ဧပြီ ၃၊ ၂၀၁၄
M-Media
– နှင်းလျောစီးရာမှ မတော်တဆဖြစ်ပြီး ကိုးမားရောဂါ ခံစားနေရသည့် ပြိုင်ကားမောင်းချန်ပီယံဟောင်း မိုက်ကယ် ရှူးမိတ်ကာ၏ အခြေအနေမှာ အနည်းငယ်တိုးတက်လာခဲ့ပြီဟု ၎င်း၏ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။
ဖော်မြူလာဝမ်း ချန်ပီယံ ၇ ကြိမ်ဖြစ်ထားသည့် ရှူးမိတ်ကာအား ပြင်သစ်နိုင်ငံတောင်ပိုင်း Grenoble မြို့ရှိ ဆေးရုံးတွင် အထူးကြပ်မတ်ကာ ကုသနေရဆဲဖြစ်ပြီး တိုးတက်သည့် လက္ခဏာများကို တွေ့နေရပြီဟု မန်နေဂျာဖြစ်သူ ဆဘီယင် ခမ်းက ပြောကြားခဲ့သည်။
“ကျွန်မတို့ကိုအားတက်စေတဲ့ လက္ခာတွေ ရှိနေတယ်လို့ ကျွန်မပြောနိုင်ပါတယ်” ဟု ခမ်က ဆိုသည်။
ရှူးမိတ်ကာ၏ အခြေအနေမှာ ပြန်လည်ကောင်းမွန်ရန် အလားအလာနည်းသောကြောင့် မိသားစုများက ဆွဇ်ဇလန်ရှိ ၎င်း၏နေအိမ်ကို ပေါင် ၁၀ သန်းတန်ဖိုးရှိမည့် ဆေးရုံသဖွယ်ပြုလုပ်ကာ ရှူးမိတ်ကာအား ဆေးရုံမှ ပြန်လည်ခေါ်ဆောင်ရန် ပြင်ဆင်နေသည်ဟူသောသတင်းအား ခမ်က ငြင်းဆိုခဲ့သည်။
ရှူးမိတ်ကာမှာ ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းရှိ အပန်းဖြေစခန်းတစ်ခုတွင် ပြီးခဲ့သည့် ဇန်န၀ါရီလနှောင်းပိုင်းက နှင်းလျောစီးရာမှ မတော်တဆဖြစ်ကာ ဦးခေါင်းမှာ ကျောက်တုံးနှင့် ရိုက်မိခဲ့သည်။ ထိုအချိန်မှာစ၍ ရှူးမိတ်ကာမှ သတိပြန်လည်လာခြင်းမရှိဘဲ ကိုးမားရောဂါခံစားနေရခြင်းဖြစ်သည်။
Mirrror
Leave a Reply
You must be logged in to post a comment.