မတ် ၂၄၊ ၂၀၁၄
M-Media

– ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ရထား ပို့ဆောင်ရေး လုပ်ငန်းနှင့် ဆေးရုံများ အဆင့်မြှင့်တင်ရန်အတွက် ဒေါ်လာ ၇၈ သန်း (ယန်း သန်း ၈၀၀၀) ထောက်ပံ့ပေးအပ်သွားမည်ဟု သိရသည်။
ဂျပန်ဝန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီယိုကီရှီဒါမှာ ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နှင့် တွေ့ဆုံရန် ရှိနေပြီး၊ မီးရထားလမ်းကြောင်း စောင့်ကြည့်ရေးစနစ် တည်ဆောက်ရန်နှင့် ဆေးရုံများတွင် ခေတ်မီစက် ကိရိယာများ စမ်းသပ်တပ်ဆင်ရန်တို့ အတွက် ဂျပန်ယန်း သန်း ၈၀၀၀ ခန့် ထောက်ပံ့ငွေ ပေးအပ်သွားရန် ရှိနေသည်ဟု နှစ်နိုင်ငံ အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ သိရသည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး အားကောင်းစေရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လုပ်ကိုင်နေသည့် ဂျပန်စီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ရန် အတွက် စုစုပေါင်း ဂျပန် ယန်း ဘီလီယံ ၁၆၀ (ဒေါ်လာသန်း ၁၅၀၀ ကျော်) ပေးအပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက ကတိပြုထားသည်။
မြန်မာအစိုးရတို့နှင့် တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသားများအား ဖမ်ဆီးမှုများကို ဖြေရှင်းရန် အတွက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးရှိနေသည့် မြန်မာနိုင်ငံ၏ ထောက်ခံမှုရရှိရန် ဂျန်နိုင်ငံက မျှော်လင့်နေသည်။ ထို့ပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း သေဆုံးသွားခဲ့သည့် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း တူးဖော်ရေးလုပ်ငန်းများအား မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကီရှီဒါက ဆွေးနွေးသွားမည်ဟု ကျိုဒိုသတင်းဌာနက ထည့်သွင်းဖော်ပြထားသည်။
ကိုးကား ကျိုဒိုသတင်းဌာန
Leave a Reply
You must be logged in to post a comment.