ဖေဖော်ဝါရိ ၃၊ ၂၀၁၄
M-Media
ရေးသူ-ဦးဦး မှော်ဆရာ
ဒီမနက် Sky Net က သတင်း တင်ဆက်နေတုန်း သတင်းနဲ့ဘယ်လိုမှ မသက်ဆိုင်တဲ့ ထူးထူးခြားခြား စာသားတစ်ခု အောက်မှာတချိန်လုံး မပြောင်းဘဲပေါ်နေတာတွေ့မိတယ်။ ဒီစာသားကိုမြင်တော့ တကယ် စိတ်ဝင်စားမိလို့ ဦးမှော် အချိန်ကုန်ခံပြီး အမေရိကန် သမ္မတရဲ့ ဒီရက် ပိုင်း ပြောသွားတဲ့မိန့်ခွန်းတွေ၊ မှတ်ချက်တွေကို လိုက်ရှာဖတ်နေတာ.. `RSO´စကားလုံးပါတဲ့ အကြောင်းအရာတခုခုကို ပြောသွားတာတောင် တနေရာမှာမှ မတွေ့ခဲ့ပါဘူး။ ထပ်ပြီးသိရတာက MRTV 4 မှာလည်း ဒီလိုပဲ ပြသွားတယ်လို့ ဆိုတယ်။ ဒါစကားကို အိုဘားမားက မြန်မာ အစိုးရကိုသာ တိုးတိုးလေး ပြောသွားတာဖြစ်ချင် ဖြစ်လိမ့်မယ်၊ ဒါမှ မဟုတ်ရင်တော့ အစိုးရရဲ့ ကျော်ထောက်နောက်ခံရှိတဲ့ မြန်မာ့မီဒီယာ ကြီးက အမေရိကန်သမ္မတ အိုဘားမားရဲ့ နာမည်နဲ့ ဂုဏ်အရှိန်အ၀ါကို အလွဲသုံးစားလုပ်ပြီး သတင်းလိမ် သွားတယ်လို့ စွပ်စွဲရလိမ့်မယ်။
ဘာကြောင့် ခုလို ဗြောင်လိမ်နေတာလဲမေးရင် ကျနော့်အမြင်ကတော့ ရှင်းပါတယ်။ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ အစိုးရနဲ့ရခိုင် အကြမ်းဖက်သမားတွေ ပုံဖေါ်ထားတဲ့ `RSO´ လို့ခေါ်တဲ့ တကယ် အဖြစ်မရှိတော့တဲ့နာမည်တစ်ခုကို ပြည်သူတွေ ခေါင်းထဲ ခပ်ပြင်းပြင်း ရိုက်သွင်းပေးလိုက်တဲ့ သဘောလို့ မြင်ပါတယ်။ အဲဒါ Brainwash ပါ။ မြန်မာနိုင်ငံထဲ ၀င်ရောက်အကြမ်းဖက်ပြီး ရဲတပ်ကြပ်တစ်ယောက်ကို တောင် အစဖျောက်ထားတယ်လို့ တဘက်သတ် သတင်းထုတ်ပြန် စွပ်စွဲမှုထားတဲ့ `RSO´ ဆိုတဲ့အဖွဲ့နဲ့ပက်သက်ပြီး အစိုးရဘက်က ခိုင်မာတဲ့အထောက်အထားတွေ ချပြဖို့မဖြစ်နိုင်တဲ့အတွက် လိမ်မာ ပါးနပ်စွာပဲ မြန်မာစာတမ်းနဲ့ တယ်လီဗီးရှင်းကနေ ဖေါ်ပြလိုက်တဲ့ အခါ လူထုအမြင်မှာ `RSO´ဆိုတာ အမှန်တကယ်ရှိယုံတင်မက ၊ အမေရိကန်လို နိုင်ငံကြီးကတောင် စိုးရိမ်ပူပန်နေရတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း သက်သေပြနေစရာမလိုဘဲ စိတ်ထဲ တေးမှတ် ယုံကြည်သွားစေနိုင်ပါတယ်။ အကောင်ပိုကြီးအောင် ရုပ်လုံး ဖေါ်ပြလိုက်တာပါ။
ဒီရက်ပိုင်း မြန်မာအစိုးရရဲ့ သဘောထားတွေကိုကြည့်ရင် နိုင်ငံတကာ ဖိအားကို လုံးဝ ဂရုမစိုက်ဘူးလို့ အတိအလင်းပြောနေတယ်။ ဒီတော့ သူတို့အတွက် အမှန်တကယ် အရေးပါတယ်လို့ ယူဆရတဲ့ ပြည်တွင်း ထောက်ခံမှုအားနဲ့ပဲ ရိုဟင်ဂျာကိစ္စကို အပြီးဖြေရှင်းဖို့ ကြိုးစားလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့်လဲ ပြည်တွင်းထောက်ခံမှု ခိုင်ခိုင်မာမာ ရစေဖို့ အစိုးရနဲ့ ရခိုင်ပါတီတွေရဲ့ လန်ကြုတ် ဇါတ်လမ်းဆင် ထုတ်ပြန်ချက်တွေ အပြင် ၊ ခုလို မီဒီယာဘက်ကပါ လှိုင်းလုံးကြီးတွေလို ဆင့်ကဲဆင့်ကဲ (Propaganda) ၀ါဒဖြန့်နေခြင်းလို့ မြင်ပါတယ်။
