6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၈ ၊ ၂၀၁၄
M-Media
ရေးသားသူ- ဦးဦး မှော်ဆရာ

69

ကာတွန်း Credit – လဂွန်းအိမ်

မြန်မာပြည် ပြောင်းလဲနေပြီလားလို့မေးရင် ပြောင်းလဲနေပြီလို့ အတိအကျပြောလို့ရပါတယ်။ (ပြောင်းလဲနေပြီဆိုတဲ့ အဖြေတစ်ခွန်းထဲနဲ့တော့ ကျနော့်ကို အပြင်းအထန်ကန့်ကွက်မဲ့သူ များလိမ့်မယ် ထင်တယ်။ ကျနော် ရေးတာပြီးအောင်ဖတ်ပြီးမှ ကန့်ကွက်ပါ။)

Democratization လို့ခေါ်တဲ့ အာဏာရှင်စနစ် ဒါမှမဟုတ် ဒီမိုကရေစီလုံးဝမရှိတဲ့အခြေအနေကနေ ဒီမိုကရေစီစနစ်ဆီသို့ အသွင် ကူးပြောင်းခြင်းဖြစ်စဉ်ကို နိုင်ငံရေး သိပ္ပံမှာ ယေဘုယျအားဖြင့် အဆင့်(၃) ဆင့် ခွဲခြားပါတယ်။

(၁) Liberalization : ယခင်အာဏာရှင်စနစ်ဟောင်းက တင်းကြပ်ဖိနှိပ်ထားမှုတွေကို တဖြေးဖြေးချင်း ဖြေလျော့ပေးတဲ့ အဆင့်ပါ။ ဥပမာ- မီဒီယာ တင်းကြပ်ထားမှုတွေ ဖြေလျော့တာမျိုး၊ နိုင်ငံရေးဆိုရင် ရှေ့ နောက် ကြည့်ပြောနေရတဲ့ အခြေအနေကနေ အော်ကြီးဟစ်ကျယ်ပြောလို့ရတဲ့ အခြေအနေတွေ ဖြစ်လာခြင်း။ သို့သော် ဒီဖြေလျော့မှုတွေဟာ ကဏ္ဍအားလုံး၊ နိုင်ငံသားအားလုံးအပေါ် အကျိုးသက် ရောက်မှုရှိလိမ့်မယ်လို့ မှတ်ယူလို့မရပါဘူး။

(၂) Transition : ဖြေလျော့ခြင်းအဆင့်ကို လွန်မြောက်တဲ့အခါ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို စတင် မိတ်ဆက်ခွင့်ပေးပြီး ဘောင်ကိုလည်း တဖြေးဖြေး ခိုင်မာအောင် အခြေတည်စေပါတယ်။ ဒီ အဆင့်ကနေ ဒီမိုကရေစီ စနစ်ကို အခက်အခဲမရှိ တန်းတန်းမတ်မတ်ရောက်အောင် သွားနိုင်မယ်လို့ တော့ အသေအချာ မပြောနိုင်ပါဘူး။ ဒါဟာ ဘာမှန်းမသိတဲ့ သေချာရေရာမှုမရှိသေးတဲ့ အနေအထား တစ်ရပ်ဖြစ်နေဆဲ မို့လို့ပါ။ နည်းနည်းပါးပါး အကြပ်အတည်း ကြုံရပြီး ဒီမိုကရေစီပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်သွားတာလဲရှိသလို၊ တခါတလေကျတော့ လမ်းတ၀က် တောင် မရောက်သေးဘဲ နောက်ထပ်တဖန် အာဏာပြန်သိမ်းခံရပြီး ပိုဆိုးတဲ့အာဏာရှင်စနစ်ကို ရောက်သွားတာလဲ ရှိတယ်။ ဒါကြောင့် ဒီအဆင့်ကို နိုင်ငံရေးပညာရှင်တွေ ပိုမိုအာရုံစိုက်လေ့ ရှိပါတယ်။

