ဇန်န၀ါရီ ၂၄၊ ၂၀၁၄
M-Media
ပြည့်ပြည့်
မန္တလေး ။ ။ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမျိုးဘာသာမရွေး လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည် နိဗ္ဗာန်ဆော် အသင်းကြီး၏ ၆၂-နှစ်ပြည့်ကို ကြိုဆိုသောအားဖြင့် စာပေဟောပြောပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၃၀-ရက် ညနေ ၆း၀၀-နာရီတွင် မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်၊ ၂၇-လမ်း၊ ၈၂x၈၃လမ်းကြားတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မန္တလေးရဲ့ ငြိမ်းချမ်းရေး အနှစ် စာပေဟောပြောပွဲကို ဆရာ ညီပုလေးက လူတွေထဲက ၀တ္ထုများ၊ ဦးမင်းကိုနိုင်က ဘာသာမခြား ညီညွတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်များဖြင့် ဟောပြောမည် ဖြစ်ပြီး ဦးကျော်သူမှ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ဖျော်ဖြေ တင်ဆက်မှု ပြုလုပ်မည်ဖြစ်ပြီး ၎င်းဟောပြောပွဲမှ ရရှိသော အလှူငွေများကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် လှူဒါန်းသွားမည်ဟု သိရသည်။
မန္တလေး နိဗ္ဗာန်ဆော်အဖွဲ့ကြီးသည် စတင်ဖွဲ့စည်း တင်ထောင်စဉ်မှစ၍ ယခုအချိန်ထိ လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး လေဘေး၊ ရေဘေး၊ မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ ၎င်းပြင် အကျဉ်းထောင်တွင်း သေဆုံးသွားသော အကျဉ်းသားများ၏ နာရေးများကိုလည်း ယခုအချိန်ထိ ကူညီဆောင်ရွက်နေကြောင်းသိရသည်။
“ဟုတ်ကဲ့ အခုက ၆၂-နှစ်ပြည့်မှာပါ။ ၆၃-နှစ်မဟုတ်ပါဘူး။ အဲဒါ print လုပ်တာ နည်းနည်းလွဲသွားလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းကြီးအနေနဲ့ စတင်ဖွဲ့စည်းချိန်မှစပြီး အခုအချိန်ထိ လူမှုကူညီရေးလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်။ နောင်လည်း ဆက်ပြီးလုပ်ဆောင်နေဦးမှာပါ။ အခု စာပေဟောပြောပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာသာလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ကို ရည်ရွယ်ပါတယ်။ ဒါကြောင့် ဟောပြောမယ့် ဆရာတွေကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ ဟောပြောမယ်။ နာရေး ကိုကျော်သူကလည်း ဖျော်ဖြေ တင်ဆက်မှုလုပ်မယ်။ ရတဲ့အလှူငွေတွေကိုလည်း ကျန်းမာရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမှာပါ”ဟု နိဗ္ဗာန်ဆော်အဖွဲ့ကြီး၏ အတွင်းရေးမှူးမှ ပြောသည်။
မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ >> http://www.m-mediagroup.com/news/1922
Comments