သောင်းထိုက်
မကွေးတိုင်း ကမ္မတွင် ဧပြီ ၁၃ ရက်နေ့ က မွတ်စ်လင်မ်ဆုတောင်းဝတ်ပြုဆောင်ကို ဖျက်ဆီးပြီး အိမ်များကိုလည်း ၀င်ရောက်ဖျက်ဆီးကာ ပစ္စည်းများကို တရားဥပဒေမဲ့ လုယူသွားကြသည်။ အိမ်များကိုရွေးချယ်ဖျက်ဆီးခြင်း၊ ဆုတောင်းဝတ်ပြုဆောင်ကိုဖျက်ဆီးခြင်းဖြစ်၍ ဤအဖြစ်အပျက်သည် ဘာ သာရေး ပြသနာကဲ့သို့ဖြစ်လာသည်။ အမှန်မှာ ဤကိစ္စသည် စီးပွားရေးသမားအချင်းချင်း ပြိုင်ဆိုင်ရာမှာ ကြံ့ဖွံ့အမတ်နှင့် သူ၏ကျောထောက်နောက်ခံ စီးပွားရေးသမားများက ပြည်သူများအား ဘာသာရေးမှိုင်းတိုက်ကာ ကိုယ်ကျိုးစီးပွားရှာခြင်းသာဖြစ်သည်။
ဆိုလိုရင်းကို သုံးသပ်တင်ပြပါမည်။
အွန်လိုင်းတွင် ကော်မန့် ရေးကြသူ အများစုသည် ဖြစ်စဉ်ကို သေချာသဘောပေါက်အောင်ဖတ်ဟန်မတူ။ လူမျိုးအစွဲ၊ ဘာသာရေးအစွဲဖြင့်သာ ရေနစ်သူဝါး ကူထိုးဆိုသကဲ့သို့ အတိုက်ခိုက်ခံရသူများကို အပြစ်တင်ကြသည်။ တိုက်ခိုက်သူများဖက်မှ ၀မ်းသာအားရ အားပေးကြသည်။ သတင်းမီဒီယာပေါက်စများ ကလည်း သတင်းမှားများ လွှင့်ခဲ့ကြသည်။ အချက်အချို့ ကို သေချာပြန်စဉ်းစားကြည့်စေလိုသည်။
– တိုက်ခိုက်ခံရသူအများစုသည် နေရင်းထိုင်ရင်း ပစ္စည်းများလုယက်ခံရခြင်းဖြစ်သည်။ အပြစ်တစုံတရာမလုပ်ဘဲ အကြမ်းဖက်ခံလိုက်ရခြင်းဖြစ်သည်။
– ကိစ္စရပ်တခုခုအပေါ် အခြေအတင်မကျေမလည်ဖြစ်သဖြင့် တဖက်နှင့်တဖက် အပြန်အလှန်တိုက်ခိုက် ခြင်းမဟုတ်။ လူစုလူဝေးဖြင့် မွတ်စလင်မ်ပြည် သူအိမ်များကို တိုက်ခိုက်လုယက်သွားခြင်းဖြစ်သည်။ တိုက်ခိုက်ခံရသူများမှာ ခုခံရန်အနေသာ ကြောက်လန့် သဖြင့် တံခါးများပိတ်ကာ ပုန်းအောင်းနေရ သည်။ ဆိုလိုရင်းမှာ တဖက်သက် တိုက်ခိုက်သွားခြင်းဖြစ်သည်။
ဤဖြစ်စဉ်အား ဥပဒေရှု့ဒေါင့်၊ လူ့ အခွင့်အရေးရှု့ဒေါင့်၊ ဘာသာရေးရှု့ ဒေါင့် မည်သည့်ရှု့ဒေါင့်က ကြည့်ကြည့် တဖက်က တခြားတဖက်ကို တရားသော အကြောင်းပြချက်မရှိ တိုက်ခိုက်ခြင်းဖြစ်သဖြင့် တိုက်ခိုက်သူဖက်က အမှားဖြစ်သည်။ ဓား၊ ပုဆိန် ရဲဒင်း စသည့် လူကိုသေစေနိုင်သည့် လက်နက်များအ သုံးပြုပြီး တိုက်ခိုက်ခဲ့သည့်အတွက် ပိုင်နက်ကျူးလွန်မှု၊ ကြိုတင်ကြံစည်မှု၊ နာကျင်အောင်ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လုယက်မှုစသည့် ရာဇ ဝတ်မှုများမြောက်သည်။ ထို့အပြင် တာဝန်ရှိသူများက အရေးယူဟန့်တားခြင်းမပြုဘဲ လက်ပိုက်ကြည့်နေခြင်းကလည်း အားပေးကူညီမှု မြောက်သည်။
