ဧပြီ ၁၉၊ ၂၀၁၄
ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
ဗိုလ်ပိုသည် ယင်းတော်ရွာ လက်နက်ကိုင်အစုသား ကင်းတား ကုလားပျိုသွေးသောက်ကြီးဖြစ်သည်။ ရုပ်ဆင်းသဏ္ဌာန်မှာ နှုတ်ခမ်းမွှေး ကားကား၊ ပါးမုန်းမွှေးပါးပါး၊ အသားဖြူဖြူ လုံးကြီးပေါက်လှဖြစ်သည်။ ဆံကေသာ သျှောင်ကြွားကြွားတွင် ဖော့လုံးဖြူတစ်ပတ်ရစ်ပေါင်းသည်။
ဆဒ္ဒန်ဆင်မင်းသခင် ဘ၀ရှင်မင်းတရားကြီးက ထောင်ထားခြားနား နေသော ရှမ်းငဖုံးကို နှိမ်နှင်းကွပ်မျက်ရမည်ဟု မိန့်တော်ချစဉ် မိမိ၏ ညီတော် ဗိုလ်ဦးပဲကို ခေါ်ရန် အဆောင်ကိုင် ဗိုလ်တစ်ဦးကို စေလွှတ်သည်။ ညီတော် ရောက်လာသည့်အခါ ရှမ်း ငဖုံးအရေးကို ငြိမ်းအေးအောင် ဆောင်ရွက်ရန်တိုင်ပင် ညှိနှိုင်းကြသည်။ မကြာမီ-
“နှမလေးမယ်တို့ မောင်မှာ
စစ်သံကြားလျှင် ရွှေဓားပိုက်ကာ
အိုးစားဖက်ကို လိုက်လို့ရှာသည်”
ဟူသော စစ်သည်ဘွဲ့ အိုင်ချင်းကဲ့သို့ အိုးစားဖက်များရှာပြီး တပ်စုဖွဲ့ကြသည်။
သွေးသောက်ကြီး ဦးပိုသည် အုန်းခွံရောင်မြကလေးခေါ် မြင်းကြီးကို စီးလျက် တပ်ဦးမှချီတက်သည်။ ထိုစဉ် ယင်းတော်တစ်ဝိုက်တွင် တပ်ဆော် ဒုံးချင်းသံများ ညံသွားတော့သည်။
“ကုန်းဘောင် ရွှေဘို နေလိုထွန်း၊ ဆက်ခါနှင်းတဲ့၊ နွယ်သမ်္ဗိန်၊ ကနက်မိုးလို့၊ နန်းရိုးစိန်၊ မန်းမြို့ရွှေပြည်ငါတကားဟဲ့၊ ယောက်ျားဆိုမျှ၊ ဤမြေပြင်၊ ဗျူဟာသေနင် အခေါင်ချုပ် ခေါဘဏီ ရန်ခလုတ်ချိုးနှုတ်တဲ့ မှုထမ်း။ လက်ရွေးတော်ကြုံ၊ ဘာမဖြုံသည်၊ သေနတ်ကို ရဲသတ်္တိမှုထမ်း၊ ပရိမ္မာဘွား၊ ကျန်ရစ် သား၊ ဘုရားဟောမှ လောကီဈာန်၊ တော်စွာလျော်စွာ၊ တော်ပေတောင်း၊ ရန်အပေါင်းခေါင်ကဖြို၊ ကင်းတားကုလားပျို၊ မကျော်လားဟဲ့၊ မော်ထားတဲ့ ဤမြေ၊ ဗျူဟာ သေနင်အပေါင်းချုပ်၊ ခေါဘဏီရန်ခလုတ်၊ ချိုးနုတ်တဲ့မှုထမ်း”
ဟူသော ဒုံးချင်းသံသည် ကြားရသူအပေါင်းကို စစ်စိတ်စစ်မာန် ပွားစေသည်။ ဇာတိသွေးဇာတိမာန် ထက်သန်စေသည်။ သွေးသောက်ကြီး ဦးပို၏ သေနတ်ကိုင် အစုသားငါးဆယ်ကျော်တွင် ညီတော်မောင်ဦးပဲလည်း ပါဝင်သည်။
