မတ် ၈ ၊ ၂၀၁၄
M-Media
အေးထွန်း ရှာဖွေတင်ဆက်သည်။
လူတစ်ယောက်အနေနဲ့ အဆိပ်စားမိရင် သူ့အနေနဲ့ ဒီအဆိပ်ကို ပြေစေဖို့ဆေးဝါးတွေရဲ့အကူအညီ၊ နားလည် တတ်ကျွမ်းသူဆေးပညာရှင်တွေရဲ့ အကူအညီကိုယူ ရပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ချို့သော တိရိစ္ဆာန်တွေကတော့ ဘာပညာ ဗဟုသုတမှ မဆည်းပူးခဲ့ဘဲ မွေးရာပါ ဗီဇစိတ်နဲ့တင် အဆိပ်ကိုဖြေနိုင်စွမ်း ရှိကြပါတယ်။
ဥပမာအားဖြင့် ကြက်တူရွေး တစ်မျိုးဖြစ်တဲ့ ကြက်တောတွေဟာ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရှင်သန် ကျက်စားကြပါတယ်။ ထူးဆန်းတာက သူတို့ဟာ အဆိပ်ရှိတဲ့ အစေ့တွေကိုလဲ စားသောက်နေကြရတာပါ။ ဒါပေမဲ့ သူတို့ အဆိပ် မမိကြပါဘူး။ အဆိပ်စေ့ကို စားလိုက်ပြီဆိုတာနဲ့ သူတို့ဟာ ချက်ချင်းကျောက်တုံးတွေ ထူထပ်တဲ့ နေရာတစ်ခုဆီကို တိုက်ရိုက် ပျံသန်းပါတော့တယ်။ ပြီးရင် အဲဒီနေရာမှာရှိတဲ့ ရွှံ့စေးပါတဲ့ ကျောက်တွေကို ဝါးပြီးမြိုချကြပါတယ်။ ဒီရွှံ့ကျောက်တွေဟာ အစေ့ထဲမှာပါဝင်တဲ့ အဆိပ်တွေကို စုပ်ယူပစ်ပြီး အဆိပ် ဓာတ်ပြယ်စေပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဒီငှက်တွေဟာအဆိပ်ပါတဲ့ အစေ့တွေကိုလဲ ဘေးမသီ ရန်မခဘဲ စားသောက်နိုင်တာဖြစ်ပါတယ်။
ရှင်းပါတယ်။ ဒီအသိတရားဟာ အဟိတ် တိရိစ္ဆာန်ငှက် တစ်ကောင်အနေနဲ့ အတန်းပညာကနေရတာလဲ မဟုတ်၊ စာပေဗဟုသုတ ဆည်းပူးရာကနေလဲ ရတာမဟုတ်၊ အတွေ့အကြုံအားဖြင့်လဲ ရနိုင်တာမဟုတ်ပါဘူး။ အဆိပ်စေ့ကို စားသောက်မိတုံးမှာ ဒီငှက်အနေနဲ့ ဘယ်လိုများ အဆိပ်ပြန်ဖြေ ရမလဲဆိုတာဟိုဟာ လေးစားကြည့်၊ ဒီဟာလေး စားကြည့်နဲ့ အဆင့်ဆင့် စူးစမ်းစစ်ဆေးပြီးနောက်မှ ဘယ်နည်းလမ်းဟာ မှန်ကန်တယ်ဆိုတဲ့ အတွေ့အကြုံအားဖြင့်သိသော ဖြစ်စဉ် မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါဟာ မွေးရာပါသိစိတ် စွမ်းရည်ပဲဖြစ်ပါတယ်။
(DavidAttenborough, The Life of Birds, Princeton University Press, New Jersey, 1998,p.78.)
Comments