ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
M-Media
ရေးသားသူ- မျိုးမြင့်ချို
အခွန်ဖြစ်သွားတဲ့ပြန်အမ်းငွေ အမေရိကန်မှာ နှစ်တနှစ်ရဲ့ဆန်းစဦးလတွေဟာ ဝင်ငွေနည်းပြီးမိသားစုကြီးသူတွေ ပြုံးပြုံးကြည်ကြည် ရှိသလို လက်ထဲငွေယားလေးများလည်း ရွှင်တော့ ဝယ်ကြချမ်ြး့ စားကြသောက်ကြ ပြည်တွင်းပြည်ပခရီးတွေ ထွက်ကြနဲ့မို့ စည်စည်ကားကား ရှိလှတယ်။ ဆပ်စရာရှိတာအပြီး ထိုးဆပ် အကြွေးပြတ်ပြီမို့ လကုန်ရက်ဝေဒနာက လွတ်မြောက်ရတဲ့ ပီတိ တဝေဝေနဲ့ပါ။ ကြွေးပူ အရင်သတ် နောင်နှစ် ဒီအချိန်ဆို ကြွေးကင်းပြီဆိုကာ ကြိုပျော်နေနှင့် သူတွေလည်း ဒုနဲ့ဒေးနဲ့ပါ။ ဒီမှာ ကြွေးကင်းသူဆိုတာ ဘုရားချေးလို့ဆိုရမယ်ထင်တယ်။
စနစ်ကိုက အကြွေးနဲ့ လှည့်နေရတာ မဟုတ်လား။ တကယ့် ငွေသားထက် ကဒ်ပြားပေါ်က နံပတ်တွေ ကိန်းဂဏန်းတွေနဲ့ လည်ပတ်နေရတာ မဟုတ်လား။ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးတင် ကျွန်ဖြစ်သဘောက လန့်စရာပဲ မဟုတ်လား။ ရှင်ဘုရင့်ကြွေးသာ ကိုယ်ဆပ်ရပေမယ့် ကိုယ့်ကြွေးကြ ရှင်ဘုရင်က ဆပ်ရိုးလည်း မရှိဘူးလည်း မဟုတ်လား။ အစိုးရကိုယ်၌က တိုင်းပြည်ကို အကြွေးနဲ့ အငှားချနေရတာ မဟုတ်လား။ တိုင်းပြည်ကို အခွန်ထမ်းပြည်သူတွေ ပခုံးနဲ့ ထမ်းပိုးထားရတာ မဟုတ်လား။ ဒါ့ကြောင့် အခွန်ဒဏ်ပိနေတဲ့ အခွန်ထမ်းပြည်သူတွေ အတွက် အသက်ရှူပေါက်အဖြစ် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ အခွန်အမ်း စနစ်လည်းထားရတာ မဟုတ်လား။ အခွန်အမ်းစနစ်အပေါ် ဘဝနဲ့ ဝင်ငွေပေါ်တည်ပြီး အဆိုး/အကောင်းအမြင်တွေတော့ ကွဲကြမှာပါ။ အခွန်အမ်း ပုံစံအကြောင်းပြောကြမယ်ဆို အမေရိကန်စီးပွားလူမှု စနစ်ကြီးတခုလုံးအကြောင်း နှိုက်နှိုက်ချွတ်ချွတ်နဲ့ စနစ်တကျပြောမှရမှာမို့ ကျင်လည်သူတို့အရာလို ချန်ထားပါရစေ။ အခွန်အမ်းစနစ်ကြောင့် ဖြစ်တဲ့ ခံစားမှုနဲ့အတွေးတော့ ကွက်ပြောလို့ရမယ်ထင်လို့ ပြောပါတယ်။