စစ်ခရီး ၁၅ ရက်ခန့်ကြာသောအခါ သိန်္နီအနီး တောကြီးမျက်မည်းထဲ၌ ထောင်ထားခြားနားသူ ငဖုံးနှင့် နောက်လိုက်တစ်စုတို့ကို ရင်ဆိုင်တွေ့ ရသည်။ ငဖုံးတို့နှင့် အပြန်အလှန် ပစ်ခတ်ကြသည်။ ဦးပိုတို့ ညီအစ်ကိုသည် အထိုးအခုတ် အပစ်အခတ်၌ ကျင်လည်သည်။ အရှောင်အတိမ်း တွင်လည်း ကျွမ်းကျင်သည်။ သူပုန်နှင့် ရင်ဆိုင်စဉ် တူမီးသေနတ်နှင့် ပစ်ခတ်ရသည်ကို အားမရနိုင်တော့၊ နိုင်ချင်ကြက်ကဲ့သို့ အတင်းဝင် အတင်းခုတ်တော့သည်။ ထိုရင်ဆိုင်တိုက်ပွဲတွင် ရန်သူ၏လှံချက်ဖြင့် ဗိုလ်ဦးပဲ ကျဆုံးရသည်။ သွေးသောက် ဦးပို၏သွေးသည် ပို၍ ဆူဝေပြီး ငဖုံးရှိရာသို့ တရစပ်ဝင်သည်။ ဦးပို၏ လှံချက်သည် ငဖုံး၏ချက်ကောင်းကို စူးနစ်သွားပြီး ငဖုံးမရှုမလှကျဆုံးသည်။ နောက်ပါငယ်သားတို့လည်း အတုံးအရုံးပြိုလဲပြီးအကျအဆုံးများစွာနှင့် ထွက်ပြေး ကြရသည်။
သွေးသောက်ကြီး ဦးပိုသည် ညီဦးပဲအား ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီး စစ်မြေမှပြန်ခဲ့သည်။ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ပြီး အပြန် လမ်းခရီးတွင် ရတနာပုံနေပြည်တော်မှ ခံတပ်ဗိုဒိုကရင်၏သား ဗိုလ်ချုပ် ၀လီခန်တပ်နှင့်တွေ့ဆုံသည်။ ဗိုလ်ချုပ်ထံ အကြောင်းစုံတင်ပြပြီး ရွာသို့တပ်ပြန် ဆုတ်ခွာခဲ့သည်။ သွေးသောက်ကြီး ဦးပိုမှာ ရတနာပုံနေပြည် တော်သို့သွားရောက်ပြီး လွှတ်တော်ဝန်ကြီး၊ ဗြဲတိုက်ဝန်ကြီးတို့ထံ အကြောင်းစုံ လျှောက်တင်ပြီး မှ ယင်းတော်သို့ပြန်ခဲ့သည်။
ဤသို့ ရှမ်းငဖုံးကို နှိမ်နင်းအောင်မြင်ခဲ့ကြောင်း မင်းတုန်းမင်း တရားကြီးကြားသိသောအခါ ဦးပိုအား နေမျိုးရဲတင် ရန်အောင်ဟူသော ဘွဲ့ကို ချီးမြှင့်သည်။ မကြာမီမှာပင် ကင်းတားကုလားပျိုအစုသားအပေါင်းတို့အား ဦးစီးအုပ်ချုပ်ရန် အစီရင်ရာထူး၌ ထပ်ဆင့်ခန့်ထားပြန်သည်။ ထိုအခါမှစ၍ ဦးပိုအား သွေးသောက်ကြီးနေမျိုးရဲတင်အောင်အစီရင် ဦးပိုဟု ခေါ်တွင်ကြသည်။
