ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ- ETZ
အိုင်ဇွာလ်ရှိ လူစည်ကားရာ လမ်းဘေး ဈေးနေရာ တစ်ခုတွင် မြန်မာ့ရိုးရာ အစားအစာကို ချက်ပြုတ်နေသော ချင်းဒုက္ခသည် မိန်းမရွယ်တစ်ဦး (ဓာတ်ပုံ – Flora Bagenal/IRIN)
လက်ရှိနိုင်ငံရေးပြုပြင် ပြောင်းလဲမှုက အရှေ့တောင်အာရှ၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်၏ အခြေအနေကို တိုးတက်အောင် မပြုလုပ်ပေး နိုင်သေးချေ။ သို့သော် အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ချင်းလူမျိုး အများအပြားသည် အသက်မွေးဝမ်းကျောင်း နှင့် ခိုလှုံခွင့်ရရေး အတွက် ဆက်လက် ရှာဖွေနေရသည်။ ၎င်းတို့၏ဘဝမှာ ဥပဒေကြောင်းအရ အကာအကွယ်မရှိဘဲ ရုန်းကန် ရှင်သန်နေရပြီး၊ ဒေသခံ လူ့အဖွဲ့အစည်း၏ တင်းမာမှုတို့ကို ရင်ဆိုင်နေရသည် ဟု ကျွမ်းကျင်သူများက ဆိုသည်။
၁၉၈၈ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုသည် နိုင်ငံသား ထောင်ပေါင်းများစွာကို အသက် ဆုံးရှုံးစေခဲ့သည်သာမက ချင်းပြည်နယ် အပါအဝင် နိုင်ငံ အစိတ်အပိုင်း အတော်များများမှာ စစ်ဇုံအဖြစ် သွတ်သွင်းခံခဲ့ရသည်။ မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသား မျိုးနွယ်စုများနည်းတူ ချင်း လူမျိုးများသည်လည်း ပြင်းထန်ကြမ်းတမ်းသော ဆင်းရဲခြင်း ဒုက္ခ နှင့် စစ်အုပ်ချူပ်ရေး၏ ဒဏ်ကို ခံစားကြရလေသဖြင့် အများအပြားမှာ နိုင်ငံနယ်စပ်နှင့် ၁၄၆၃ ကီလိုမီတာ အရှည်ရှိသည့် နယ်စပ်ကို ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ထိုဒေသတွင် ချင်းလူမျိုး တစ်သိန်း ၀န်းကျင်ခန့် နေထိုင်နေကြသည်ဟု လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်များ၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာက ဆိုပါသည်။
“ ကျွန်တော်က ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ဆန့်ကျင်ဆန္ဒပြ ကျောင်းသား တစ်ယောက်ပါ။ ကျောင်းသားခေါင်းဆောင် တစ်ယောက်က မင်းတို့ ကိုယ့်အသက်ကို ကာကွယ်ချင်ရင်တော့ မီဇိုရမ်ကိုပြေးဆိုလို့ အဲဒီအချိန်တည်းက ကျွန်တော် ဒီကိုရောက်နေတာပါ။ မြန်မာနိုင်ငံကိုပြန်ရင် လုံခြုံမှုရှိမယ်လို့ တစ်ခါမှ မခံစားခဲ့ရတဲ့ အတွက် မပြန်ဖြစ်ခဲ့တာပါ ” ဟု အသက်၄၈ နှစ်အရွယ် ရိုဘီခ ချင်းဂရွန် က ပြောပြခဲ့ပါသည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ အဖွဲ့ HRW ၏ ၂၀၀၉ ခုနှစ်မှတ်တမ်းများအရ လူနည်းစုခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးများစွာမှ တိမ်းရှောင်ထွက်ပြေးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုသည် အဓမ္မဖမ်းဆီးမှု၊ ထိန်းသိမ်းမှု၊ ညှင်းပမ်းနှိပ်စက်မှုများ နှင့် အလုပ်သမားအဖြစ် အင်အား သုံးစေခိုင်းမှုများကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၊ ဒေလီအခြေစိုက် ငြိမ်းချမ်းရေးနှင့်ပဋိပက္ခများ လေ့လာရေးအဖွဲ့ IPCS ၏သုတေသန အဆိုပြုချက်များက ချင်းလူမျိုး အများစုသည် မိမိတို့၏စီးပွားရေး အခွင့်အလမ်း ရှာဖွေရန်အတွက်သာ မီဇိုရမ်သို့ လာရောက်နေထိုင်ခြင်းဖြစ်သည်ဟု ရည်ညွန်းပြောဆိုသော်လည်း၊ အခြားသော အဖွဲ့အစည်းများက ထိုကဲ့သို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံအတွင်း လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ မပြတ်တမ်း ဖိနှိပ်ညှင်းပန်းမှုများ၏ သရုပ်သကန်ဖြစ်သည်ဟု ဆိုကြပေသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ စာရင်းဇယားများအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသပြည်နယ်ဖြစ်ပြီး ၅၀၀,၀၀၀ ခန့် ရှိသည့်လူဦးရေ အနက် အနည်းဆုံး ၇၃% မှာ ဆင်းရဲမှု အခြေပြမျဉ်း၏ အောက်သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားရာ ၂၅% သာလျှင် သာမန် အခြေအနေတွင် နေထိုင်နိုင်ကြောင်း သိရပါသည်။ အစာရေစာ မလောက်ငမှုသည်လည်း ကာလရှည်ပြဿနာ တစ်ရပ်ဖြစ်ပြီး ချင်းပြည်နယ်၏ မြို့နယ် ကိုးခုက ယင်းပြဿနာကို တွေ့ကြုံခံစားနေကြရပါသည်။
အိန္ဒိယနိုင်ငံသို့ ၎င်းတို့ ဝင်ရောက် ခိုလှုံရသည့်အကြောင်းအရင်းကို အသာထားဦး။ ထိုဒေသများတွင်လည်း ၄င်းတို့၏ နေ့စဉ်ဘဝမှာ မကြာခဏ ဆိုသလို စော်ကားမှုများ နှင့် ခွဲခြားဆက်ဆံမှုများကို ခံစားနေကြရသည်ဟု တက်ကြွလှုပ်ရှားသူများ နှင့် ကျွမ်းကျင်သူများက ဆိုပါသည်။
တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် အလုပ်အကိုင်ရှာဖွေခြင်း၌လည်း ဒုက္ခရောက်လျက်ရှိရာ ချင်းလူမျိုးများ အတွက် မိမိတို့ ဌာနီတွင်ကြုံခဲ့ရသော ဆင်းရဲနွမ်းပါးခြင်းကိုသာ နောက်ထပ် မိတ္တူတစ်စုံ လက်ဝယ်ရနေသကဲ့သို့ ဖြစ်နေပါတော့သည်။
ခိုလှုံမှုအရေအတွက် ကျဆင်းလာခြင်း
