မတ် ၁၉၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ အာဆီယံလူငယ် ဖိုရမ်ကျင်းပခဲ့သည့် သက်တမ်း တစ်လျောက်တွင် ယခုနှစ် ၂၀၁၄ မြန်မာနိုင်ငံတွင် ကျင်းပသော အာဆီယံလူငယ် ဖိုရမ်သည် သမိုင်းတစ်လျောက်တွင် အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ တက်ရောက်သူ အများဆုံးဖြစ်သည်ဟု အာဆီယံလူငယ်ဖိုရမ်သို့ တက်ရောက် ဆွေးနွေးခဲ့သူ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးမှ ယနေ့ ကျင်းပပြုလုပ်သော အာဆီယံ လူငယ်ဖိုရမ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒီဖိုရမ်ကြီးဟာ လူငယ်တွေရဲ့အသံကို ထင်ဟပ်စေနိုင်တဲ့ အတွက် လူငယ်တွေအနေနဲ့ များစွာဂုဏ်ယူသင့်ပါတယ်။ အခုဒီမှာ လူငယ်တွေကို ခေါင်းဆောင်တွေကလည်း လာရောက် ဖိအားပေးတာမျိုး မတွေ့ရဘူး။ ဒါဟာအရမ်းကောင်းတဲ့ အရာတစ်ခုပါ။ လူငယ်တွေအနေနဲ့ လူကြီးဖြစ်မှ ဦးဆောင်နိုင်တာထက် အခုလိုလူငယ် အရွယ်ကတည်းက ဦးဆောင်နိုင်သူ တစ်ဦးဖြစ်အောင်ကြိုးစားသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အာဆီယံလူငယ်ဖိုရမ်တွင် တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ လူငယ်များက ယနေ့ခေတ်တွင် အဓိက လိုအပ်သော လူငယ်ထု အခန်း ကဏ္ဍနှင့်ငြိမ်းချမ်းရေး ပြန်လည် သင့်မြတ်ရေးတို့၏ အကျိုး သက်ရောက်မှုများ၊ ကောင်းမွန်သောအစိုးရ၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လူငယ်များ အတွက် မရှိမဖြစ် လိုအပ်လှသော အရှေ့တောင်အာရှမှ လူငယ်များ အတွက် အသက်မွေးဝမ်းကြောင်းနှင့် သင့်တော်ခိုင်မာသော အလုပ်အကိုင်များ၊ ကောင်းမွန်သော ပညာရေးစနစ်များ၊ ရွေ့ပြောင်း အခြေချမှုများ၊ လိင်မှုရေးရာ ကျန်းမာရေး ပညာပေးနှင့် အခွင့်အရေး တို့ကိုဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဒေသလုံးဆိုင်ရာ တိကျခိုင်မာသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။
အာဆီယံဖိုရမ် တက်ရောက်လာကြသော လူငယ်များသည် ဆွေးနွေးပွဲအပြီးတွင် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုကြေငြာချက် အတိုင်း ရှေ့ဆက် လုပ်ဆောင်သွားနိုင်ရန် မည်သို့ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းကိုလည်း လူငယ်များမှ ဆွေးနွေးခဲ့ကြကြောင်း အာဆီယံလူငယ် ကော်မတီမှ မဖွေးယုမွန်ကပြောကြားခဲ့သည်။
အာဆီယံလူငယ်တွေ ချိတ်ဆက်ပြီး ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပြီး လာမည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင်လည်း ယင်းလူငယ်များမှ သွားရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရပါသည်။
Comments