သွေးသောက်ကြီး နေမျိုးရဲတင်ရန်အောင် အစီရင်ဦးပို အုပ်ချုပ်စဉ် အခါတွင် ယင်းတော်ရွာ၌ ခုံဦးရွဲဟု အမည်ထင်ရှားသော လူရိုးကြီး တစ်ယောက်ရှိသည်။ သူ့တွင် သားမယားမရှိ။ ရသမျှ ငွေစကြေးစကလေး များကို စုဆောင်းထားလေ့ရှိသည်။ အကြောင်းသိသော အခြားလူကြီး တစ်ဦးက ခုံဦးရွဲ ညအချိန် ဗလီသို့အလာလမ်းမှဆီးကြို၍ ခုံမင်း၏ ငွေများကို ခဏလှည့်ပါ။ ထိုငွေများနှင့် လောင်းကစားရလျှင် အမှန်နိုင်ရမည်၊ နိုင်လျှင် ခုံမင်းကို တစ်ဝက်ပေးမည်ဟု ဖြားယောင်းပြောဆိုသည်။ ခုံမင်းက ယုံကြည် ပြီး မိမိငွေစများကိုပေးလိုက်သည်။ အဆိုပါလူကြီးသည် အခြားသူတစ်ဦးနှင့် ကစားရာ ရှုံးသွားသည်။ ထိုအခါ ခုံဦးရွဲမှာ ချမ်းသာသမျှ ငွေစဆုံးရှုံး သွားသဖြင့် စိတ်ချောက်ချားသွားသည်။ ရွာထဲ၌ တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်သွားလာ လျက်နေရှာသည်။
ဦးရွဲ၏အဖြစ်အပျက်ကို သွေးသောက်ကြီး အစီရင်ဦးပိုသို့ တိုင်ကြားရာ သွေးသောက်ကြီးက ခုံဦးဝှိုက်ကို ခေါ်၍ စာချိုးစေသည်။ ခုံဦးဝှိုက်သည် ၎င်းတို့အကြောင်းကို ခုံဦးရွဲ ၀ိညာဉ်ဘုံမှနေ၍ ဆိုဟန်စပ်ဆိုထားသည်။
ဝိဉာဉ်ဘုံမှ အသံ
—————-
“အကြောင်းရယ်မှ စုံစွာလေ၊ ကျုပ်ဖြစ်လျာကို၊ ရွှေနား ချိုသာ၊ ပြန်ပြောပါမည်၊ အုန်းထန်းသပြေ၊ မှိုင်းဝေေ၀နဲ့၊ ရေလဲတင်ကြမ်း၊ ပန်းလဲနီဝါ၊ သာခေါင်ငယ်ချင်းပေတဲ့၊ ရွှေယင်း ရွာ၊ ပလီတကာခေါ်ဆို၊ ငါမင်းပျိုဟု၊ သုံးမည်ခေါ်မြဲ၊ ခုံကိုရွဲတဲ့၊ လူတို့အမှု၊ ကာမေသုကို၊ မပြုလိုပြီ၊ ပိတ်ဒုံးဒရီ၊ ဇာအင်္ကျီနှင့်၊ ဘောင်းဘီပုတီး၊ ယူပြီးသောအခါ၊ အေရှာနမာဇ်၊ ဖတ်ချိန်သင့် ပြီ၊ လမ်းမဆီသို့၊ ကြမ္မာငယ် သွေကွက်၊ အနောက်ဘက်ကို၊ ထွက်လာရာတွင်၊ ရှိုင်တွာန်ဝင်၍၊ အရှင်မြတ်က၊ လအနတ် ချသကဲ့သို့၊ အစရယ်မှအဆုံး၊ ကိုဗိုင်ဒုံးနှင့်၊ တွေ့ကြုံကြလေ၊ မျက်စိမှိတ်ကာ၊ လည်ညိတ်ကာ ဖြင့်၊ မာယာလှည့်ဖြား၊ ကုလား တစ်သွယ်၊ ပေါက် ၂၀၊ တကယ်ရိုက်စို့၊ ကတိခံပြီးပြန်လာပြီးမှ၊ ရွှေညောင်သာခေါင်၊ ရပ်များဘောင်က၊ မှောင်ခိုနှင့်ပင်၊ ပေါင်းသင်းတွေ့ယှက်၊ ကစားကွက်၊ တစ်ချက် လောင်းသော်၊ ကံမတော်၊ ချော်ရလေချင်း၊ လူ့အဖျင်းတွင်၊ သူ့ညွတ်ကွင်း၊ ချက်ချင်းဝင်မိ၊ သွေးသံလှည့် ပတ်၊ ရောဂါများကပ်သလို၊ မတ်တတ်မိ၍ ကသီလင်တ၊ ဒေါင်းတစ်ရာ့ခုနစ်ဆယ်၊ တကယ် ပေးရ၊ ကိုဗိုင်ဒုံးက၊ လူလုံးလှ၍၊ ငါ့မှာတစ်မူ၊ နတ်မဟူ၊ လူလဲ မဟုတ်၊ စိတ်တစ္ဆေကိုင်၊ မရပ်နိုင်အောင်၊ အပူရိုင်မြင်းကဲ့သို့၊ မတင်းမမာ၊ ငါဖမ်းစား ကုလားပြစ်၊ ချမ်းသာရစေ၊ မင်္ဂလာရယ် မှစံခင်း၊ ရွှေယင်းရွာ၊ဂုဏ်ရောင် ငယ်လင်းပေတဲ့ ခုံမင်းတတွေ”
ဤကဗျာကို စာဆိုတော် အဖတ်တော် ဦးမောင်ကြီးအား လူထု အလယ်၌ဖတ်ကြားစေသည်။ ခုံ ဦးရွဲ၊ ညောင်မြင့်သူကြီး ဦးခို၊ ဦးဗိုင်ဒုံး တို့သည် သွေးသောက်ကြီးက အထူးအပြစ် မပေးရဘဲရှက်လှ၍ နောင်ဤသို့ မလုပ်ပါဟု အပြစ်ကို ၀န်ချတောင်းပန်ရသည်။ ခုံ ဦးရွဲသို့ ဒေါင်းဒင်္ဂါး (၁၇၀)ကိုလည်း ပြန်ပေးရသည်။ ထိုအခါမှ ခုံဦးရွဲမှာ ၀မ်းမြောက်လှ၍-
“ခုံ ငရွဲ ဖုန်ထဲမှာဖြင့် မပျော်ချင်။ လူစတုံး အောင်လို့၊ ငဗိုင်ဒုံး သူပလီ၍ မူလကျီ အလုပ်ရဲတယ် သဲတဲ့ဖြစ်အင်။ ခိုဒါထံ ဒိုအာသပါလို့ လိုရာတတောင်းဆိုလျှင်၊ အရှင်က ချက်ချင်း၊ သွေးသောက်ဆို မေးထောက်သူ ဦးပိုကွ၊ ထူးသိုဘာ အပြစ်ကင်းအောင်ပ၊ လက်ငင်းလူတကာသို့၊ ကဗျာခေါ်ဆို တေးငယ်နဲ့ပြစ်ပေးကာ ကြောင်းဖော်ထုတ်တယ် ဟုတ်ပေ့ခုံမင်း” ဟု ဆိုသည်။
လူရိုးကြီး ခုံဦးရွဲသည် ပြန်လည်ရရှိသော ဒေါင်းဒင်္ဂါး(၁၇၀)ထုပ်ကို ကျောတွင်ပိုး၍ လမ်းတစ်လျှောက် တတွတ်တွတ် ရေရွတ်လျက် တစ်ချက် တစ်ချက် သီချင်းများပင် သီဆိုလိုက်သေးသည်။
သီချင်း
——–
“ငဗိုင်ဒုံး အပိုင်ကျုံးမယ်လို့ သူကြံစည်။ မြတ်တစ်ပါး ဘုရား ကယ်ကူလို့ စင်ကြယ်ဖြူ ခုံငရွဲမှာ လွှဲရလေပြီ၊ ညောင်မြင့်ဆိုရွာ ကျပ်တွင်းရယ်က ခုံမင်းမောင်ခိုနဲ့ တူနှစ်ကိုယ် မျက်စိမှိတ် စိတ်က ပလီ၊ မပြီတဲ့ယောက်ျား၊ နေမျိုးတဲ့ရဲတင် ရန်အောင်ရှင် စီရင်မင်း ရယ်က ပြစ်ရင်းဖော် မထုတ်ပေမယ့်၊ သူယုတ်ကောင်ချင်းတို့ လက်ရယ်မှာ ချက်ချင်းမိန့်နှင့် တောင်းတယ် ဒေါင်းငွေဒင်္ဂါး”
အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဆင်နွှဲရန် ၁၂၄၇ ခု သီတင်းကျွတ်လတွင် ရတနာပုံနေပြည်တော်မှ ချီတက်လာသော ဗိုလ်ချုပ်ဝလီခန်တပ် ဗလ မင်းထင်တပ် ယင်းတော်သို့ ရောက်လာသည်။ ထိုအခါ တော်ဘုရားလေး သီပေါမင်းအမိန့်တော်အရ သွေးသောက်ကြီးဦးပိုသည် ထိုတပ်များနှင့် အတူ ချီတက်လိုက်ပါသွားရလေသည်။ ဗိုလ်ချုပ်ဝလီခန်တပ်သည် တောင်ငူဘက်သို့လည်းကောင်း၊ ဗလမင်းထင်တပ်သည် တောင်တွင်းကြီးမှ မိကျောင်းရဲသို့ လည်းကောင်း အသီးသီးချီတက်ကြသည်။ မကြာမီမှာပင် နေပြည်တော်မှ ပြန်လည်ဆုတ်ခွာခဲ့ကြရမည်ဟု အမိန့်တော် ရောက်ရှိလာ ပြန်သဖြင့် အသီးသီး ဆုတ်ခွာပြန်လည်လာခဲ့ကြရာ သွေးသောက်ကြီး ဦးပိုလည်း ပြန်လာခဲ့ရသည်။
နေမျိုးရဲတင်ရန်အောင် အစီရင် ဦးပိုသည် အမှုတော်ကို သက်စွန့် ကြိုးပမ်းထမ်းရွက်သည်။ ယင်းတော်နှင့် ပတ်ဝန်းကျင်ရှိ မွတ်စလင်မ်ရွာတို့ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်စီမံရသည်။ အားလပ်ချိန်ကလေးများတွင် ရှေးဟောင်းစာပေပုရပိုက်များကို ရှာဖွေဖတ်ရှုလေ့ရှိသည်။ ထို့ကြောင့် အမှုများစီရင် ရာတွင် ဦးပို၏စီရင်ထုံးများသည် မှတ်သားဖွယ် ကောင်းသော စီရင်ထုံးများဖြစ်သည်။ သစ်ကုန်သည် ဂိုလာမတီနှင့် မိဒါသတို့၏ ရရန်၊ ပေးရန် အငြင်းအခုံ ဖြစ်ပွားသော အမှုစီရင်ရာ၌ အထူးကောင်းမွန်လှပေသည်။
ဦးပိုသည် ကဗျာစာပေဘက်၌လည်း ၀ါသနာပါသည် လူပေါင်း ၃၀၀၀ ကျော်တို့ မြန်မာပြည်သို့ ၀င်ရောက်လာပုံ လင်္ကာ(၁၀)ပုဒ် စပ်ခဲ့သည်။ တေးထပ်၊ လေးချိုးတို့ကိုလည်း စပ်ဆိုခဲ့သည်။ လင်္ကာ ၁၀ ပိုဒ် အစကို ဖော်ပြပါသည်။
မခြား နဂိုရ် ကုလားပျို
“နေမျိုးမှုတင်၊ ရန်အောင်တင်သား၊ ဘွဲ့ရှင်မောင်ပို၊ ကျွန်ုပ်ဆိုမည်၊ နဂိုရ်ဌာန၊ အိန်္ဒိယ၀ယ်၊ အဘနတ်ရွာ၊ စံလေ ရှာသော်၊ နှစ်ဖြာညီနောင်၊ စစ် မဆောင်ဘဲ၊ အခေါင်ကြငှန်း၊ ဘထီးနန်းကို၊ သိမ်းမြန်းဆက်ခံ၊ နောင်တော်စံ၍၊ ဘုန်းလျှံ ယှက်ဖြာ၊ ဥပရာလည်း၊ ဘရွာနဂိုရ်၊ မနေလို၍၊ ဗိုလ်ခြေနောက်ပါ၊ ရံများစွာနှင့်၊ ယက္ခာပူရ၊ သူ့ယောက်ဖ၏၊ ဌာန ရွှေမြေ၊ ရခိုင်ပြေသို့၊ ကြွလေသောဟူ၊ ရောက်တော်မူသော်၊ တစ်ဆူသနင်း၊ ရခိုင်မင်းလည်း နန်းတွင်းရှုပ် ထွေး၊ တိုင်းပြည်ရေးကို၊ ဆွေးနွေးတိုင်ပင်၊ ပြုစီရင်၍၊ သခင်စိတ်ဖြူ၊ ကြည်တော်မူသည်၊ ဧလူနှလုံးရွှင်သတည်း။