အွန်လိုင်းတွင် ကော်မန့်ရေးသူ မြန်မာပြည်သူ အတော်များများ (အားလုံးမဟုတ်) သည် ဤရာဇ၀တ်မှုကို ရာဇ၀တ်မှုဟုမမြင်နိုင်တော့ဘဲ ဘာသာရေးဟု ပြောလိုက်ယုံဖြင့် ရာဇ၀တ်မှုကျူးလွန်သူများဖက်မှ ရပ်တည်ကြတော့သည်၊ ပွင့်ပွင့်လင်း လင်းထောက်ခံကြတော့သည်။ ဤနေရာတွင်မေးခွန်း မေးစရာ များပေါ်လာသည်။ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသည် ရာဇ၀တ်မှုမှန်းသိလျက် ထိုရာဇ၀တ်မှုများကို “ငါတို့နဲ့ဘာသာမတူသူများခံရလို့ဆိုပြီး ဘာသာ ရေးခေါင်းစဉ် အောက်ဆွဲသွင်းလိုက်ရုံဖြင့် ရာဇဝတ်မှုကို လျစ်လျူရှုလက်ခံပါသလား”။ “အကြမ်းမဖက်ဝါဒ (non-violence) နှင့်ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်၍ အုပ်စုဖြင့် အုံအုံကြွကြွ ဆူပူခြင်း (mob violence) ကို တရားသောဖြေရှင်းနည်းလို့ လက်ခံပါသလား”။
ကမ္မမြို့ အဖြစ်အပျက်ကို သေချာလေ့လာကြည့်လျှင် ကြံ့ဖွံ့လွှတ်တော်အမတ်နှင့် စီးပွားရေးသမားတို့မှ ပြည်သူများအား ဘာသာရေးမှိုင်းတိုက်ကာ ကိုယ်ကျိုးစီးပွားရှာခြင်းဖြစ်ကြောင်း ရှင်းလင်းစွာတွေ့ရသည်။ ဖြစ်စဉ်အကျဉ်းမှာ –
– ကမ္မ-ပြည် စက်လှေလိုင်စင်ကို ကြံ့ ဖွံ့ အမတ် ဦးဝင်းနိုင်က လေလံ ၁၃၅ သိန်းဖြင့် ယခင်းကတည်းက လက်ဝါးကြီးအုပ်ထားသည်။ စီးပွားရေး ပွင့် လင်းလာသည့်အတွက် ၂၀၁၂ ဧပြီလ ဈေးပြိုင် လေလံဆွဲပွဲတွင် အစ္စလာမ်ဘာသာကိုးကွယ်သူ ဦးဌေးလွင်နှင့် ဒေါ်ဝါဝါက လေလံအောင်သွားသဖြင့် ကြံ့ ဖွံ့  အမတ် ဦးဝင်းနိုင်နှင့် သူ၏ ကျောထောက် နောက်ခံ စီးပွားရေးသမားများက ဦးဌေးလွင်နှင့်ဒေါ်ဝါဝါတို့ကို မကျေနပ်ရာမှ ပြသနာစသည်။