ရိုဟင်ဂျာပြဿနာကို လမ်းမှန်ကမ်းမှန် ဖြေရှင်းမယ်ဆိုရင် ” နိုင်ငံသား အဖြစ်မှ အဓမ္မ ငြင်းပယ်ခံရခြင်း” ဆိုတဲ့ Issue ဆိုတာကို အမှန်အတိုင်း လက်ခံပြီး အဖြေရှာရမှာပါ။ ဒီလိုလက်ခံပြီး မဖြေရှင်းချင်တော့ `ခိုးဝင် လာတဲ့ ဘင်္ဂါလီ´ဆိုတဲ့စကားလုံး သွင်သွင်သုံးပြီး ပြည်သူလူထုအမြင်မှာ “တရားမဝင် နယ်စပ်ဖြတ်ကျော် လူဝင်မှုပြဿနာ” တစ်ခုအဖြစ်မြင်လာ အောင် ထိထိရောက်ရောက် ဝါဒဖြန့်ခဲ့တဲ့အပြင် (၁၉၈၂)ခုနှစ် နိုင်ငံသား ဥပဒေဟာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာအတွက် အရေးကြီး သယောင်ယောင် ၀ါဒဖြန့်ပြီး လူထုထောက်ခံမှုကို အလွယ်တကူ ရယူ နိုင်ခဲ့တယ်။
ခုတခါ ဒီထက်ပိုဆိုးအောင် “The world’s most persecuted people” တွေလို့ တစ်ကမ္ဘာလုံးက လက်ခံထားကြတဲ့ ရိုဟင်ဂျာတွေကို လက်နက် ကိုင် အဖွဲ့အစည်းအဖြစ်ရှိခဲ့ဖူးတဲ့ `RSO´ ဆိုတဲ့ နာမည်နဲ့ ဆက်စပ်ပြီး Terrorist အဖြစ် ပုံဖော်ဖို့ ကြံစည်နေပြီ။ ဒါဟာ ” နိုင်ငံသားအဖြစ်မှ အဓမ္မ ငြင်းပယ်ခံရခြင်း” ဆိုတဲ့ ပြဿနာကို “အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာ” ဆိုတဲ့ Issue အဖြစ် ခေါင်းစဉ်ပြောင်း ဖို့ လုပ်ဆောင်ချက် တစ်ရပ်လို့မြင်ပါတယ်။ ရှေ့လျောက် ရိုဟင်ဂျာတွေ ရဲ့ အခြေအနေ ခုထက်ပိုပြီး စိုးရိမ်စရာကောင်းနေပါပြီ။
ရခိုင်ပြည်နယ်မှ စတင်ခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ တလျောက် လုံးမှာ ရိုဟင်ဂျာတွေ အပါအ၀င် မြန်မာပြည်က မွတ်ဆလင်တွေ အားလုံး ဟာ အဆင့်အတန်း နဲ့ ဂုဏ်သိက္ခာ စိုးစဉ်းမျှ မရှိတဲ့ မြန်မာမီဒီယာတွေရဲ့ သားကောင်ဘ၀ (Media Victims) ရောက်သွားခဲ့ပါတယ်။ သို့သော်လည်း ဒီလို မီဒီယာတွေ ကိုယ်ကျိုးရှာ ၀ါဒမှိုင်းတိုက်မှုရဲ့ နောက်ဆက်တွဲရလဒ် ဆိုးတွေဟာ သားကောင်တွေပေါ်မှာသာ သက်ရောက်မှုရှိတာ မဟုတ်၊ မြန်မာပြည်သူ တစ်ရပ်လုံးအတွက်ပါ ရန်သူမျိုး ၆ ပါးအဖြစ် ထပ်တိုး လာခဲ့ပြီဆိုတာကို တချိန်ချိန်မှာ မြန်မာပြည်သူတွေ သိနိုင်ကာင်းပါရဲ့ ..
ဦးဦး မှော်ဆရာ (၃၁- ၁- ၂၀၁၄)
ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။
Comments