IPCS အဖွဲ့၏သုတေသနပြုချက်များအရ အိန္ဒိယနယ်စပ်အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော်ခြင်းကို စောင့်ကြပ်လေ့လာမှု မပြုကြကြောင်း၊ ယာယီဝင်ခွင့်ပြုချက်ပြဿနာဖြစ်ပွားမှုပေါ်မူတည်ပြီး မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇွာလ်၌ မြန်မာလူမျိုးများကို ရေတွက် သိရှိရေး စံနစ် တစ်ခုပြုလုပ်ရေး အတွက် မကြာခဏ ဖိအားပေးခဲ့သော်လည်း ရှောင်ကွင်းမှုများရှိနေဆဲပင်ဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုပါသည်။
ဒေလီအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့( UNHCR)၏ လက်ထောက်တာဝန်ခံ ဟန်စ် ဖရက်ဒရစ် စကော့ဒါ က “ ဒေလီမြို့တွင် ချင်းနိုင်ငံရေးခိုလှုံခွင့်တောင်းသူများမှ UNHCR သို့ လျှောက်ထားမှုအရေအတွက်မှာ ယခင်နှစ်များထက် သိသိသာသာလျော့ကျသွားသည် ”
ဟုမှတ်ချက်ပေးခဲ့သည်။ သို့သော် မီဇိုရမ် နယ်စပ်လုံခြုံရေး အာဏာပိုင်များ၏ပြောပြချက်အရ ချင်းပြည်နယ်မှ မီဇိုရမ်သို့ ဝင်ရောက်နေသော လူဦးရေပမာဏမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး ရောက်ရှိလာသူအများစုမှာ အလုပ်အကိုင်ရှာဖွေရန် အတွက် ရွှေ့ပြောင်း ၀င်ရောက်လာခြင်းဖြစ်သည် ဟုဆိုပါသည်။
လောင်းရိပ်များအောက်မှ ရုန်းထရှင်သန်ခြင်း
ချင်းဂရွန် သည် အိုင်ဇွာလ်မြို့တွင်နေထိုင်ပြီး ဇနီးနှင့် သားသမီးသုံးယောက်ကို လမ်းဘေးတွင် ဈေးရောင်း၍ ရှာဖွေကျွေးမွေးနေရသူဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့သော နှစ်နှစ်ဆယ်ကာလအတွင်း တည်မြဲဖူလုံသော အလုပ်ကိုတခါမှ မရခဲ့ပါ။ “ အလုပ်ရှင်တွေက ကျွန်တော် မြန်မာနိုင်ငံလာတဲ့ လူမှန်း သိတာနဲ့ အလုပ်ဖြုတ်ပစ်ကြတယ် ” ဟု သူက ပြောပြပါသည်။ မိမိမိသားစုဝမ်းရေး အတွက် မစို့မပို့ငွေကြေး ရရှိအောင် ၎င်း၏ လမ်းဘေးဈေးသည် ဘ၀ဖြင့် နေ့စဉ် လှုပ်ရှားရုန်းကန် ဖြေရှင်းနေရပေသည်။
အိန္ဒိယနိုင်ငံ၊ ဒေလီအခြေစိုက် လူ့အခွင့်အရေး ဥပဒေပြုမှုကွန်ယက်၏ ၂၀၀၅ ခုနှစ်သုတေသန စာတမ်းပါတွေ့ရှိချက်များအရ မီဇိုရမ်ရှိ ချင်းလူမျိုး အများစုသည် အိမ်ဖော်၊ လမ်းဖောက်လုပ်သား၊ စိုက်ပျိုးရေး အလုပ်အကိုင်များ၌ အောက်ဈေးဝင် လုပ်သားများအဖြစ် အဆုံးသတ်နေရသည်။
သစ်တောများ၌ သစ်ဖြတ်ခြင်း၊ ဟင်းရွက်ရောင်း လမ်းဘေးပျံကျဈေးသည်များ၊ လမ်းသန့်ရှင်းရေး လုပ်သားများနှင့် အချို့မှာ တောတွင်းဝင်၍ သစ်ဥသစ်ဖုများ ရှာဖွေခြင်းဖြင့် အသက်မွေးနေရခြင်းလည်း အပါအဝင် ဖြစ်ကြောင်းဟု သိရသည်။