– ကြံ့ ဖွံ့ ဦးဝင်းနိုင်အား ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးသမား ဦးဝမ်းသည် ကင်းရွာ-ပြည် ကူးတို့  လိုင်းကို ၂၅ သိန်းဖြင့်လေလံဆွဲ ထားပြီး သတ်မှတ်စည်ပင်နယ်နိမိတ်ကျော်ကာ ကံမ္မ-ပြည် ကူးတို့လိုင်းအနီးနား (မွတ်စလင်မ်ဦးဌေးလွင်တို့၏ ကူးတို့ လိုင်းနယ်နိမိတ်) အထိ နယ်မြေ ကျော် ပြေးဆွဲလျက်ရှိသည်။ ယခု ဘဏ္ဍာရေးနှစ်သစ်တွင် ဦးဌေးလွင်တို့ က စက်လှေကူးတို့  ပြေးဆွဲ တော့မည်ဖြစ်ရာ၊ ဦးဝမ်းတို့ နယ်ကျော်ကူးတို့ဆွဲ နေ မှုရပ်ဆိုင်းရမည့် ရက်ကျော်လွန်သော်လည်း ရက်တိုးတောင်းမှုကြောင့် တိုးပေးခဲ့သည်၊ သို့သော် ထပ်တိုး ရက်ကျော်လွန်သည့် အခါ၊ ကြံ့ဖွံ့ အမတ်ဦး ၀င်းနိုင်က ဦးဌေးလွင်တို့ကို မြို့နယ်အုပ်ချုပ်ရေးရုံးတွင်ခေါ်ကာ ရက်တိုး ပေးရန်ညှိပြန်သည်။ သည်တစ်ကြိမ်တွင် ရက်ညှိရုံမက လေလံကိုပါ လွှဲအပ်ပေး ရန်တောင်းသည်ဟုဆို သည်။ လက်မခံပါက ဘာသာရေးပြသနာ ဖြစ်သွားနိုင်ကြောင်း အမတ်ဦးဝင်းနိုင်က ချိန်းခြောက်သည်ဟု ဆိုသည်။ စည်ပင်ဦးစီး မှူးမှ ဦးဝင်းနိုင်အား ဤသို့လုပ်ပါက ကြံ့ဖွံ့ပါတီသိက္ခာကျနိုင်ကြောင်း၊ ဥပဒေ အတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောသော်လည်းမရပေ။ ထို့ကြောင့် ၎င်းတို့တောင်းဆိုချက်အတိုင်း အနိုင်ရထားသော ကူးတို့လိုင်း လေလံကို ဦးဝမ်းတို့အား လွဲပြောင်းပေးခဲ့ရသည်။ သို့သော် ဈေးနည်းနည်းဖြင့် ရရမည့် လေလံကို ဦးဌေးလွင် ဒေါ်ဝါ၀ါတို့ကြောင့် ငွေကြေးများစွာကုန်ခဲ့ရသည်ဆိုကာ ဦးဝမ်းတို့မှ မကျေနပ်ဖြစ်ခဲ့သည် ဟုဆိုသည်။
ဤအခြေခံပေါ်တွင် ဧပြီလ ၁၃ ရက်နေ့ တွင် ကြံ့ဖွံ့အမတ်ဦးဝင်းနိုင်နှင့် ဦးဝမ်းတို့ ပယောဂဖြင့် မွတ်စလင်မ် ပြည်သူအိမ်တချို့ ကို လူအုပ်က ဖျက်ဆီးလု ယက်ကြသည်။ ခံရသူများက သက်ဆိုင်ရာသို့  အကြောင်းကြားခဲ့သော်လည်း အရေးမယူသည့်အပြင် ကာကွယ်မှု လုံးဝ (လုံးဝ) မပေးပါ။ ထိုသို့ကာကွယ် မှုမပေးသည့်အတွက် မီးစိမ်းပြသည်ဟုမှတ်ယူကာ ကူးတို့ ဆိပ်ကမ်းမှ ဆင်းရဲသား အလုပ်သမားများအပါအ၀င် လူအုပ်စုက ၁၄ ရက်နေ့ နှင့် ၁၅ ရက် နေ့ တွင် နေအိမ်များ၊ ဆိုင်ခန်းများ၊ စက်လှေများကို ဆက်လက်ဖျက်ဆီးခဲ့ကြသည်။ ပစ္စည်းများလုယူသွားကြသည်။
