6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
M-Media
ဘာသာပြန်- မြင့်မိုရ်မောင်မောင်

ရိုဟင်ဂျာအများစုအတွက် ပြည်တွင်းမှလွတ်မြောက်ရန်ကိုသာ တစ်ခုတည်းသောအဖြေအဖြစ် မှတ်ယူသူ တိုးတက်များပြားလာသည်။

Rohingyas Crowd IDP Camps In Sittwe After Sectarian Violence
ဓါတ်ပုံ အညွန်း- မြို့ဆင်ခြေဖုံး၌ပင်သွားလာခွင့်မရအောင် ကာဆီးထားသည့် သံဆူးခတ်စည်းရိုးနောက်မှ ရိုဟင်ဂျာအမျိုးသားနှစ်ဦး

စစ်တွေမြို့၊ ဘူမိရပ်ကွက်ဝင်ရောက်ရာ ဆူးကြိုးခတ်အကာအရံကို နေရာချနေသော ရဲတပ်သားမှ စည်းမျဉ်းစည်းကမ်းများကို နှုတ်တိုက်ရွတ်နေပါသည်။ ရိုဟင်ဂျာတို့သည် ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာရန်ကြိုးစားခဲ့သော် ဖမ်းဆီးချုပ်နှောင်၍ နေရပ်သို့ပြန်ပို့မည် ဟူ၍။ အကယ်၍ ရခိုင်လူမျိုးတစ်ဦးကို အလားတူကဲ့သို့ ဆက်ဆံမည်လောဟု မေးလာသည် ရှိလျှင် ထိုသူသည် မအီမသာပြုံးရွှင်၍ ခေါင်းခါရမ်း လိုက်မည်ဖြစ်အံ့။ ဤရပ်ဝန်းမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မြို့တော်၏ မွတ်စ်လင်မ် အများစု နေထိုင်ရာအရပ် တစ်ခုဖြစ်သည်။ သို့သော် မယုံနိုင်စရာကောင်းလောက်အောင် လဟာပြင်အကျဉ်း စခန်းသို့ အသွင်ပြောင်းသွားသည် သာမက လက်နက်ကို င်အစောင့်များသည် ရပ်ကွက်နေများ၏ သွားလာခွင့်ကိုပင် တင်းကြပ်ထားပေသည်။

စစ်တွေမြို့ရှိ ထိုသို့သော ညစ်ပတ် ကျဉ်းကြပ်သည့် ရပ်ဝန်းများမှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှင့် ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းအကြား အကြမ်းဖက်မှုပွင့်အံချိန်မှ စတင်ပြီး အလျှိုလျှို ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်၏။ သူတို့၏လူဦးရေ ပမာဏသည် တစ်စထက် တစ်စ လျော့ပါးလာနေသည်။ ဇန္န၀ါရီလဆန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့တွင် ရခိုင် လူရမ်းကားများနှင့် စစ်သားများမှ ရိုဟင်ဂျာတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း သတင်းသည် တောင်ပိုင်းဒေသသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာရာ ဘူမိရပ်ကွက်သားများ၊ အနီးရှိ လျော့တိလျော့ရဲစောင့်ရှောက်ခံ ဒုက္ခသည် စခန်းမှလူများ အကြား သွေးပျက်ချောက်ခြားစေခဲ့သည်။ ၎င်းအပြင် ကမ်းခြေဖက်နှင့် ပိုမိုနီးကပ်သော စခန်းများသို့ ရွှေပြောင်းအောင် တွန်းပို့သလို ဖြစ်သွားခဲ့သည်။

ရပ်ကွက်အတွင်း ကျန်နေရစ်သူများမှာကား အိမ်တံခါးဝများမှ မျှော်လင့်ချက်ကင်းစွာ ငေးမှိုင်လျက်သော် လည်းကောင်း၊  တစ်စပြင်လိုငြိမ်သက်နေသော လမ်းများပေါ် ဆောက်တည်ရာမဲ့ သွားလာလျက်သော် လည်းကောင်း ရှိနေကြပေသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်တွင် သူတို့သည် မြို့လယ်သို့ ကူးသန်းသွားလာရောင်းဝယ်ဖောက်ကားနိုင်ခဲ့သည်၊ ဆိုင်ခင်းဈေးရောင်းနိုင်ခဲ့ကြသည်၊ ဆရာဝန်ထံ သွားရောက်ဆေးဝါး ကုသနိုင်ကြသည်၊ ကလေးငယ်များကို စာသင်ကျောင်းသို့ ပို့နိုင်ခဲ့ကြသည်။ ယခုအခါတွင်မူ အကန့်အသတ်နှင့်သာ ပြုလုပ်ဆောင်ရွက်ရသော အခြေအနေဖြစ်နေ၏။ ၂ ကီလိုမီတာပတ်လည် ခြေရာခွက် ဘ၀လေးထဲအတွင်း ပိတ်လှောင်ခံထားရပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ၌ ပထမဆုံးပိတ်ဆို့မှု စတင်ချိန်ကပင် ရပ်ကွက် စွန့်ခွာသူများထဲလည်း မပါဝင်၊ အနီးအနားဆိုင် တစ်ဆိုင်တွင် အလုပ်ဝင်နေသော သားဖြစ်သူ၏ မစို့မပို့ လုပ်ခဖြင့် ရပ်တည်နေရသည့် အသက် ၆၅ နှစ်အရွယ် အဗ်ဒုလ် ရဟီးမ်က “ တစ်ချိန်က ကျွန်တော်ဟာ ကြက်ဥရောင်းဖို့ ဈေးကို နေ့စဉ်သွားခဲ့သူပါ။ အခုတော့ တစ်နေကုန် စိတ် မချမ်းသာစွာနဲ့ ထိုင်မှိုင်တွေဝေနေရသူ ဖြစ်နေပါတယ် ” ဟု ပြောဆိုပါသည်။

