ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
M-Media
– အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့သည့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းနှင့် ယမန်နေ့က စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဟု သိရသည်။
ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းမှ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် ၀ိန်းရူနီမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် ရူနီမှာ ဘောလုံးလောကမှ အနားယူ သွားပါက မန်ယူအသင်း၏ သံတမန်လည်း ဖြစ်လာမည်ဖြစ်သည်။
စာချုပ်သစ်ကြောင့် ရူနီ၏ တစ်နှစ်လုပ်ခမှာ ပေါင် ၁၅ သန်းရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာကာ၊ ခရစ္စ တီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့၏ လုပ်ခများထက်လည်း ပိုမိုများပြားသည်။ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရူနီက “နွေရာသီမှာ ကောလဟလ တွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မိုယက်စ် အသင်းကိုရောက်လာတဲ့အခါ ကျွန်တော် တော်တော်ကျေနပ်မိပါတယ်။ သူနဲ့ကျွန်တော်ဟာ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး၊ သူကလည်း ကျွန်တော်အပေါ် ယုံကြည်မှု တော်တော်လေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် မန်ယူအသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ မိမိ၏ ကစားသမားဘ၀ အချိန်တော်တော်များများကို မန်ယူအသင်းတွင် ကစားခဲ့ကြောင်း၊ ယခုအချိန်တွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်း၊ အလုပ်တွင် အာရုံစူးစိုက်၍ ရှေ့သို့ ဆက်လျှောက်သွားမည် ဖြစ်ကြောင်း ရူနီက ထည့်သွင်းပြောကြားခဲ့သည်။
ရူနီအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းတွက် ပျော်ရွှင်မိသည်ဟု နည်းပြ မိုယက်စ်က ပြောကြားခဲ့ပြီး ရူနီကိုလည်း ချီးကျုးခဲ့သည်။ ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းမှ ရူနီအား ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ငြင်းပယ်ခဲ့သည်။
Ref : Dailymail
Leave a Reply
You must be logged in to post a comment.