အသက် ၂၀ အရွယ် ချင်းအမျိုးသမီးလေး ဒီဒင်းမ် သည် ၂၀၀၇ ခုနှစ်တွင် မီဇိုရမ်သို့လာရောက်ခဲ့ပြီး မီဇိုတိုင်းရင်းသားမျိုးနွယ်တစ်စု၏အိမ်တွင် အိမ်စေအဖြစ် အလုပ်ရခဲ့ပါသည်။ မီဇိုရမ်ရှိ အခြားသော ချင်းလူမျိုး အိမ်အကူလုပ်သားများကဲ့သို့ပင် သူမသည် တစ်ပတ်လျှင် ၇ ရက်လုံး ချက်ပြုတ်ရေးနှင့် သန့်ရှင်းရေးကို လုပ်ဆောင်ပြီး ကျဉ်းမြောင်းလှသော အခန်းငယ်လေးအတွင်း၌ အိပ်စက်ရပါသည်။ ရက်သတ္တတစ်ပတ်တွင် တနင်္ဂနွေတစ်ရက်သာ ဘုရားကျောင်းတက်ရန်အတွက် အိမ်အပြင်ထွက်ခွင့်ရပါသည်။ ရံဖန်ရံခါ အိမ်ရှင်မိသားစုဝင်များက လုပ်အားခငွေကို မပေးခြင်းသော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်စော်ကားမှုများသော်လည်းကောင်း ရှိသည်ဟု ဒီဒင်းမ် က သူမ၏အတွေ့အကြုံကို ပြောပြခဲ့ပါသည်။ “ ရဲကိုသွားတိုင်ရင်လဲ သူတို့က ကိုယ်ချင်းစာစိတ် မရှိကြဘူး ” ဟု သူမက ဆိုသည်။ အိန္ဒိယတွင် တရားဝင်နေထိုင်ခွင့် မရှိသဖြင့် အာဏာပိုင်များမှတွေ့ရှိသော် မြန်မာပြည်သို့ ပြန်ပို့ လိုက်မည်ကိုလည်း ချင်းလူမျိုးအများစုက စိုးရိမ်နေကြသည်။
အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့များသမဂ္ဂကလည်း “ ချင်းအမျိုးသမီးတွေဟာ အာဏာပိုင်တွေဆီမှာ အကူအညီတောင်းခံလိုခြင်း လုံးဝမရှိသလောက်ပါပဲ ” ဟူ၍ ၂၀၁၁ ခုနှစ်အစီရင်ခံစာတွင် မှတ်တမ်းတင်ခဲ့သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် လှုပ်ရှားဆောင်ရွက်နေသော အသင်းတစ်ခုဖြစ်သည့် ချင်းပြည်နယ်အမျိုးသမီးများအဖွဲ့ချူပ်၏ ဥက္ကဌဖြစ်သူ ဇိုဆန်ဘွီး ကသူမသည် ချင်းလူမျိုး အိမ်ဖော်များ နှင့် မီဇို အလုပ်ရှင်များကြား အငြင်းပွားမှုကို ပုံမှန်ကြားဝင်စေ့စပ်ပေးနေရကြောင်းကို “ ကျွန်မတို့ဟာ လုပ်အားခနဲ့ အလုပ်ချိန်ပြဿနာတွေကို ဆွေးနွေးဖြေရှင်းပေးရပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးအများစုက ရဲကိုတိုင်ပြီး ဖြေရှင်းတာမျိုး မဖြစ်ချင်ကြဘူးလေ ” ဟု ပြောသွားပါသည်။
သစ်တောများ သို့မဟုတ် စက်ရုံများရှိ လုပ်သားများအဖို့ ထိခိုက်ဒဏ်ရာရသွားပါက ဝင်ငွေရပ်ဆိုင်းသွားရ၏။ အသက် ၁၉နှစ် အရွယ် ဇီ က သစ်တောထဲမှ လေးပင်သည့်သစ်လုံးကြီးတွေကိုသယ်ထုတ်ရသော သူမ၏အကိုဖြစ်သူသည် ခါးဒဏ်ရာရခဲ့သော်လည်း အလုပ်ရှင်က သူမ၏မိသားစုအား လျော်ကြေးငွေပေးခြင်း မရှိကြောင်း IRIN ထံပြောပြခဲ့သည်မှာ – “ ကျွန်မအစ်ကိုက သူ့အတွက် အလုပ်ဆက်မလုပ်ပေးနိုင်တော့လို့ လုပ်အားခတွေကို ကျွန်မတို့ တောင်းခွင့်မရှိတော့ဘူး လို့ဆိုပြီး သူဋ္ဌေးက လုပ်ခလစာများကို ထုတ်မပေးခဲ့ဘူးလေ ” ဟူ၍ ဖြစ်ပါသည်။