ဆေးရုံတင်ရန် လိုအပ်လာသောအခါ ရပ်ကွက်သားများက အာဏာပိုင်များထံ ထွက်ခွင့်တောင်းခံရသည်။ သေရေးရှင်ရေး အနေအထားရောက်မှ သာလျှင် ခွင့်ပြုပေးလေ့ရှိကြသည်။ အသက် ၈၇ နှစ်အရွယ်ရှိ ဦးကာစင်သည် သွေးတိုးရောဂါ ခံစားရပြီး ခြေထောက်၌ ရေနာစွဲကပ်နေသော်လည်း ဘူမိရပ်ကွက်ကျောဖက် သဲချောင်းဒုက္ခသည် စခန်းအစွန်ပိုင်းရှိ မွတ်စ်လင်မ်များ ရှိရာဆေးခန်းသို့ပင် သွားရောက်ပြသရန် အခွင့် မသာခဲ့ချေ။

တားဆီးဂိတ်မှ ရဲတပ်သားသည် အနီးသို့ ကပျာကယာလျှောက်လာပြီး – အကယ်၍ ရိုဟင်ဂျာတို့သည် စစ်တွေမြို့တွင်းသို့ ၀င်ပါက ရခိုင်လူမျိုးတို့၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလိမ့်မည်ဟု စိတ်လက်မပါစွာဖြင့် နားချခဲ့လေသည်။

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာတို့သည် မျိုးဆက် အလီလီ မှီတင်းနေထိုင်လာကြသော်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ ဟူသော မခိုင်မာသည့်စွဲချက်ဖြင့် နိုင်ငံတော်၏ တရားဝင်တိုင်းရင်းသား ၁၃၅ အုပ်စုစာရင်း၌ ထည့်သွင်းခြင်း မခံကြရပေ။ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံရသည့် အပြင် ထိမ်းမြားမှု၊ အလုပ်အကိုင်၊ ဆေးဝါးကုသခံယူမှု၊ ပညာရေး နှင့် နိစ္စဓူဝလုပ်ငန်းများအပေါ် ပြင်းထန်စွာ တင်းကြပ်ခံထားရသည်။ ဤလူ့အဖွဲ့အစည်းကို ကုလသမဂ္ဂမှ “အကြွင်းမဲ့ အပစ်ပယ်ခံများ” ဟု ခေါ်ဆိုသတ်မှတ်လိုက်ပြီဖြစ်၏။

နှစ်ဖက်လူ့အဖွဲ့အစည်းအပြန်အလှန် သဟဇာတဖြစ်ရေးကို ပြန်လည်တည်ဆောက်ရန် နိုင်ငံတော် အစိုးရ၏ ဦးဆောင်ကြိုးပမ်းချက် မရှိခြင်းနှင့်အတူ အာဃာတ တရားများမှာလည်း ပိုမိုကြီးမား မာကျောလာလျက် ရှိနေသည်။

ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ  Rakhine Nationalities Development Party (RNDP) ၏ အမာခံအဖွဲ့သားဖြစ်သူ ခိုင်ကျော်မိုးက မိမိ၏ အမျိုးသားများမှာ ကာလရှည် ဒုက္ခခံခဲ့ရသည့် ပါလက်စတိုင်း လူမျိုးများနှင့် မဆီလျော်စွာ နှိုင်းယှဉ်ပြခဲ့သည်။ ရိုဟင်ဂျာများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်း အိမ်ယာတိုးချဲ့ တည်ဆောက်နေသည့် အစ္စရေးများကဲ့သို့ဖြစ်ကြောင်း၊ အကယ်၍ မိမိတို့၏ အာဏာပိုင်က ပျော့ညံ့နေပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ နားလည်မှုမပေးနိုင်ပါလျှင် ရခိုင်ပြည်နယ်သည် အနောက်ဖက်ကမ်းခြေဒေသအလား ရှင်းမရနိုင်သော ပဋိပက္ခများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သူက ဆိုသည်။ ဖယ်ထုတ်ခံရပြီး အကြောက်လွန်နေရှာသည့် ရိုဟင်ဂျာတို့အား အင်အားကောင်းလှသော အစ္စရေးတို့နှင့် နှိုင်းယှဉ်ပြလိုက်ခြင်းက ယုတ္တိမဲ့ ဟာသတစ်ရပ် ဖြစ်သွားပါသည်။ စင်စစ်မှာမူ အငြိုးကြီးစွာ ပုံဖော်မှုသာ ဖြစ်ပါ၏။