(၃) Substantive Democratization : ဒီအဆင့်မှာလည်း နှစ်ပိုင်း ထပ်ခွဲသေးတယ်။ Initial state နဲ့ Consolidation of Democracy ဆိုပြီးတော့..။ ဒီအဆင့်ရောက်ပြီဆိုရင်တော့ ရေရှည်တည်တန့်မည့် ဒီမိုကရေစီစနစ်တစ်ရပ် ခိုင်ခိုင်မာမာ ဖြစ်လာစေဖို့ ဒီမိုကရက်တစ်ဘောင်ကို ချဲ့ထွင်တည်ဆောက်ပါ ပြီ။ ဒီအဆင့်မှာ သေချာပြောနိုင်တာက နောက်ကြောင်း ပြန်ခြင်းဆိုတဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ မရှိသလောက်နည်းသွားပြီ။ ဘယ်လို ဒီမိုကရေစီပုံစံမျိုး ဖြစ်ထွန်းလာ သလဲဆိုတာ ဆန်းစစ်ဖို့ပဲလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီကူးပြောင်းခြင်း ဖြစ်စဉ်တိုင်းဟာ ပေမှီဒေါက်မီဒီမိုကရေစီ စနစ် တစ်ရပ်အဖြစ် ရောက်ရှိ သွားလိမ့်မယ်လို့ ဘယ်သူကမှ အာမခံလို့မရလို့ပါပဲ။ ကျနော့်လေ့လာမှုအရ ပြောရရင် အသွင်ပြောင်းခြင်းဖြစ်စဉ်တွေတုန်းက အခြေခံခဲ့တဲ့ အိုင်ဒီယိုလော်ဂျီတွေအပေါ် အဓိက အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီစနစ်ဟာလည်း အဆင့်အတန်း ကွာခြားသွားနိုင်ပါတယ်။ ဥပမာ- ဆိုရှယ်လစ် အတွေးအခေါ်ကို အဓိက အခြေခံတဲ့ အပြောင်းအလဲရဲ့ရလဒ်က ဆိုရှယ်ဒီမိုကရေစီ ဖြစ်လာဖို့ရာခိုင်နှုန်း ပိုများပါတယ်။ ဒီအကြောင်းကို အကျယ်တ၀င့် မရှင်းတော့ဘဲ မြန်မာပြည်ဘက်ပြန်လှည့်ကြမယ်။

ကျနော့်အမြင်အရ မြန်မာပြည် အပြောင်းအလဲက Liberalization အဆင့်ကို ကျော်လွန်ခဲ့ပြီလို့ ဆိုနိုင်တယ်။ အတိုင်းအတာ တစ်ရပ်ထိ လွတ်လပ်စွာ ပြောဆိုရေးသား ခွင့် ပြုလိုက်တယ်။ (ဒါ သန်းရွေအချိန်က မရှိခဲ့ဘူး) နောက်ပြီး democratic institutions တွေ ပေါ်လာပြီ။ လွှတ်တော် ပေါ်လာပြီ၊ လွှတ်တော် နဲ့ အစိုးရကို ခွဲထုတ်ပြီ။ ရွေးကောက်ပွဲတွေ ပေါ်လာပြီ။ ဒီ Institutions တွေက Transition ကိုဖေါ်ညွှန်းတယ်။ ယခင်က စစ်အစိုးရက အပြင်းအထန် ဆန့်ကျင်ခဲ့သယောင်ရှိတဲ့ တချို့ပုဂ္ဂိုလ်များဆိုရင် ဒီလို Liberalization ရဲ့အစွမ်း ကြောင့် `ငါတို့ သမ္မတကြီးကို မထိနဲ့´ ဆိုတဲ့ထိ ပြောင်းလဲသွားကြတယ်။ ဒါပေမဲ့ ဒီအသွင်ကူးပြောင်းခြင်း အဆင့် အောင်မြင်သလား ဆိုတာထက် ဘယ်လိုပြောင်းလဲနေသလဲဆိုတာကို ကျနော် ပိုစိတ်ဝင်စားတယ်။ ပညာရှင်တချို့က ဒါကို Contested Democracy ရော၊ Electoral Authoritarianism လို့လဲခေါ်ကြတယ်။ ရွေးကောက်ပွဲတွေ ပုံမှန် လုပ်ပေးနေပေမဲ့ အာဏာရှင်စနစ်ပဲ။ ဒီမိုကရေစီ elements တွေမပြည့်ဘူးလို့ ဆိုလိုတယ်။

ဒီတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို သီအိုရီအရ စံနှုန်းတချို့နဲ့ ချိန်ထိုးကြည့်လို့ရတယ်။

(၁) ပထမဆုံးတော့ ဆင်မြူရယ်ဟန်တင်တန်ရဲ့ အသွင်ကူးပြောင်းမှု ပုံစံသုံးမျိုးနဲ့ ချိန်ထိုးကြည့်မယ် ..

(i) တစ်မျိုးက Replacement လို့ခေါ်တဲ့ လက်ရှိအာဏာရှင်အစိုးရပြိုလဲသွားလို့ ဒါမှမဟုတ် အတိုက်အခံ အင်အားစုက အာဏာသိမ်းပိုက်လိုက်နိုင်လို့ အတိုက်အခံဘက်က အစိုးရတစ်ရပ်အနေနဲ့အစားထိုး ၀င်လာတာမျိုး။

(ii) နောက်တမျိုးက Trans-placement လို့ခေါ်တဲ့ လက်ရှိအာဏာရှင်အစိုးရနဲ့ အတိုက်အခံနဲ့ပေါင်းပြီးတော့ အသွင်ကူးပြောင်း ယူတာမျိုး။

(iii) နောက်ဆုံးတမျိုးက Transformation လို့ခေါ်တယ်။ လက်ရှိရှိနေတဲ့ အစိုးရကပဲ သူတို့ကိုယ်ကို မထိခိုက်စေ ရအောင် အကာကွယ်ယူပြီး သူတို့ရဲ့ အာဏာကို တဆင့်ခြင်းဆီလျော့ချသွားပြီး အသွင်ပြောင်းပေး သွားတာမျိုး။

လက်ရှိ မြန်မာပြည်က နံပါတ်(iii) transformation ပုံစံနဲ့ ပြောင်းနေတာ..။ ဒီလို transformation ပုံစံ အပြောင်းအလဲက မသေချာမှုတွေ အရမ်းများတယ်။ အပြောင်းအလဲဖြစ်စဉ်ကို အာဏာရှင်တွေ ကိုယ်တိုင်က ထိန်းချုပ်ထားတာဖြစ်လို့ stability ရှိကောင်း ရှိနိုင်ပေမဲ့ Democratic elements တွေ မပြည့်ဘူး။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်တွေက သူတို့ကိုယ်ကျိုးစီးပွားတွေကို ဘယ်လောက်ထိ လျော့ပေးမှာလဲဆိုတာ ထည့်တွေးနေတာကိုး..။ State within the State ပုံစံနဲ့ နှစ်ပေါင်းရှည်ကြာ ရှိနေခဲ့တဲ့ စစ်တပ်ကြီးလို အဖွဲ့အစည်းကြီးတစ်ခုကို ချက်ချင်းကြီး ပုံစံပြောင်းဖို့ အင်မတန် ခက်ခဲပါတယ်။ နောက်ပြီး ဒီပုံစံအပြောင်းအလဲက ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း တထစ်ချ ပြောလို့မရဘူး။ – ဒီလိုပဲ ပုံစံ(i)Replacement ကရော သေချာသလားဆိုရင်.. အဲဒါလည်း မသေချာဘူး။ stability မရှိဘူး။
( မြန်မာပြည်ရဲ့ Transformation ဖြစ်စဉ်နဲ့ပက်သက်ပြီး သီးခြား ဆောင်းပါးတစ်ပုဒ်ရေးပြီး အကျယ်ရှင်းပါဦးမယ်။)