တရားဝင်နေထိုင်ခွင့်ဖြင့် ရှောင်နေသူများ
မီဇိုရမ်ရှိ အချို့သောချင်းများသည် နယ်စပ်ဂိတ်ကပေးသည့် တံဆိပ်တုံးပါတစ်လတာနေထိုင်ခွင့်လက်မှတ် ရရှိသော်လည်း အများစုသည် အချိန်သတ်မှတ်မှုကို လျစ်လျူရှုပြီး တာဝန်ရှိသူများနှင့်မဆုံအောင် ရှောင်ရှားကြပါသည်။ ၎င်းတို့ကို IPCS သုတေသီများက “တရားဝင်နေထိုင်ခွင့်ဖြင့် ရှောင်နေသူများ” ဟု ခေါ်ဆိုကြသည်။
အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ အစိုးရ မဟုတ်သောအဖွဲ့အစည်း၏အဆိုအရ “ အိန္ဒိယနိုင်ငံသည် မြန်မာ ဒုက္ခသည်များရှိနေကြခြင်းကို ယေဘူယျအားဖြင့် လိုက်လျောထားပါသည်။ သို့သော် အလုပ်သမားများကို တရားဝင် အကာအကွယ် မပေးကြသည့်အပြင် ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း နှင့် မောင်းထုတ် ဖယ်ရှားခြင်းထဲမှာ ပစ်ထားကြပါသည် ” ဟု ဆိုထားသည်။
နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားလိုသူများသည်လည်း ၂၂၀၀ ကီလိုမီတာအထိ ကွာဝေးသော ဒေလီမြို့ရှိ UNHCR ရုံးသို့ သွားရောက်ကြရသည်။ ၂၀၁၃ ခုနှစ်အတွက် ဒုက္ခသည်များအဖြစ် မှတ်ပုံတင်ထားသော ချင်းလူမျိုးပေါင်း ၇၀၀၀ ခန့် ရှိသည်ဟု UNHCR က ဆိုသည်။
ဆက်ဆံရေးတင်းမာမှုသည် ဆူပူမှုကိုဖြစ်စေ
ချင်းလူမျိုးးများ နှင့် မီဇို လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးတင်းမာမှုသည် ယမန်နှစ်က မြင့်တက်လာခဲ့ပြီး တခါတရံတွင် ဆူပူသောင်းကျန်းသည် အထိ ဖြစ်ပွားရာ အိန္ဒိယရှိ ချင်းလူမျိုးတို့ကို ဆက်လက်ရပ်တည်ရန် မသေချာမရေရာသော အနေအထားသို့ တွန်းပို့လိုက်သလို ဖြစ်နေပေသည်။ “
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရပြီ၊ ကျွန်တော်တို့ ပြန်သင့်ပြီလို့ လူတွေက ထင်မြင်ယူဆတာကြောင့် ပြည်တော်ပြန်ဖို့ ကျွန်တော်တို့ ဖိအားပေးခံနေရပါတယ် ” ဟု ဒေလီရှိ ချင်းဒုက္ခသည်များကော်မတီ NGO အဖွဲ့ဥက္ကဌ ဒေးဗစ် ငွန်လျန်း က ပြောပြခဲ့ပါသည်။
အိုင်ဇွာရှိ မီဇိုများက မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲလာသည်ဆိုသော ရေပန်းစားသည့် အမြင်သစ်ကြောင့် ရွှေ့ပြောင်းလာသူ ချင်းလူမျိုးများ အိမ်ပြန်ရန်သင့်ပြီဖြစ်ကြောင်း ပြတ်သားစွာ ပြောဆိုမှုများထွက်ပေါ်လာခဲ့ပါသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၂၉ရက်နေ့တွင် မြန်မာနယ်စပ်နှင့် ၄ ကီလိုမီတာအကွာရှိ ချင်းလူမျိုးတို့၏ ဆိုက်ဟွမ်ဖိုင်းရွာကို လူတစ်စုမှ အကြမ်းဖက်မီးရှို့ခဲ့ရာ နေအိမ် ၅၀ခန့်ပျက်စီး၍ လူ ၂၀၀ ခန့်ထွက်ပြေးခဲ့ရပါသည်။
ဒေသတွင်းမီဒီယာသတင်းများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏အဆိုအရ အစိုးရအနေဖြင့် ရွာထဲရှိချင်းများကို နှင်ထုတ်မှုအားရပ်တန့်ရန် တရားရုံးတစ်ခု၏ အမိန့်ချမှတ်မှုက အကြမ်းဖက်မှုကို ဖြစ်ပေါ်လာစေသည်။ မျက်မြင်သက်သေများနှင့် သတင်းများကလည်း ကပ်လျက်ရှိနေသော
မီဇိုရွာ၏ဒေသခံများက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာဆိုနေပါသည်။
“ မီဇိုရမ်ကလူတွေဟာ ကျွန်တော်တို့အပေါ် မလိုမုန်းထားဖြစ်နေကြတယ်။ သူတို့က ဒုက္ခသည်တွေ လွှမ်းမိုးလာမှာကို မလိုလားကြဘူး။ ကျွန်တော်တို့ကိုလည်း ထွက်သွားစေချင်ကြတယ် ” ဟု ဆိုက်ဟွမ်ဖိုင်းရွာ၏ သင်းအုပ်ဆရာ အသက် ၅၄နှစ် အရွယ် စာတင်ခါးမား ကပြောပြခဲ့ပါသည်။
“ ဒေသတွင်းထဲမှာ မြန်မာနိုင်ငံကရွေ့ပြောင်းလာသူတွေက လူဦးရေရဲ့ ၁၀% လောက် ရှိနေပြီး နိုင်ငံရေးအရ လွမ်းမိုးသွားမှာကို မီဇိုတွေက စိုးရိမ်နေကြတယ်။ ဒီအကြောင်းက စိုးရိမ်ခံစားစိတ်ကို ပွင့်ထွက်လာစေတာဖြစ်တယ် ” ဟု IPCS အစီရင်ခံစာ တွဲဖက်ရေးသားသူ မီရ်ဇာ ဇူလ်ဖီကုရ် ရဟ်မာန်းက ဆိုသည်။ “ ဆက်ဆံရေးတင်းမာခြင်းက ဆူပူအကြမ်းဖက်ခြင်းကို ဖြစ်ပွားစေနိုင်တယ်။ ဒေသခံခေါင်းဆောင်နဲ့နိုင်ငံရေးသမားတွေက သူတို့ရဲ့ ဒုစရိုက်လုပ်ရပ်တွေအတွက် ရွှေ့ပြောင်းလာသူများကို ဓားစာခံအဖြစ် အသုံးချနေတာဖြစ်တယ် ” ဟု ဆိုပြီး ချင်းလူမျိုးများမှာ မီဇိုရမ်၌ တရားမ၀င် အရက်ချက်လုပ်သူ နှင့် မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူများဖြစ်သည် ဟူသည့် စွပ်စွဲထားချက်ကို ထောက်ပြထားပါသည်။ ချင်းလူမျိုးများ၏အဆိုအရ ၎င်းးတို့သည် နေ့တဓူဝ ပင်ပန်းစွာလုပ်ကိုင်ရသော်လည်း ဖိနှိပ်စော်ကားမှုများမြင့်မားလာခြင်း၊ စာသင်ကျောင်းတွင် ကလေး သူငယ်များအား ရန်ရှာခြင်း၊ ကုန်သည်များအား ဈေးအတွင်း ရောင်းဝယ်ဖောက်ကားမှုကိုပိတ်ပင်ခြင်းတို့ရှိနေကြာင်း သိရသည်။
အိန္ဒိယရောက် ချင်းလူမျိုးများအား ဆန့်ကျင်ရေးစကားဆိုနေခဲ့သော မီဇိုကျောင်းသားများ အသင်း ဥက္ကဌ လဲဟ်မက်ချွမ်း က ဒုက္ခသည်များအား မြန်မာပြည်သို့ပြန်ရန် ဖိအားပေးခြင်းကို ငြင်းဆိုသော်လည်း “ ဒုက္ခသည်တော်တော် များများဟာ မှောင်ခိုကုန်ကူးမှုများမှာ ပါဝင်နေကြပါတယ်။
