ဇန်နဝါရီ ၂၂၊ ၂၀၁၃
M-Media
ရေးသူ- O’Laie Manzu
နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ကောက်ခံမယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အင်္ဂလန်အခြေစိုက် DRS Data Services ကုမ္ပဏီကနေ ဦးဆောင်သွားမယ်လို့သိရပါတယ်။ ဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်တွေမှာလည်း ဆူဒန်၊ မေလဝီ၊ နိုက်ဂျီးရီးယား၊ အီသီယိုပီးယား၊ ကင်မရွန်၊ တန်ဇန်းနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဇန်ဘီယား အစရှိတဲ့ နိုင်ငံတွေရဲ့ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ခံရာမှာလည်း တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ အချို့နိုင်ငံတွေရဲ့ရွေးကောက်ပွဲမှာလည်း သူတို့ ဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေ (၅၅) သန်းနဲ့ သန်း (၇၀) အကြားရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တစ်အိမ်ထောင် ဖောင်ပုံစံ တစ်စောင်နှုန်းနဲ့ကောက်ခံမှာဖြစ်လို့ ဖောင်ပုံစံ အစောင်ရေ ၁၆ သန်းလောက်ကိုလည်း ပုံနှိပ်ထားပါတယ်။ ဒီလောက်များပြားလှတဲ့ဖောင်ပုံစံတွေကို အချိန်တိုအတွင်း စာရင်းပြုစုရာမှာ တိကျမှန်ကန်ဖို့အတွက် အမှတ်အသားတွေကို အလိုအလျှောက် ဖမ်းယူစာရင်းသွင်းနိုင်တဲ့ Optical Mark Recognition (OMR) နည်းပညာနဲ့ လက်ရေးနဲ့ရေးထားတဲ့ စကားလုံးတွေကို ကွန်ပျူတာစကားလုံး အသွင်ပြောင်းပြီး ဖမ်းယူ စာရင်းသွင်းနိုင်တဲ့ Intelligent Character Recognition (ICR) နည်းပညာတွေကို အသုံးပြုပြီး စာရင်းပြုစုမှာဖြစ်ပါတယ်။
OMR နည်းပညာကတော့ နိုင်ငံတော်များများမှာ အကျယ်တဝန်းအသုံးပြုနေကြပြီး အထူးသဖြင့် စာမေးပွဲဖြေရာမှာ အသုံးပြုကြတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အတန်းကျောင်းတွေက “မှား-မှန်” နဲ့ “အမှန်ရွေး” အစရှိတဲ့ မေးခွန်းပုံစံတွေမှာ အသုံးပြုလို့ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဖောင်ပုံစံပေါ်မှာ နံပါတ်အစဉ်အလိုက် သတ်မှတ်ထားပြီး ရွေးချယ်ရမယ့်နေရာတွေမှာတော့ စက်ဝိုင်း သေးသေးလေးတွေ ထားရှိပါတယ်။ ဖြေဆိုသူတွေက မိမိဖြေဆိုလိုတဲ့ အဖြေရဲ့ စက်ဝိုင်းလေးတွေကို ခဲတံနဲ့ စက်ဝိုင်းတစ်ခုလုံး အပြည့် ခဲရောင်ချယ်ကြရပါတယ်။ ဒီလိုခဲရောင်ချယ်ထားတဲ့ အဖြေလွှာစာရွက်တွေကို Scanner လို့ခေါ်တဲ့ ပုံရိပ်ဖမ်းစက်ထဲမှာထည့်ပြီး ခဲသားတွေကို ဖမ်းယူမှတ်တမ်းတင်ပါတယ်။ အဲဒီနောက်မှာတော့ ဥပမာ နံပါတ် (၁) ကို ခဲရောင်ချယ်ထားတာက ဘယ်နှစ်ဦး၊ နံပါတ် (၂) ကို ခဲရောင်ချယ်ထားတာက ဘယ်နှစ်ဦး အစရှိသဖြင့် စာရင်းပြုစုပါတယ်။ ဒီစာရင်းရွက်တွေကို တစ်ရွက်ချင်းစီ စမ်းစစ်နေစရာမလိုဘဲ အဖြေလွှာတွေပေါ်က အချက်အလက်တွေ ကွန်ပြုတာပေါ်မှာ စာရင်းဇယားတွေနဲ့ တကွပေါ်လာမှာဖြစ်ပါတယ်။