(၂) နောက်ထပ် Democratic Civilian-Military Relations (ဒီမိုကရက်တစ် အရပ်ဘက် -စစ်ဘက် ဆက်ဆံရေး) ကို ကြည့်ရမယ်။ စစ်ဘက်ကို အရပ်သားက ထိန်းချုပ်လို့ရတဲ့ ဆက်ဆံရေးမျိုးကိုခေါ်တာ။ လွှတ်တော်က စစ်တပ်ကို ထိန်းချုပ် ကွပ်ကွဲနိုင်ပြီလားဆိုတာ ကြည့်ရမယ်။ တစ်နှစ်စာ စစ်တပ်အသုံး စရိတ်ကို လွှတ်တော်က ဘယ်လောက်ထိပဲ ခွင့်ပြုမယ် ဆိုတာမျိုးတွေ လုပ်လို့ရပြီလား။ ဒါတွေ ကြည့် ရမယ်။ ဒါဆို ဒီအချက်ကလည်း မြန်မာပြည် အပြောင်းအလဲကို တိုင်းတာတဲ့ `စံ´တစ်ချက် ဖြစ်ပြန်တယ်။  (ဒီအချက်မှာလည်း သိန်းစိန်အစိုးရ မအောင်မြင်ဘူး။)

(၃) နောက်တစ်ချက်က အရင်စစ်အစိုးရပုံစံမှာ ရှိခဲ့တဲ့ Regional Command System(တိုင်းစစ်ဌာနချုပ်) တွေ ဆက်ရှိနေ သေးသလားဆိုတာ ကြည့်ရမယ်။ Regional Command System က လိုအပ်လား၊ မလိုအပ်ဘူးလား .. အဲဒါတွေက လက်ရှိ ရှိနေတဲ့ Civilian Administrated Centers တွေနဲ့ အားပြိုင်မှု ဘယ်လိုရှိသလဲ .. အဲဒါတွေနဲ့ အားပြိုင်မှု ရှိနေတယ်ဆိုရင် တိုင်းစစ်ဌာနချုပ်တွေ ဘာလို့ဆက်ထား တာလဲ .. အဲဒါလည်း အပြောင်းအလဲကို ချိန်ထိုးကြည့်မယ့် indicator တစ်ခုပဲ။ (ကျနော်သိသလောက်ခုချိန်ထိ အဲဒီလို တိုင်းစစ်ဌာနချုပ်တွေကို မဖြုတ်သေးဘူး။)

(၄) နောက်တချက်က စစ်တပ်အနေနဲ့ သူ့ရဲ့ ဘက်ဂျက်ကို ဘယ်ကရတာလဲ .. အရပ်သားထိန်းချုပ်တယ် ဆိုရင် အရပ်သားပေးမှ ရ ရမယ်။ ခုတော့ အရပ်သားမပေးဘဲ သူ့ဆီမှာ သီးသန့်စီးပွားရေး ၀င်ပေါက် ထွက်ပေါက်တွေ ရှိနေတယ်။ အဲဒါတွေက Civilian control over Military ကို တိုင်းတာတဲ့အချက်ပဲ .. (ခုထိ ဒီအချက်လည်း မအောင်မြင် သေးဘူး။)

(၅) နောက်တချက်က စစ်တပ်ရဲ့ ပညာရေးပိုင်း .. အရင်တုန်းက စစ်တက္ကသိုလ်ဆင်းရင်လည်း ရန်ကုန် တက္ကသိုလ်ထဲက ဘွဲ့နှင်းသဘင်မှာပဲ ဘွဲ့ပေးရတယ်။ စစ်တက္ကသိုလ်တွေမှာ စစ်ပညာသင်ကြားပေးပေမဲ့ အရပ်ဘက်ပညာတွေ ကိုတော့ ရန်ကုန်တက္ကသိုလ်က သင်ကြားပေးပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ကြီးကြပ်မှု အောက်မှာ ရှိတယ်။ ခုကျတော့ ဒီနှစ်ခုကို သီးခြားစီ ခွဲထုတ်ပစ်လိုက်တယ်။ Education of Liberal Art က Professional Army ဖြစ်ဖို့အတွက် ဘာတွေလိုလဲဆိုတာတွေကို ကြည့်တာဖြစ်တယ်။ (ဒါလည်းမဖြစ်နိုင်သေးဘူး။)

(၆) နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ(Sovereignty)ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုပြီး ကဏ္ဍသုံးရပ်ခွဲထားတယ်လို့ ဆိုတယ်။ လက်ရှိ မြန်မာစစ်တပ်ကို ပြန်ကြည့်ရင် စစ်ခေါင်းဆောင်တွေကပဲ အုပ်ချုပ်တယ်။ သမ္မတလည်း အုပ်ချုပ်လို့မရဘူး။ ကချင်မှာ စစ်ဖြစ်နေတဲ့ကိစ္စ ရပ်တန့်အောင် သမ္မတက အမိန့်ပေးလို့မရတာတွေ့ရတယ်။ လွှတ်တော်က ဥပဒေတစ်ရပ်ထုတ်ပြန်လိုက်ရင် ဒီဥပဒေက စစ်တပ် ပေါ်မှာ မသက်ရောက်ဘူး။ လွှတ်တော်က တစ်နိုင်ငံလုံးအတွက် ဘက်ဂျက်ကိုဆွဲတဲ့အခါ စစ်တပ်ဘက်ဂျက်မပါဘူး။ နောက်ပြီး စစ်တပ်ကိုယ်တိုင်မှာ ဘယ်သူကမှ စစ်ဆေးမေးမြန်းခွင့်မရှိတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိနေတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က(ထင်တယ်) ပဲခူးမြို့မှာ စစ်သားတွေက ရပ်ကွက်ထဲဝင်ပြီး သေနတ်နဲ့ပစ်သတ်လို့ လူ ၂ ဦး သေခဲ့တယ်။ အဲဒီအမှုကို စစ်ခုံရုံးမှာပဲ စစ်ဆေးပြီး စီရင်ခဲ့တယ်လို့သိရတယ်။ ဒါ စစ်ပွဲတွင်းဖြစ်တဲ့ ကိစ္စ၊ တပ်တွင်းဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက် အရပ်ဘက် တရားရုံးကစီရင်ရမှာ .. ခု ဒီလိုမရဘူး။ သူ့တရားသူစီရင်တယ်။ ဒီတော့ အချုပ်အခြာအာဏာ ရှုထောင့်က ကြည့်ရင် စစ်တပ်ဆိုတာ နိုင်ငံတော်အတွင်းမှာရှိတဲ့ သီးခြားနိုင်ငံတော်သဖွယ်ဖြစ်နေတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို ပညာရှင်အများစုက State within the State လို့ ဆိုကြတယ်။

သုံးသပ်ခဲ့သမျှ အချက်အလက်တွေကို အခြေခံပြီး အဖြေတစ်ခုထုတ်ကြည့်မယ်ဆိုရင် သန်းရွှေခေတ်နဲ့ ဘာမှ ထူးပြီးမပြောင်းလဲသေးတာ တွေ့ရမယ်။ ဒါဆို ကျနော် အပေါ်ဆုံးမှာ `မြန်မာပြည်ပြောင်းလဲနေပြီ´ လို့ ပြောခဲ့တာက လွဲနေပြီလို့ဆိုရတော့မယ်။ မလွဲပါဘူးခင်ဗျာ။ တကယ်ပြောင်းလဲနေပါပြီ။ လက်ရှိ သိန်းစိန်တို့ လုပ်ဆောင်နေတဲ့ အပြောင်းအလဲက ဘယ်ကိုဦးတည်နေလဲဆိုတာကို နောက်ထပ်ရေးမယ့် အပိုင်းမှာ ဆက်ရှင်းပါမယ် ..။

Xavier Sorcerer
(25 – 4 – 2014)

Leave a Reply