မတ် ၂၈၊ ၂၀၁၄
M-Media
ဘာသာပြန်- မင်းထွဋ်ကောင်း
လက်ရှိအခါသမယ၌ မြန်မာ့အထူးကော်မရှင် တစ်ရပ်မှ ရေးဆွဲနေသော မျိုးစောင့် ဥပဒေမူကြမ်း အတည်ပြုခံရလျှင် လူနည်းစုဝင်တို့၏ အခွင့်အရေးများမှာ ကြီးကြီးမားမား ထိခိုက်လာဖွယ် ရှိသည်။ ဤလအစောပိုင်းက သမ္မတ ဦးသိန်းစိန်သည် ဥပဒေနှစ်ရပ်ကို မူကြမ်းရေးဆွဲရန် ကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့ကြောင်း လွှတ်တော်ပြောခွင့်ရပုဂ္ဂိုလ်မှ ဆိုသည်။ ၎င်းတို့အနက် တစ်ခုသည် ဘာသာရေးကူးပြောင်းခြင်း အပေါ်တင်းကြပ်မှုနှင့် သက်ဆိုင်ပြီး နောက်တစ်ခုမှာ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည်။
ထိုကော်မရှင်အား ဖွဲ့စည်း ဖန်တီခြင်း၌ ဘာသာရေးနှင့် ပတ်သက်၍ တရားဝင် အသိပေးချက်များ မရှိသော်လည်း ယင်းဥပဒေ နှစ်ရပ် စလုံးမှာ ပြည်တွင်းက လူနည်းစုဝင် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအား ဦးတည်ထားသည်။ ပဋ္ဌမဥပဒေတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခြင်းကို အပြင်းစား ကန့်သတ်မည် ဖြစ်ပြီး၊ ဒုတိယဥပဒေတွင် မွတ်စ်လင်မ် အိမ်ထောင်စုများကို ကလေး ၂ ဦးထက် ပိုမယူရန် ကန့်သတ်မည်ဖြစ်၏။
ဗမာ့လူ့အသိုင်းအ၀ိုင်း၏ သဘောထားကို ပွင့်လင်းမြင်သာသော နည်းစဉ်ဖြင့် ကော်မရှင်မှ မေးမြန်းမည်ဟု ဆိုသည်။ မည်သည့် အဆိုပြုချက်မဆို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အယူဝါဒ အမျိုးမျိုး၊ အမျိုးသားညီညွတ်ရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီရမည်၊ အခြားနိုင်ငံများမှ စည်းမျဉ်း စည်းကမ်းချက်များကိုလည်း လုပ်ငန်းစဉ်အတွင်း ထည့်သွင်း သုံးသပ်မည်ဟု တရားဝင်အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ နေရာဒေသ အများအပြား၌ ကျယ်ပြန့်နေသော မွတ်စ်လင်မ် ဆန့်ကျင်ရေး၏ ပြင်းထန်သည့်အဖြေကို ကော်မရှင်၌ တွေ့ရပေသည်။ လူတစ်သန်း၏ ဆန္ဒပြုလက်မှတ်ဖြင့် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ သံဃာတို့၏ လူထုအကြား ဥပဒေပြုရေး တွန်းတိုက်မှုမှာ ထင်ထင်ရှားရှား ဖြစ်လာ၏။ မွတ်စ်လင်မ်ပိုင် ဈေးဆိုင်များအပေါ် ဗုဒ္ဓဘာသာဝင်တို့၏ သပိတ်မှောက်မှာလည်း ချက်ခြင်းမြှင့်တက်လာနေသည်။
မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများက မြန်မာပြည်အလယ်ပိုင်းတွင် အဓိကရုဏ်းများကို ဖြစ်ပွားသွားစေသည်။ အလားတူစွာပင် အစိုးရဖက်မှ ဘင်္ဂါလီဟု ရည်ညွှန်းလေ့ရှိသော နိုင်ငံမဲ့ ရိုဟင်ဂျာများအပေါ် ခံစားချက် နက်ရှိုင်းမှုက ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်ရှိ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း ဖိအားကြီးမားစေခဲ့သည်။ ညှင်းဆဲခံ ရိုဟင်ဂျာများသည် အရှေ့အာရှ အတွင်း အချို့တဲ့ဆုံးနှင့် စွန့်ပစ်ခံလူတန်းစား တစ်ရပ် ဟု ဆိုကောင်းဆိုနိုင်ပေမည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပေါက်ကွဲမှု ထပ်မံ မတွေ့ရသေး။ အစိုးရဖက်မှနိုင်ငံရေးသမားရော အတိုက်အခံဖက်မှ နိုင်ငံရေးသမားများပါ မွတ်စ်လင်မ်များ အရေး အပေါ် စူးစိုက်ရပ်တည်သည့် လူဟူ၍ မတွေ့ရသေး။ ဤမွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ – အနောက်တိုင်းဒေသ အများစုမှ စိုးရိမ်နေကြသည့် အကြမ်းဖက် ၀ါဒ သို့မဟုတ် အခြားအချက်များ ပါဝင်သော အရှေ့အလယ်ပိုင်းရှိ အာရပ်တို့၏ အုံကြွမှုများမှ မြစ်ဖျားခံလာသည် မဟုတ်။
စင်စစ်မှာတော့ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတို့ အကြား အမြစ်တွယ်နေသည့် ခံစားချက် အက်ကြောင်း နှင့် ၎င်းတို့ယဉ်ကျေးမှုအတွင်းရှိ ကြီးနိုင်ငယ်ညှင်းစရိုက် ထကြွလာမှုပင်ဖြစ်သည်။ ထိုအချက်သည် ၁၉ ရာစု အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးကြိမ်ဖြစ်ပွားမှုမှ ဂယက်ရိုက်လာခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်က အိမ်နီးချင်းအိန္ဒိယမှ လူများကို ပရမ်းပတာ ပြောင်းရွှေ့ဝင်ရောက် အခြေချစေခြင်း၊ ကပ်လျက်ရှိနေသော တရုတ်၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်၏ လူဦးရေဖောင်းပွ စိမ့်ဝင်လာခြင်းတို့၌ အခြေတည်နေပေသည်။
၁၉၆၀ ခုနှစ်များ အတွင်း အမျိုးသားရေးခေါင်းဆောင်ဟောင်းဖြစ်သော ဗိုလ်ချုပ်နေ၀င်းသည် အိမ်နီးချင်းတို့၏ လွှမ်းမိုးလာမှုကို ကာကွယ်ရန် မြန်မာ့လူဦးရေ တိုးပွားတောင့်တင်းလာရေး အစိုးရအဖွဲ့၏ အဆိုကို သဘောတူ လက်ခံမှု မပြုဘဲ တရားဝင် ပဋိသန္ဓေ ဖျက်ချခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည်။ ၎င်းတို့မှ အယူသည်းလွန်းသော်လည်း ဟုတ်တိပတ်တိ အကျိုး မဖြစ်ထွန်းလှသည့် အခြေအမြစ်မဲ့မြန်မာ့ ယဉ်ကျေးမှုအချို့နှင့် ပတ်သက်၍ ပြည်ပလေ့လာသူ များစွာ အဖို့ အငြင်းပွားစရာဖြစ်ခဲ့သည်။
ဤကမ်ပိန်းအား ဦးဆောင်နေသော ဗုဒ္ဓသံဃာတို့၏ သရုပ်သကန်ကို ခန့်မှန်း တွက်ဆ မရနိုင်ချေ။ ဘာသာရေးပြဿနာ အဖြစ် အခွံစွပ် ပုံဖော်နေသော ဘုန်းတော်ကြီး တစ်ပါး၏ကြေငြာပြောဆိုချက်နှင့် စပ်လျဉ်း၍ ဗမာလူမျိုး အသိုင်းအ၀ိုင်း၌ လူသိရှင်ကြား ဝေဖန်နိုင်သူမှာ လက်တစ်ဆုပ်စာမျှသာ ရှိနေ၏။ ဗမာလူမျိုးတို့၏ ဘုန်းကြီး ၀ါဒနှင့်နှိုင်းစာလျှင် အမေရိကန်ရှိ လက်ျာယိမ်း အစွန်းရောက် ခရစ်ယာန်များပင်လျှင် အမေရိကန်နိုင်ငံရေးသြဇာအောက်၌ သေးနုပ်နေ ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အမျိုးသား စည်းလုံးညီညွတ်မှု၊ စာရိတ္တ နှင့် လူထုကောင်းကျိုးကို ရှေ့ရှုလျက် အခြားဘာသာ တရားတို့၏ ကျင့်သုံးခွင့်များအား လေးစားကြရမည်ဟု သီအိုရီအရသာ ဆိုထားပါသည်။