ဒီမှာ တရားဝင်ဆို ဘယ်လောက်ဖိုး ဘာဝယ်ဝယ် ဘာရောင်းရောင်း အခွန်ဆောင်ရပါတယ်။ ဆိုင်တွေမှာစားရင် စားခွန်က သာမန်ခွန် ထက်ပိုပါတယ်။ ဒေသ၊ ပြည်နယ်နဲ့ ဗဟိုအစိုးရဆိုပြီး (၃)ထပ် ကွမ်းခွန်ပေးနေရတာပါ။ အခွန်ထမ်း အခွန်ဆောင်စနစ်က လက်ပေါက် စိတ်သလောက် ရှောင်ဖို့ ခက်တယ်ဆိုပေမယ့် ဆီလို အပေါက်ရှာပြီး အခွန်ရှောင်နိုင်တဲ့ လူလတ်တန်းစားနဲ့အထက်လွှာ လူစွမ်းလူနပ်တွေလည်း အများသားပါ။ ဆင်းရဲသားက အခွန်ရှောင်ဖို့ထက် အခွန်ပြန်အမ်းငွေအပေါ် မက်မောစိတ်လေးနဲ့ တစ်ပြားပိုရလည်း တစ်ပြားဖိုး ပို ပြုံးရတဲ့ဘဝတွေပါ။ အခွန်ပြန်အမ်းတာကို အရပ်ပြောပြောရရင် တနှစ်လုံး ခင်ဗျားဆောင်ခဲ့တဲ့ အခွန်ငွေကို ခင်ဗျားကိုပြန်ပေးတာပါ။
မိသားစုဝင်ငွေထွက်ငွေ သိပ်ကြီး တဘက်စောင်းနင်းဖြစ်လို့၊ အခွန်ဒဏ်က ခင်ဗျားဘဝကို သိပ်ပိလွန်းသွားတယ်လို့ အခွန်တွက်စနစ်ကပြပါမှ နည်းနည်းပါးပါး အပိုလေး ဆောင်းပေးတာပါ။ မြေ သိပ်နိမ့်လွန်းလို့ ချိုင့်ရုံလောက်ကျန်အောင် တနှစ်ခံစာလမ်းပြင်တဲ့ သဘောပါ။ မြေအပြီး ညှိတာ မဟုတ်သလို ဆင်းရဲချမ်းသာဇတုတ်တိုက်တာလည်း မဟုတ်ပါ။ တရားလွန်နိမ့်ရင် လှံအစိုက်ခံရသူတွေ ဘက်က ဘာဖြစ်လာမှာ အိမ်ဖြူတော် ဝေါလ်စထရိနဲ့ ကွန်ဂရက်စ်က သိပါတယ်။ နောက်တချက်က အမေရိကန်ဟာ စားသုံးသူဗဟိုပြုစီးပွားရေးပါ။ ပြည်တွင်းစားသုံးမှု အလွန်ကြီးတဲ့ပြည်ပါ။ မကြီးကြီးအောင်လည်း နည်းပညာ ငွေကြေး ဘဏ်စနစ်စတဲ့ဘက်ပေါင်းစုံနဲ့ လှည့်ချုပ်ထားတာပါ။ လူတွေ ပိုက်ဆံမသုံး သုံးအောင် လုပ်ပေးထားတဲ့စနစ်ပါ။ မသုံးမနေရ အမိန့် ထုတ်မထားပေမယ့် မသုံးရ မနေနိုင်အောင် ချူဆီသွင်းပေးထားတာပါ။ ဘဏ်မှာ တစ်ဦးချင်းငွေစုတာမျိုး၊ ရှိတာလေး ကျစ်ကျစ်ပါအောင် ဆုပ်တာထာမျိုးထက် သုံးရင်သုံး မသုံးရင် လက်နိုင်ခြေနိုင်ကနေ ကြီးနိုင်သမျှကြီးကြီးအထိ စီးပွားရေးလုပ်ငန်း လုပ်စေ့ချင်တာပါ။ လုပ်ဖို့လည်း သူ့အထွာနဲ့သူတွေ အတွက်ဖွင့်ပေးထားတာပါ။
လူတွေကို ငွေစုစေချင်/ငွေချေးစေချင်တဲ့ အခါ ဘဏ်တိုးနှုန်း အတင်အချ လုပ်ပြီး ဗဟိုဘဏ်ငွေကြေး ပေါ်လစီ ထိန်းညှိမှုတွေနဲ့ ကြောင်းပေးတာ ရှိပါတယ်။ တခါတလေ လူတွေ ပိုက်ဆံ မသုံးလို့ (တနည်းပြောရရင် မဝယ်၊ မဝယ်တော့ ဈေးဆိုင်နဲ့ စက်ရုံတွေအလုပ်မဖြစ်၊ အလုပ်မဖြစ်တော့ ကုန်အသစ်တွေ မထုတ်ရ၊ မထုတ်ရတော့ ပိတ်တဲ့ စက်ရုံပိတ်၊ လူလျှော့တဲ့စက်ရုံလျှော့၊ လျှော့တော့ အလုပ်လက်မဲ့ပြဿနာနဲ့ အခြားအထွေထွေ (ရာဇဝတ်မှုတွေအပါအဝင်) ပြဿနာစုံကြီးထွား ပြောရရင် လူမှုစီးပွားနဲ့ ဆက်နွယ်တဲ့ အသံဗလံစုံ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ တခါ ဘဏ်နဲ့ အစိုးရငွေ တိုက်တွေမှာ ငွေဝင်ငွေထွက် ကသောင်းကနင်းတွေဖြစ်၊ အစိုးရဘတ်ဂျက်ပြဿနာတွေတက်နဲ့ ဂျာအေးသူ့ အမေရိုက် လုံးလည်ချာလည်လိုက်ပြီး တပြည်လုံး ကွိုင်တော့တာပါပဲ။ အမေရိကန်ကွိုင်ရင် တနွယ်ငင် တစင်ပါတွေပါ လိုက်ကွိုင်ပြီး ကမ္ဘာ့နိုင်ငံ တချို့ အရင်းခိုက်၊ တချို့ အဖျားခတ်ခံရတော့ပါ။ အဲ့ကိစ္စက ပြောရရင် အပြန့်ကျယ်ပါတယ်။
တခါတခါမှာ ဗဟိုအစိုးရက လူတွေ လက်ထဲရှိတာ မသုံးလို့ သုံးစမ်းဟဆိုကာ လူမှုဖူလုံကြေး ခံစားခွင့်တွေ(ယာယီ) တိုးပေးတာမျိုး လုပ်သလို အခွန်ပြန်အမ်းငွေ သာသာ ထိုးထိုးပေးချ လိုက်တာမျိုးတွေ လုပ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ်က လူမှုဖူလုံကြေး အထောက်ပံ့စားနေသူတွေကို ဘာမပြောညာမပြောနဲ့ လူတစ်ယောက် ဒေါ်လာ ၂၅ဝ အသားလွတ် တစ်ကြိမ်ပေးဖူးပါတယ်။ အဲ့သလို တိုးပေး အသားလွတ်ပေးတာတွေရဲ့ ရည်ရွယ်ချက်က လူတွေစိတ်ထဲ “အလကားရတဲ့ ပိုက်ဆံ သုံးလိုက်မဟဲ့” ဆိုကာ ဝယ်ကြခြမ်းကြဖို့ပါ။ ဝယ်မှခြမ်းမှ ဈေးဆိုင်တွေအလုပ်ဖြစ် စက်ရုံတွေမှန်မှန်ထုတ် အလုပ်သမားတွေ မဖြုတ်မလျှော့ အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေ သိတ်မပေးရ နေ့ဖို့ညစာလေးရှိနေတော့ ရာဇဝတ်တွေကျဆင်း ခြေခင်းလက်ခင်းလေးသာရင် ခရီးတွေဘာတွေထွက် သုံးကြဖြုန်းကြ ဘဏ်တွေငွေဝင်ငွေထွက်မှန် ဘတ်ဂျက်ကိစ္စ အိမ်ဖြူတော်၊ ကွန်ဂရက်စ်၊ ဝေါလ်စထရိနဲ့ ပင်တဂွန်က အငြူအစူနည်းနည်း ကြည်ကြည်ဖြူဖြူ စခန်းသွားရတာပါ။ အိမ်ရှေ့မပူတော့ အိမ်နောက်က လူလည်း အေးအေးလူလူ ချက်ပြုတ် စားသောက်ရုံပေါ့။ အခွန်အမ်းစနစ် ဘာ့ကြောင့်ရှိရသလဲဆိုတော့ အမေရိကန် ရှိနေဖို့ပါ။ မရှိရင် အမေရိကန် မရှိတော့မှာကြာပါပြီ။
အခွန်ဒဏ်မခံနိုင်တဲ့အဆုံး ဘဝတွေနဲ့ရင်းပြီးပြန်လှန်လို့ အုပ်စိုးသူတွေဘာ လူ့သမိုင်းမှာဖြစ်ခဲ့ကြသလဲဆိုတာ အမေရိကန် အာဏာ ကိုင်ထားသူတွေ ကောင်းကောင်း သိပါတယ်။ ဒါ့ကြောင့်လည်း အခွန်အမ်း စနစ် စနစ်တကျရှိရတာပါ။ ရှိလို့လည်း နင်းပြားတွေရဲ့ လူထုလက္ခဏာပါတဲ့ အုံကြွမှုတွေကနေ “ကွင်း” ထားနိုင်တာပါ။ နင်းပြားတွေကို တနှစ်တကြိမ်ကြွေးတဲ့ ဆင်းရဲဖြေဆေးပါ။ လူနာဘက်ကကြည့်တော့လည်း ဘာမှ မကုပဲထားတာ ထက်စာရင် ဖြေဆေးလေး