ရိုဟင်ဂျာများမှာ အခြား ဘာသာတရားများကို နားလည်မှုပေးနိုင်သည်အထိ ဒုက္ခသည်စခန်းများ အတွင်း၌သာ နေထိုင်သင့်ကြောင်း စစ်တွေမြို့ကျောင်းအုပ် တစ်ဦးက ပြောလေသည် (ရိုဟင်ဂျာများသည် အစ္စလာမ့် အစွန်းရောက် လမ်းစဉ်ဖက် ယိမ်းနေသူများ အဖြစ် ရခိုင်လူမျိုးတို့မှ ယိုးမှတ်ကြောက်ရွံ့နေကြသည်)။ အကယ်၍ မွတ်စ်လင်မ်တို့နှင့် အဆက်အသွယ် ရှိနေသေးကြောင်း သူ့ကျောင်းသားများ၏ မိဘတို့မှ တွေ့မြင် သိရှိသွားသော် သူတို့၏ ကလေးငယ်များအား ကျောင်းမှ ထုတ်ယူသွားမည်ကို အကြီးအကျယ်စိုးရိမ်သဖြင့် ထိုသူသည် မိမိ၏ မွတ်စ်လင်မ် မိတ်ဆွေဟောင်းတို့နှင့် အဆက်အသွယ်ဖြတ်လိုက်ရပါသည်။

ရိုဟင်ဂျာများအဖို့ လူမှုဖယ်ကြဉ်မှု နှင့် ချိုးနှိမ်ခွဲခြားမှုကို ခါးစည်းခံနေကြရသည်။ သဲချောင်းစခန်းတွင် အကာအရံမဲ့ မစင်တွင်းများ၊ မြောင်းများနံဘေးဝယ် ကလေးငယ်များက အ၀တ်မပါဗလာကိုယ်ဖြင့် သွားလာနေကြ၏။ သူတို့၏ ဗိုက်ပူနံကားအသွင်များက အာဟာရချို့တဲ့ခြင်း၏လက္ခဏာကို ထင်ရှားစွာ ပြသနေသည်။ ကူညီကယ်ဆယ်ရေးလုပ်သားများ၊ ဂျာနယ်လစ်များ၊ သံတမန်များသည် တစ်နှစ်ခွဲတာကာလအတွင်း ဒုက္ခသည် စခန်းများသို့  ရောက်ဖူးကြပြီး ဖြစ်သည့် တိုင်အောင် စိုးစဉ်မျှပင် အပြောင်းအလဲ မရှိသေး။ ၎င်းတို့၏ တာပေါ်လင် မိုးကာတဲများသည် ပင်လျှင် လျော့တိလျော့ရဲဖြစ်ကာ တွန့်ကြေဆွေးမြေ့လာပေပြီ။

များမကြာသေးမီက ယင်းအမိုးများအောက်သို့ မိသားစု အချို့သည် ဒုက္ခသည်များ အဖြစ် ရောက်ရှိလာကြသည်။ ရောက်ရှိလာသူများ အနက် အချို့မှာ အကြမ်းဖက်မှုကို တိုက်ရိုက်ခံစားရသည့် သားကောင်များ မဟုတ်ကြ။ ဇန္န၀ါရီလဆန်းပိုင်း မောင်းတောမြို့တွင်ဖြစ်ပျက်ခဲ့သကဲ့သို့ မိမိတို့ခံစားရမှာ စိုးကြောက်နေသူများဖြစ်ကြသည်။ သူတို့အနေနှင့် မလေးရှားသို့သော် လည်းကောင်း၊ အခြားဒေသများသို့သော် လည်းကောင်း ခိုလှုံသူများအဖြစ် ၀င်ရောက်နိုင်ရေးအတွက် ပင်လယ်ပြင်ဖက်ရှေ့ရှုကာ ကိုယ်ပိုင် စွန့်စားခန်း ဖွင့်လှစ်ကြပေတော့မည်။ ဤသည်မှာ ရခိုင်လူမျိုးတို့၏ လိုလားချက်အတိုင်း အကြိုက်ဆောင်ရာ ဖြစ်နေပါတော့သတည်း။

မူရင်းဆောင်းပါး – Burma’s Rohingya Are Now Being Forced to Live in Squalid Ghettos Watched by Guards
ဘာသာပြန် – မြင့်မိုရ်မောင်မောင်
Paula Bronstein / Getty Image

Leave a Reply