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် မတ်လကတည်းက စစ်တပ်တစ်ပိုင်း အရပ်သား တစ်ပိုင်း အစိုးရကို ဖန်တီး၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကြေငြာပြီး ထင်ရှားစွာ လှမ်းထွက်လာခဲ့သည်။ စစ်တပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအဆုံးသတ်ပြီး အလွန်တိုတောင်းသော ကာလတစ်ရပ်အတွင်း အစိုးရနှင့်ပြည်သူတို့ အကြား ကွာဟချက်က မခန့်မှန်းနိုင်လောက်အောင် ကျယ်ပြန့်နေရာယူသွားခဲ့သည်။
နိုင်ငံရေးတံခါးဖွင့်၏။ ဆင်ဆာကိစ္စ စခန်းသိမ်းသွား၏။ လွတ်လပ်စွာ စုဝေးခွင့် ပေး၏။ အလုပ်သမားသမဂ္ဂများလည်း ဖွဲ့စည်းနိုင်ခဲ့၏။ ဗဟုဝါဒ၏အစပျိုးမှု ထင်ရှားလာ၏။ အုပ်ချုပ်ရေးနှင့်တရား ဥပဒေပြုရေး ကဏ္ဍတို့ အကြားရှိ ခြားနားချက်အကြောင်း ဖော်ထုတ်ပြောဆိုမှုကိုလည်း လက်တွေ့မြင်ရ၏။ သို့သော် လူများစု ဗုဒ္ဓဘာသာ ဗမာများနှင့် လူနည်းစုဝင် တိုင်းရင်းအုပ်စုများ အကြား ပြဿနာများက ရှိနေဆဲ။ မှန်သားပြင်မျက်နှာကြက်များ (အထက်မှ စောင့်ကြပ် ထိန်းချုပ်ခြင်းများ) က ကြီးစိုးနေဆဲ သာမက လူမျိုးနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုဝင်များ အဖို့ ရဟန်း သံဃာများသည် တောအုပ် သို့မဟုတ် လူသူ ကင်းဝေးရာ ၀န်းကျင်၌ ဘာဝနာ တရားပွားများ၍ ဓမ္မတရားရှာဖွေကျင့်ကြံခြင်း ကဲ့သို့ မိမိတို့ဘာသာတရားများတွင် မရှိသော ဒဏ္ဍာရီဆန်စွာထူးခြားသည့် ဗုဒ္ဓ၀ါဒလမ်းစဉ်အပေါ် အနောက်တိုင်းသား များစွာတို့က အလွန်လေးစား ကြည်ညိုကြ၏။ ခြုံငုံဆိုရလျှင် ဗုဒ္ဓဘာသာဝင်များထံ၌ ဘာသာရေးအရ စစ်ဆင်မှုသည် မရှိခဲ့၊ ဗုဒ္ဓစာပေများမှာလည်း ခန္တီစ တရားနှင့် လူသားဝါဒများဖြင့်သာ ထုံမွှမ်းနေခဲ့၏။ သို့တစေ ယင်း အချက်အလက်များကိုသာကြည့်၍ အာရှသမိုင်းကို သုံးသပ်ခြင်းသည် တောင်ကုန်းပေါ်မှ ဓမ္မသဘင်အားဖြင့် အနောက်တိုင်း ဥရောပစစ်ပွဲများ သမိုင်းအား သုံးသပ်ခြင်းနှင့် အလားသဏ္ဍာန် တူညီနေပေသည်။
မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန် နှင့် ကိုးရီးယားရှိ ဗုဒ္ဓဘာသာသံဃာများသည် နိုင်ငံရေး အခန်းကဏ္ဍများ၌လည်ကောင်း၊ ရံဖန်ရံခါ နိုင်ငံရေး ကစားကွက်ခင်း အကြမ်းဖက်မှုများ၌ လည်းကောင်း ပါဝင်ခဲ့ကြပြီးဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်း လက်ရှိ ဘာသာရေးဖိနှိပ်မှု အခြေအနေများမှာ အသစ်ဖြစ်တည်ခြင်း မဟုတ်၊ သို့သော်လည်း အလွန်ပင် ရုပ်ပျက်ဆင်း ပျက်နိုင်လှသည်။ အကြောင်းကား အစိုးရမှ တာဝန်ယူထားသော ဒီမိုကရေစီ နည်းကျပြုပြင်ပြောင်းလဲမှု အနှစ်သာရများကို အမြစ်မှ လှန်နေခြင်းကြောင့် ဖြစ်ပေသည်။
မြန်မာ့ရာဇ၀င်တစ်လျှောက် ခမ်းနားထည်ဝါချက် တစ်ခုဖြစ်သော အမျိုးသမီး အခွင့်အရေးများကို ၎င်းတို့က အတွင်းကျကျ ထိန်းချုပ်လိုလျက်ရှိနေသည်။ လူမျိုးရေး၊ ဘာသာရေးလူ့ အစုအဝေးအကြား မုန်းတီးမှုနှင့်အငြိုးအာဃာတကို ဖြစ်ပေါ်စေနိုင်သော ဘာသာရေး လူမျိုးရေးဆိုင်ရာ မည်သည့် ခွဲခြားချိုးနှိမ်ကိုမျှ မပြုလုပ်ရဟု အခြေခံဥပဒေက ပြဋ္ဌာန်းထား၏။
သို့ဖြစ်ရာ အသစ်ဖန်တီးလိုက်သော ကော်မရှင်သည် တရုတ်ပြည်၏ “မိသားစုတစ်စုလျှင် ရင်သွေး တစ်ဦးသာယူရေး” ပေါ်လစီကို လက်ကိုင်ရန် ဒွိဟ မရှိပြီ။ သို့ပင်သို့ငြား အာဏာရှင်စံနစ်ကျင့်သုံးသော တရုတ်နိုင်ငံသည်ပင်လျှင် ဤမူဝါဒကို လူနည်းစုဝင်များအပေါ် ကွက်ကြားမိုး မရွာခဲ့။ (တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်၏)။ ရာဇ၀င်၌ ဘာသာရေး၊ လူမျိုးရေးနှင့် မကင်းလွတ်သော အလားတူ စိတ်ပျက်ဖွယ်သာဓကများစွာ ရှိခဲ့ပြီ။ ဘယ်အရာတစ်ခုမျှ ကောင်းကျိုးဖြစ်ထွန်းမှု မရှိခဲ့ပါလေ။
ဤပြဿနာကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ (နှင့်) မွတ်စ်လင်မ်ဆန့်ကျင်ရေး အရေခြုံ၍ အားပေးထောက်ခံမှု အရယူမည့် ခေါင်းဆောင် အသီးသီးတို့၏နေရာယူမှုတို့က ထပ်မံ ရှုပ်ထွေးစေဦးမည်ဖြစ်သည်။ အကယ်၍ ၂၀၁၄ သန်းခေါင်စာရင်း ရလဒ်များက နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ်ထက် ဗုဒ္ဓဘာသာဝင်မဟုတ်သူ လူဦးရေ အဆမတန် ကျယ်ပြန့် များပြားနေပါလျှင် အသွင်ကူးပြောင်းရေး ကာလ၏မလုံခြုံမှုက ပိုမိုဆိုးဝါးပြင်းထန်လာပေဦးမည်။
ဘာသာရေးလူမျိုးရေး တင်းမာမှုတို့၏ လောင်စာဖြစ်မလာအောင် အာဏာပိုင်နှင့်အရပ်ဖက်လူ့အဖွဲ့အစည်းများမှ သန်းခေါင်စာရင်းရလဒ်များကို ကျင်လည်ထိရောက်စွာ ကိုင်တွယ်ဖို့လိုသည်။ မြန်မာ့လွတ်လပ်ရေးအဓွန့်ရှည်ရန်၊ ဗမာ့ယဉ်ကျေးမှုထိန်းသိမ်းရန်အတွက် အမျိုးသားရေးဝါဒက အရေးကြီးသည်ဟူသောအဆိုကို ဒီမိုကရေစီနည်းလမ်းမကျသော လူမှုရေးအစဉ်အလာနှင့်လှုပ်ရှားမှုများအားဖြင့် ဖြိုလှဲနိုင်လိမ့်မည် မဟုတ်။ အမျှော်အမြင်ကြီးစွာ နှီးနှောတိုင်ပင်မှု ကြီးစိုးလာမှသာလျှင် ပန်းတိုင်ရောက်တော့မည်ဟု ပြည်ပလေ့လာသူများက မျှော်လင့်နိုင်ပါတော့သည်။
=====================
Asia Times မှ David I Steinberg ၏ သုံးသပ်ချက်ဆောင်းပါးဖြစ်သော Laws enforce discrimination in Myanmar ကို ‘မင်းထွဋ်ကောင်း ‘ မှ မြန်မာလိုဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်သည်။
David I Steinberg သည် ဂျော့ဂ်ျတောင်းတက္ကသိုလ်၊ နိုင်ငံခြားရေးရာဌာနမှ အာရှရေးရာ ဂုဏ်ထူးဆောင် ဧည့်ပါမောက္ခတစ်ဦး၊ ၎င်းအပြင် ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်၊ အဆင့်မြင့်နိုင်ငံတကာရေးရာဘာသာရပ်အတွက် ဧည့်သည်တော်ပညာရှင်တစ်ဦး ဖြစ်သည်။
Comments