နောက်ပိုင်းတွင် ကြံ့ ဖွံ့ ဦးဝင်းနိုင်နှင့် အပေါင်းအပါတို့ က ဦးဌေးလွင်နှင့် ဆွေမျိုး တော်စပ်သူများထံမှ စီးပွားရေးလိုင်စင်များ ကို သိမ်းယူလိုက်သည်။ ပြသ နာကရှင်းနေသည်၊ ရုတ်ရုတ်သဲသဲ အခြေအနေကိုအသုံးချပြီး ကြံ့ ဖွံ့  ဦးဝင်းနိုင်နှင့် အပေါင်းအပါ စီးပွားရေးသမားများက ဓားပြတိုက်လိုက်ခြင်း (သို့ ) စီး ပွားရေး လက်ဝါးကြီးအုပ်လိုက်ခြင်းပင်။
ဤဖြစ်စဉ်ကိုကြည့်ပါက ကြံ့ ဖွံ့  ဦးဝင်းနိုင်သည်
(က) ကြံ့ဖွံ့ လွှတ်တော်အမတ်ဟူသော အာဏာကိုသုံးကာ အချိန်မရွေး ဘာသာရေး အဓိကရုဏ်းကို ဖန်တီးနိုင်စွမ်းရှိသည် ဟု ယုံကြည်ထားသူဖြစ် ကြောင်း၊ ထိုယြုံကည်ချက်ကို လက်တွေ့ဖန်တီးပြသလိုက်ကြောင်း ပေါ်လွင်သည်။
(ခ) လွှတ်တော်အမတ်တစ်ဦးဖြစ်ပါလျှက် ဥပဒေနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းကို လျစ်လျှူရှု့ပြီး ပုဂ္ဂလိက စီးပွားရေးအတွက် ဥပဒေပြင်ပမှ ဒုစရိုက် ဆန်ဆန်လုပ်ခဲ့သည်။
ဒီမိုကရေစီစနစ်နှင့် ပတ်သက်ပြီး အရေးကြီးသည့်အချက်တစ်ချက် ထောက်ပြပါမည်။
အစိုးရရုံးများသည် တိုင်းပြည်ဘဏ္ဍာဖြင့် လှည်ပတ်နေသည့် ပြည်သူ့ ရုံး (အင်္ဂလိပ်အခေါ် Public Office) ဖြစ်သည်။ နိုင်ငံ အကျိုးစီးပွားနှင့် အများပြည် သူကိစ္စရပ်များအတွက် ထူထောင်ထားခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် အများပြည်သူပိုင်သော အုပ်ချုပ်ရေးနေရာဖြစ်သည်။ ပြည်သူ့ ရုံးအား ပုဂ္ဂိုလ်ရေး ကိစ္စများအတွက်၊ ကိုယ်ကျိုးစီးပွား (သို့ ) ပုဂ္ဂလိက စီးပွားအတွက် အသုံးပြုခွင့်မရှိပေ။ ထိုနည်းတူ အမတ်များ၊ ၀န်ကြီးများနှင့် ၀န်ထမ်းများသည် ရာထူး အာဏာများကို ပုဂ္ဂိုလ်ရေးအတွက်၊ ကိုယ်ကျိုးစီးပွားအတွက်၊ တစုံတယောက်၏ အကျိုးစီးပွားအတွက် အသုံးပြုခွင့် လုံးဝမရှိပေ။ ရုံးနှင့် အာဏာကို ပုဂ္ဂိုလ် ရးအတွက် သုံးပါက နိုင်ငံရေးချစားမှု (Corruption) မြောက်သည်။
ကြံ့ ဖွံ့ ဦးဝင်းနိုင်လုပ်ပုံမှာ မြို့ နယ်ရုံးနှင့် သူ၏ အာဏာကို စီးပွားရေးအတွက် အသုံးချခဲ့ရုံမက ရာဇ၀တ်နည်းလမ်းများပါ သုံးခဲ့သည်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေး ချစားမှုနှင့် Public Accountability (ခေါ်) ပြည်သူလူထု တာဝန်ခံမှုဆိုင်ရာနှင့် ပတ်သက်ပြီး အရေးယူခံထိုက်သည်။
