင်ဂျာအသင်း အဖွဲ့(မြောက်အမေရိက) တည်ထောင်သူနှင့် ဥက္ကဌလည်း ဖြစ်ပါသည်။ သူ့အား [email protected] ဖြင့် ဆက်သွယ်နိုင်ပါသည်။
Comments