ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
M-Media
ပြည့်ပြည့်
– နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စေ့စပ်ဆွေးနွေးမှုအဖွဲ့ iPACE မှ ကြီးမှုးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဥပဒေရေးရာ ဖိုရမ်တစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်လမ်းရှိ အမေရိကန် စင်တာတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဖိုရမ်ပြုလုပ်ခြင်းရခြင်းနှင့် ပတ်သက်၍ iPACE မှ Adam LeClair က ရှင်းပြခဲ့ပြီး ပင်တိုင်ဆွေးနွေးသူများအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီမှ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ၊ မြန်မာတိုင်းမ်စ် သတင်းစာမှ အကြီးတန်း သတင်းထောက် မအိအိတိုးလွင်နှင့် မြန်မာဥပဒေနယ်ပယ် တရားမျှတရေးနှင့် မြန်မာနိုင်ငံဥပဒေ အကျိုးဆောင်ကွန်ယက်ကို တည်ထောင်သူ ကိုကျော်မင်းဆန်းတို့ ပါဝင်ခဲ့ကြသည်။ iPACE မှ ဥပဒေရေးရာရာနှင့် လေ့ကျင့်ရေးအကြံပေး ကိုစိုင်းအောင်သိန်းက ဦဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ၊ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အတားအဆီးများ၊ စိန်ခေါ်မှုများ၊ ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့် ပတ်သက်၍ ပင်တိုင် ဆွေးနွေးသူများက တစ်ဦးချင်းစီပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက အခြေခံဥပဒေရှိ ပုဒ်မများ ပြင်ဆင်ခြင်းနှင့်၊ လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ သုံးသပ်ရေးကော်မတီတွင် တိုင်းရင်းသားပါတီများမှ ပါဝင်မှုအားနည်းခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေး အတွက် အောက်ခြေလူထုအထိ ပညာပေးရေး စသည့်အချက်အများအတွက် သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပင်တိုင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါဖိုရမ်ကို ညနေ ၆ နာရီခန့်တွင် ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသူများအား iPACE မှာ ကော်ဖီဖြင့် ဧည့်ခံခဲ့သည်။ ဖိုရမ်သို့ လူငယ် အများစု အပါအ၀င် လူ ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စေ့စပ်ဆွေးနွေးမှု အဖွဲ့ iPACE မှ ထိုကဲ့သို့သော ဖိုရမ်များကို ယခင်ကလည်း လုပ်ဆောင်ခဲ့ပြီး နောင်တွင်လည်း ဆက်လက် လုပ်ဆောင်သွားရန် ရှိသည်ဟု သိရသည်။
Photo Credit – iPace FB Group.
Leave a Reply
You must be logged in to post a comment.