အွန်လိုင်းပေါ်မှပရိသတ်များသည် ဤအခြေခံကိုဖြစ်စဉ်ကိုမြင်လျှက် သဘောထား မှန်မှန်ကန်ကန်ဖြင့် သုံးသပ်သင့်ကြသည်။ ကိုယ်ကျိုးစီးပွားသမားများ ၏ မှိုင်းတိုက်မှုအောက်တွင် ဘာသာရေးအစွဲ လူမျိုးရေးအစွဲ ဖြင့်သာ ပြဿနာရပ်ကိုချဉ်းကပ်ပါမူ၊ သို့မဟုတ် မျက်စေ့မှိတ်၍ မတရားသည့် ဘက်လိုက် အော်ပေးမည်ဆိုလျှင်၊ ထို့ပြင် ပြဿနာတရပ်ရပ်ကို ဖြေရှင်းရာမှာ လူများစုလူအုပ်စုဖြင့် အနိုင်ကျင့်(mob violence) ဖြေရှင်းခြင်းနှင့်သာ ဖြေရှင်းကြမည် ဆိုလျှင် တိုင်းပြည်တွင် တရားဥပဒေ၏ အခန်းကဏ္ဍက ဘာလဲဟု မေးစရာဖြစ် တော့သည်။
တဖန် လူများစု လူအုပ်စုဖြင့် အနိုင်ကျင့်ဖြေရှင်းရေး သဘောထား (Attitude) များကိန်းအောင်း အမြစ်တွယ်နေပါမူ ကောင်းသောလက္ခဏာမဟုတ်ပေ။ အခန့်မသင့်ပါက တိုင်းပြည်တွင်း ကြီးမားသော ပြဿနာ မလွှဲမသွေ ပေါ်ပေါက်လာနိုင်သည်။ ယနေ့လူနည်းစု မွတ်စလင်မ်များအပေါ် အနိုင်ကျင့်တိုက် ခိုက်သည်။ ပြီးလျှင် လူနည်းစု ခရစ်ယာန်များကိုအနိုင်ကျင့်တိုက်ခိုက်မည်။ နှောင်တွင် လူနည်းစု လူမျိုးစုများကိုတိုက်ခိုက်ကြမည်။ မတိုက်ခိုက်ဘူးထား ဦးတော့ ရှေ့ကဖြစ်ခဲ့ဖူးသည့် အတွေ့ အကြုံများကြောင့် သံသယများရှိနေမည်သာ။ ထို့ကြောင့် လူအုပ်ဖြင့်အနိုင်ကျင့်ဖြေရှင်းနည်းသည် တိုင်းပြည် အေး ချမ်းသာယာမှုကို အဟန့်အတားဖြစ်စေသကဲ့သို့ ၊ လူအုပ်ဖြင့်အနိုင်ကျင့်ဖြေရှင်းခြင်းအလေ့အထရှိခဲ့ခြင်း ကြောင့် ဖြစ်ရှိလာသော စိုးရိမ်စိတ် သံသယစိတ် များသည်လည်း တိုင်းပြည်အေးချမ်းသာယာရေး၊ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးကို အဟန့် အတားဖြစ်စေပါသည်။
ထို့ကြောင့် တိုင်းပြည်တိုးတက်စေလိုသည့်စိတ်ရှိသူတိုင်း မည်သည့်မှိုင်းတိုက်မှုအောက်တွင်မပါစေဘဲ တရားဥပဒေ နှင့်အညီ တရားဥပဒေဘောင်အ တွင်းမှ ဆောင်ရွက်စေလိုသော ဆောင်ရွက်တတ်သော စိတ်ထားများ လေ့ကျင့် မွေးမြူနိုင်ရန် လိုအပ်ပါသည်။
(မှတ်ချက် – ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် သုံးသပ်ချက်များသာဖြစ်သည်။)
Comments