အပေးခံရတာ ပိုကောင်းတာပဲ မဟုတ်လား။ အသက်ရှူလေးတော့ နည်းနည်းချောင်တာပဲ မဟုတ်လား။ တကိုယ်လုံး အဆိပ်မပြန့်တော့ အခံရသက်သာတာပဲ မဟုတ်လား။ တနှစ်တကြိမ် အဆိပ်ဖြေဆေး အခွန်ပြန်အမ်းငွေလေးမှီပြီး တက်လမ်းမရှာဘဲ ဘဝအနွမ်းနဲ့နေကြသူတွေလည်း မနည်းမနောရှိပါရဲ့။ အလုပ်လုပ် ငွေအရှာနဲ့ ဓနဥစ္စာ အပြိုင်အဆိုင် မသေးတဲ့ လူ့အဖွဲ့အစည်းမှာ ခြစ်ခြစ်ကုပ်ကုပ် နုံနုံဖျင်းဖျင်းနဲ့ သူများနောက်ကျန်နေရသူတွေ ခမျာ ဘဝလူလုံးတော့ မလှကြရှာဘူးပေါ့။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ဝအောင်စားဘဝဟာ တကယ်တော့ မနိုင်၍ သည်းခံရခြင်း သဘောနဲ့ခံမှ ဖြေဆည်ရာရှိကြမှာပါ။
အဲ့ဒီဘဝအနေမျိုးမှ ကြိုက်တယ်ဆိုလည်း ရွေးကြရုံပဲရှိပါတယ်။ ကျနော်ကတော့ ဆင်းရဲသား မိသားစုတွေ ခနတာ အသက်ရှူချောင်တာလေးမြင်တော့ ရင်ထဲနွေးကနဲ ကြည်နူးမိတယ်။ ဘာပဲပြောပြော ဗမာပြည်မှာ ကျန်နေတဲ့ဆွေထဲမျိုးထဲကနွမ်းပါးသူတွေကိုလည်း ငွေလေးဘာလေးပို့မှ၊ လေယာဉ်ခ အကြွေးတွေလည်း တခါတည်း အကျေဆပ်မှ၊ ထိုင်းနဲ့ဗမာပြည်လည်း အလည် ခနပြန်ဦးမှ၊ အကြွေးမရှိလို့ ခရက်ဒစ်လေး တက်လာရင် အိမ်လေးတော့ဝယ်မှ၊ နွေပေါက်ရင် ကလေးတွေ ရှင်ပြုဦးမှ၊ စုံစီနဖာလေးတွေ ဝယ်ဦးခြမ်းဦးမှ၊ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူတွေလည်း လက်ဆောင်ပေးတန်ပေး ကန်တော့တန်ကတော့၊ ကလေးတွေအတွက် အဝတ်အစားနဲ့ ကွန်ပြူတာလေးလည်းဝယ်ပေးဦးမှ၊ ကားဟောင်းခြင်းအလဲ အထပ်လုပ်တန်လုပ် အသစ်လေးဝယ်စီး တန်စီးဦးမှ ဆိုတဲ့ မျှော်လင့်စိတ်ကူးတွေနဲ့ ရွှင်မြူးနေတဲ့ မိသားစုတွေရဲ့ မျက်နှာတွေမြင်ရတာ စိတ်လက်ကြည်သာဖြစ်စရာပါ။ တကယ်ကတော့ အခွန်ပြန်အမ်းငွေဆိုတာ ကိုယ့်ငွေကို အတိုးလေး မစို့မပို့နဲ့ အစိုးရက တနှစ်လုံးလုံး ချေးသုံးပြီး အခွန်ဆောင်သုံးဖို့ပြန်ထုတ်ပေးတဲ့ ကိုယ့်ချွေးနှဲစာပါ။ ချန်ဖို့မသင့်လို့ပြောပါ့မယ်။
ကျနော်တို့ လင်မယားနှစ်ယောက်ကတော့ ဒီနှစ်အတွက် အခွန်ပြန်အမ်းငွေတွက်လိုက်တာ ပြည်နယ်အစိုးရဆီက ဒေါ်လာ ၃ဝဝ ရပြီး ဗဟိုအစိုးရကို ၆ဝဝ ပြန်လျော်ရပါမယ်။ ဒါ့ကြောင့် ဒီနှစ်တော့ ဒေါ်လာ ၃ဝဝ အိပ်စိုက်ဖြစ်ပါကြောင်းဗျား။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂ဝ၁၃
Comments