ICR နည်းပညာကတော့ OMR စနစ်လိုမျိုးရွေးချယ်ရမယ့် အဖြေတွေကို တသက်မှတ်တည်း သက်မှတ်လို့ မရတဲ့အခါမျိုးမှာ လက်ရေးနဲ့ရေးဖြေခွင့်ပြုပြီး လက်ရေးတွေရဲ့ ပုံရိပ်တွေကို ဖမ်းယူ မှတ်တမ်းတင်တဲ့ စနစ်ဖြစ်ပါတယ်။ အတန်းကျောင်းတွေက “ကွက်လပ်ဖြည့်” ဆိုတဲ့ မေးခွန်ပုံစံမျိုးတွေမှာ အသုံးပြုပါတယ်။ လွန်ခဲ့တဲ့ နှစ်သိပ်မကြာသေးမှီကမှ မြန်မာ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကနေ လက်ရေးနဲ့ရေးထားတဲ့ ဗမာစာ ရဲ့ပုံရိပ်ကိုဖမ်းယူပြီး ကွန်ပြုတာ စကားလုံးအဖြစ် အလိုအလျှောက်ပြောင်းနိုင်တဲ့ Myanmar Intelligent Character Recognition (MICR) နည်းပညာ တစ်ရပ် ပေါ်ထွက်လာဖို့ အတွက် ကြိုးပမ်း လုပ်ဆောင်လာခဲ့ပါတယ်။ ဒီနည်းပညာဟာ လူမျိုးအမည်နေရာမှာ လက်ရှိ သတ်မှတ်ထားပေးတဲ့ ကုတ်နံပါတ်တွေထဲမှာ မပါတဲ့ လူမျိုးအမည်ကို လက်ရေးနဲ့ရေး ထည့်မယ်ဆိုရင်တော့ အဲဒီလို လက်ရေးနဲ့ ရေးထည့်ထားတာတွေကို ICR နည်းပညာကို အသုံးပြုပြီး ကွန်ပြူတာ စကားလုံးတွေ အဖြစ်ပြန်ပြောင်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ OMR နည်းပညာကို အသုံးပြုပြီး စုဆောင်းထားတဲ့ အချက်အလက်တွေနဲ့ ပြန်လည် ပေါင်းစည်းမှာဖြစ်ပါတယ်။ လက်ရေးတွေကို ပုံရိပ်ဖမ်းရတာဖြစ်တဲ့အတွက် ရလဒ်ကတော့ ရာနှုန်းပြည့် မှန်ကန်မှာမဟုတ်ပါဘူး။ အကြမ်းအားဖြင့် အခြားဘာသာတွေမှာ ပျမ်းမျှ ၉၇% နှုန်းလောက် မှန်ကန်မှုရှိတယ်ဆိုပေမယ့် လက်ရေးနဲ့ရေးထားတဲ့ ဗမာ စာလုံးတွေကိုတော့ ဘယ်လောက် ရာခိုင်နှုန်းလောက် မှန်အောင် ဖမ်းယူမှတ်တမ်း တင်နိုင်သလဲဆိုတာကိုတော့ သဲသဲကွဲကွဲမသိရသေးပါဘူး။ အကယ်လို့များ ၃% မှားတယ်ဆိုရင်တောင်မှ လူတစ်သိန်းမှာ (၃၀၀၀) လောက်က စာရင်းလွဲနေလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် လူမျိုးစုစာရင်းမှာ OMR စနစ်အတွက် ကုတ်နံပါတ်တွေမရတဲ့ လူမျိုးတွေအတွက်ကတော့ လက်ရေးနဲ့သာရေးထည့်ရမှာဖြစ်ပြီး စာရင်းမှားနိုင်ချေလည်းပိုများပါလိမ့်မယ်။
ကောက်ခံရရှိထားတဲ့ သန်းခေါင်စာရင်းအဖြေလွှာတွေကို မေ လ ပထမအလောက်မှာ စတင်ပြီး ပုံရိပ်ဖမ်းစက်တွေထဲမှာထည့်ကာ အချက်အလက်တွေကို စုဆောင်းမှာဖြစ်ပြီး သြဂုတ်လ လောက်မှာတော့ ရလဒ်တွေသိရမှာဖြစ်ပါတယ်။
** O’Laie Manzu မှ M-Media သို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
Comments