ထိုအရာများကိုကောင်းစွာကိုင်တွယ်နိုင်ဖို့ ဥပဒေများကိုရေးဆွဲပြဋ္ဌာန်းပြီး နယ်စပ်ကိုလည်း အကောင်းဆုံးကိုင်တွယ်ထိန်းချူပ်သင့်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။
အိုင်ဇွာလ်ခရိုင်ရဲမင်းကြီး အယ်လ် အာ ဒင်းလျာနာ ဆိုင်လို L.R. Dingliana Sailo ကတော့ “ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြားက မီဇိုရမ်နယ်စပ်တလျှောက် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမြင့်တက်လာခြင်းအတွက် နယ်ခံများ နဲ့ ရွှေ့ပြောင်းလာသူများ နှစ်ဖက်စလုံး တာဝန် မကင်းပါဘူး။ ဒုက္ခသည်များရော ဒေသခံများပါ တရားမဝင်အလုပ်တွေကို စိတ်မ၀င်စား မချဉ်းကပ်နိုင်အောင် ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ် ” ဟု ဆိုပါသည်။
ဒဏ်ရာကုစားနေရသော လူ့အစုအဝေး
ဆိုက်ဟွမ်ဖိုင်းရွာတွင် ဧပြီလဆူပူမှုပြီးကတည်းက ချာ့ခ်ျဘုရားကျောင်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် မီဇိုနှင့်ချင်းများအကြား ၎င်းတို့၏တူညီသော မျိုးရိုးနွယ်စဉ်ဆင်းသက်မှုကို ပြန်လည်ဖော်ဆောင်ပေးပြီး ချစ်ကြည်ရေးရရန် ကြိုးပမ်းနေပါသည်။ မီဇိုရမ် နှင့် ချင်းပြည်နယ်တို့မှာ
ကိုလိုနီခေတ်မတိုင်မီတစ်ချိန်က ချင်းတောင်တန်းဒေသ Chin Land ဟူသောအမည်ဖြင့် စုဖွဲ့တည်ရှိခဲ့သောနယ်မြေဖြစ်ခဲ့ပြီး၊ ၎င်းနှစ်ဖက်မျိုးနွယ်ဝင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။
“ သိမ်မွေ့တဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ် ” ဟု မီဇိုရမ်ရှိ ချင်းလူ့အခွင့်အရေးဆိုင်ရာအဖွဲ့ ဒါရိုက်တာ တီရာသန့်လွမ် ကပြောကြားခဲ့ပါသည်။ ယင်းအဖွဲ့သည် ပြည်တွင်းသတင်းစာများ၌ ချင်းလူမျိုးများဖက်မှ အကောင်းမြင်ဇောင်းပေးသည့် ပင်တိုင်ဆောင်းပါးတစ်ကန့်အား ပုံမှန်ဖော်ပြလျက်ရှိသည်။
ချင်းနှင့်မီဇိုရမ် ကျောင်းသားများတွေ့ဆုံဆွေးနွေးပွဲများက စည်းလုံးညီညွတ်မှုကို ပိုမိုဖြစ်ပေါ်လာစေသော်လည်း ထိရှလွယ်သော ငြိမ်းချမ်းရေးအခြေအနေများအတွက် အချို့က စိုးရိမ်နေဆဲဖြစ်၏။
“ ဒီအခြေအနေဟာ အချိန်မရွေး ပြဿနာထဖြစ်နိုင်စေတဲ့ မီးပွားလိုပါပဲ ” ဟု၍ သန့်လွမ် ကပြောကြားခဲ့ပါသည်။
Women News Network တွင် ဖော်ပြခဲ့သည့် “Ethnic indigenous Chin christians afraid to return home” ဆောင်းပါးကို ETZ (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
Comments