မင်းသားဥပရာ၊ စိတ်ကြည်စွာဖြင့်၊ စံရှာပျော်ပိုက်၊ နေသော ကြိုက်တွင်၊ နောက်လိုက်ဗိုလ်ပါ၊ ချို့များစွာကို၊ ရာဇာသနင်း၊ ရခိုင်မင်း၏၊ တင်းမာ ခက်ထန်၊ ရာဇမာန်ကြောင့်၊ တရံမကြာ၊ သုံးထောင်သာသည့်၊ ဗိုလ်ပါရဲမက်၊ အရှေ့ဘက်သို့၊ ထွက်ခဲ့လေရာ၊ ပြည်မြန်မာ၌၊ ဟံသာရောက်သွား၊ မင်းတရား ၏ ထံပါးရောက်လာ၊ ခိုလှုံပါသော်၊ ရာဇာသနင်း၊ စကြာမင်းက၊ နှစ်သင်းခွဲလျက်၊ မြစ်မြောက်ဘက်နှင့်၊ တောင်ဘက်သို့လျှင်၊ ခြားစီရင်၍၊ အရှင့်မှုတော်၊ ထမ်းစေသော်တည်း၊ ပြည်ပေါ်ထင်ရှား၊ မှုထမ်းသားဝယ်၊ မခြားနဂိုရ် ကုလားပျိုဟု၊ လိုရာ ရွေးထုတ်၊ ရန်ခလုတ်ကို၊ ချိုးနှုတ်ဂုဏ်ပြောင်၊ ပွဲတိုင်းအောင် သည်၊ အခေါင်ဇာနည်ဘွားပေတည်း” ဟူ၍ဖြစ်သည်။
ဦးပို၏ခေတ်အခါတွင် ယင်းတော်ရွာမှ စာပေပညာရှိ အချို့ ပေါ်ပေါက်ခဲ့သည်။ ပေါ်ပေါက်သူတို့ကို အဆင့်အတန်းအလိုက် ချီးမြှင့်လေ့ရှိသည်။ လက်ရေးဖြင့် ကုရ်အာန်များရေးစေလျက်ရွာ၌ ဓမ္မဒါန အဖြစ်ဝေငှခဲ့သည်။ ကလေးသူငယ်တို့အား ဒီနီယတ်နှင့် အရဗီစာပေများကို ဂိုဏ်းသခင်ကြီး ဦးမွတ်စံ က သင်ကြားပေရသည်။
ထိုခေတ်အခါ၌ စာပေသက်သက် သင်ပေးသော ဆရာဦးစိန်၏ ကျောင်းတစ်ကျောင်းလည်းရှိသည်။ သွေးသောက်ကြီးသည် ဆရာကြီး ဦးစိန်အား သခင်ကြီးဦးနုရေးခဲ့သော ၃၅ ခန်းကျမ်း ၁၆ ပိုဒ် လင်္ကာ၊ ၁၁ ခန်း ကျမ်းတို့ကို စာပေနှင့် ဘာသာရေးအဖြစ် သင်ကြားပေးစေသည်။ ထို့ကြောင့် ဆရာကြီး ဦးစိန် ကျောင်းထွက်သည် ၃၅ ခန်း၊ ၁၆ ပိုဒ် လင်္ကာ၊ ၁၁ ခန်း၊ လက်ဆောင်တော် ၄၀ လင်္ကာ တို့ကို အလွတ်ရသူများ ကြသည်။ သွေးသောက်ကြီး ဦးပို သည် ဗြိတိသျှများ ကျူးကျော်ဝင်ရောက် လာပြီးနောက် ၂၅ နှစ်ခန့်ကြာမှ မိမိနေရာ မင်းဝိုင်းအိမ်ကြီးတွင် အလ္လာဟ်အရှင် အမိန့်ခံယူတော်မူသည်။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments