6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂ ၊ ၂၀၁၄
မောင်ထွန်းလွင်(မိုးလေ၀သ)
nargit
၂၀၁၄ ခုနှစ်၊ မေလ(၂-၃)ရက်ဟာ နာဂစ်မုန်တိုင်း မြန်မာနိုင်ငံ ၀င်ရောက်တိုက်ခတ် သွားခဲ့တဲ့ (၆)နှစ်မြောက် ဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါဘဲ။ ဒါပေမယ့်လည်း လောကကြီးမှာ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တွေ့ကြုံလာကြရတဲ့ ကိစ္စတွေဟာ နှစ်မျိုးနှစ်စားဘဲ ရှိပါတယ်။ တရားသဘောအရပြောရရင်တော့ တရားနှစ်ပါးဘဲရှိပါတယ်။ တရားတစ်ပါးကတော့ ပစ်ပယ်ရမယ့်တရား၊ ဆိုလိုချင်တာကတော့ မေ့ပစ်ရမယ့်၊ လစ်လျူရှုရမယ့်၊ ခေါင်းထဲက ထုတ်ပယ်ရမယ့်တရား။ ဥပမာ၊ လောဘ၊ ဒေါသ၊ မောဟ တရားတွေဆိုပါတော့။ လူတိုင်းမကင်းနှိုင်ကြဘူး။ ဒါပေမယ့် တတ်အားသမျှ ခေါင်းထဲက ထုတ်ပယ်ပစ်ရမယ့် တရားတွေပေါ့။ နောက် တရားတစ်ခုကတော့ ပစ်ပယ်ရမယ့် တရားမဟုတ်ဘူး၊ ပစ်ပယ်လို့လည်းမရဘူး။ မရှိအောင် လုပ်လို့လည်း မရဘူး။ မတွေ့ချင် လို့လည်း မရဘူး။ တွေ့ကိုတွေ့ရမှာ။ ရင်ကို ရင်ဆိုင်ရမှာ။ ဒါပေမယ့် တွေ့တဲ့အခါမှာ သူပြုသမျှ၊ ကိုယ်နုရတဲ့ဘဝမျိုးမဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကိုယ်ကဦးဆောင်ပြီး ကိုယ်ကအနှိုင်ယူရမယ့် တရား။ ဥပမာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေလိုပေါ့။ ဒီလို တရားနှစ်ပါးအနက် နာဂစ်အဖြစ်အပျက်ဟာ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ပစ်ပယ်လို့ မရတဲကိစ္စ၊ တကယ်တော့ နာဂစ်ဟာ နောက်တစ်ကြိမ် ကြုံလာခဲ့ရင် ရင်ဆိုင်ပြီး အနိုင်ယူရမယ့် တရားဖြစ်ပါတယ်။

နောက်တစ်ကြိမ် နာဂစ်လို မုန်တိုင်းကြုံတွေ့လာခဲ့ရင်တော့ အနိုင် ယူနိုင်ရလေအောင် နာဂစ်က ဘာသင်ခန်းစာတွေ ပေးခဲ့သလည်း။ နာဂစ်ရဲ့အကြောင်း ဓမ္မဓိဌာန်ကျကျ ဆန်းစစ်တွေးခေါ်ဖို့ လိုတာတော့ အမှန်ဖြစ်ပါတယ်။ Men learn much from defeat ဆိုတဲ့ စကားကလည်း ရှိနေတယ်မဟုတ်လား။

နာဂစ်အဖြစ်အပျက်ကြိးမှာ လူပေါင်း တစ်သိန်းလေးသောင်းလောက် အသက်ဆုံးရှုံးခဲ့ရတယ်။ အိမ်ယာအဆောက်အဦပေါင်း ခုနှစ်သိန်းခွဲလောက် ပျက်စီးခဲ့တယ်။ လူပေါင်းဆယ့်တစ်သန်းကျော် လောက် ထိခိုက်ခဲ့ရတယ်။ နိုင်ငံတော်ပိုင် နဲ့ ပုဂလိကပိုင် နှစ်ရပ်ပေါင်း ပစ္စည်းဆုံးရှုံးမှုတန်ဘိုး (၁၂) ထရီလီယံကျော် ရှိခဲ့တယ်။ ကမ္ဘာမှာ ပျက်စီးဆုံးရှုံးမှု နဲ့ အသေအပျာက်အဆိုးဆုံးစာရင်းမှာ နံပါတ်(၈)အဆင့်ဖြစ်ခဲ့တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့ခေါင်းထဲမှာ မကြာမကြာရောက်လာတဲ့ မေးခွန်းနှစ်ခုရှိနေပါတယ်။

ပထမမေးခွန်းကတော့ နာဂစ်မုန်တိုင်းကြိး (၂-၅-၂၀၀၈)ရက်နေ့ နံနက်ပိုင်း ဟိုင်းကြီးကျွန်းကို မဝင်မှီ ရေပြင်ပေါ်မှာ အချိန် (၄)နာရီကြာအောင် မရွေ့လျှားဘဲ ရပ်နေခဲ့ပြီးမှ ဟိုင်းကြီးကျွန်းကို မွန်းလွဲညနေပိုင်းမှာ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ ကျွန်တော့်ကိုယ် ကျွန်တော်မေးနေမိခဲ့တဲ့မေးခွန်းကတော့ နာဂစ်ဟာ အခုလို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မ၀င်ခဲ့ဘဲ ယခင်ဝင်နေကျ လမ်းဟောင်းအတိုင်း ရခိုင်ပြည်နယ်ဖက်ကိုသာ ၀င်ခဲ့ရင် အခုလို အသေအပျောက် အပျက်အစီးတွေ များပါ့မလား ? ဆိုတဲ့မေးခွန်းပါဘဲ။

နောက်မေးခွန်းတစ်ခုကတော့ မနှစ်က ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ အတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ Phialin Cyclone ဖြစ်တော့ လေတိုက်နှုန်းက တစ်နာရီ(၁၆၂)မိုင်နှုန်းအထိ ရှိခဲ့လို့ အလွန်ပြင်းထန်တဲ့ category V အဆင့်ရှိ မုန်တိုင်းကြီးဖြစ်ခဲ့တယ်။ တစ်နာရီ လေတိုက်နှုန်း မိုင် (၁၄၀-၁၄၅)လောက်သာရှိခဲ့တဲ့ နာဂစ်ထက် ပိုပြင်းတာပေါ့။ အဲဒီလောက်အင်အားနဲ့ လူဦးရေ ထူထပ်လှတဲ့ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေ Andra Pradesh ပြည်နယ်ကို ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဒီမျာ ကျွန်တော့်ကို မိတ်ဆွေကြီး ကာတွန်း ကိုအော်ပီကျယ်က မေးလာပါတယ်။ “ဆရာခင်ဗျား၊ အခု အိန္ဒိယနိုင်ငံကို တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း Phialin ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကို တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းထက် ပိုပြင်းထန်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လူအသေအေပျာက်ကတော့ ဆယ်ဂဏန်း မျှသာရှိခဲ့ပြီး သူလောက် မပြင်းထန်တဲ့ ကျွန်တောတို့ရဲ့ နာဂစ်ကတော့ လူတွေ တစ်သိန်းကျော် သေဆုံးခဲ့ရတာ ဘာကြောင့်ပါလည်းခင်ဗျား” ပါတဲ့ဗျာ။

နာဂစ်နဲက ပတ်သက်လို့ ကျွန်တော့ကို အတွေးပွား အတွေးများစေခဲ့တာ အဲဒီ မေးခွန်း(၂)ခုပါဘဲ။

ပထမမေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော် နာဂစ်ဖြစ်အပြီး ရက်ပိုင်းအတွင်းကဘဲ အဖြေထုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကတော့ နာဂစ်ဟာ ဒီအင်ဒီအားနဲ့ဘဲ မြစ်ဝကျွန်းပေါ်ကို မ၀င်ခဲ့ဘဲ၊ ရခိုင်ကမ်းရိုးတန်းကိုသာ ၀င်ခဲ့ရင် အခုလောက် အသေအပျောက် အပျက်အစီး ဘယ်လိုမှ မရှိနှိုင်ပါဘူး။ ဘာပြုလို့လည်း ? ရခိုင်ကမ်းရိုးတန်း နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသ နှစ်ခုဟာ သဘာဝဘေးအန္တရာယ် ကျရောက်နှိုင်မှု ကြောင့် ထိခိုက်နှိုင်မှု အလားအလာ အလွန်ကွာခြားနေကြလို့ ဖြစ်ပါတယ်။ အဲဒါကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစောင့်ရှောက်မှုလုပ်ငန်းမှာ Vulnerability လို့ခေါ်ပါတယ်။ ခပ်လွယ်လွယ် ပြောရရင်တော့ Risk လို့ ဆိုကြပါတော့။ ပြောရရင်တော့ အဲဒီအပိုင်းကို ရခိုင်ကမ်းရိုးတန်း နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း တို့ကို နှို်င်းယှဉ်လိုက်တဲ့အခါ မြစ်ဝကျွန်းပေါ်ဒေသက Vulnerability ရော၊ Risk ရော အလွန်မြင့်မားနေတာကို တွေ့ကြရပါတယ်။

မြစ်ဝကျွန်းပေါ်မှာ တွေ့ရတဲ့ အားနည်းချက်က (၁၀)ချက်လောက်ရှိပါတယ်။ အဲဒါတွေကတော့

(၁) မြေနိမ့်ဒေသဖြစ်ခြင်း
—————————–
မြစ်ဝကျွန်းပေါ်ဒေသဟာ မြေအလွန်နိမ့်ပါတယ်။ ကောင်းကင်မြေတိုင်း DEMS တိုင်းတာချက် တွေနဲ့တိုင်းကြည့်လိုက်တော့ ဘယ်..ဒီနေရာက ရေ(၅)မီတာလောက် တက်လာရင်ကို မြစ်ဝကျွန်းပေါ် တစ်ခုလုံးရဲ့ ၄၃% ကရေအောက်ရောက်သွားပြီ။ ၅ မီတာ ဆိုတာ ၁၇ ပေလောက်ရှိတာ။ နာဂစ်တုံးက ကွင်းဆင်းတိုင်းတာချက်အရ သဘာဝဒီရေအထက် ပိုတက်ခဲ့တဲ့ မုန်တိုင်းဒီရေလှိုင်းအမြင့်က (၂၂ ) ပေ အထိရှိခဲ့ပါတယ်။

(၂) လူဦးရေထူထပ်ခြင်း
———————–
မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ အထူထပ်အသိပ်သည်းဆုံး ဒေသ။ ပွဲခင်းထဲ ခဲပစ်လိုက်သလိုပေါ့ဗျာ။ ပစ်မလွဲဆိုတာ ဒီဒေသမျိုးပေါ့။

(၃) မြစ်လက်တက်များနှင့်မြစ်ဝများပေါများခြင်း
———————————————-
မြစ်ဝကျွန်းပေါ်ဒေသဟာ မြစ်ကြောင်းစံနစ်ကလည်း ရှုပ်သလားမပြောနဲ့။ မြစ်ချည့်က (၁၇)စင်း။ မြစ်ဝ ကချည့်ဘဲ (၇)ပေါက်။ ၀င်လာတဲ့ ပင်လယ်ရေတွေ မျက်စိလည် သွားနှိုင်တယ်။

(၄) မုန်တိုင်းခိုအဆောက်အဦ နဲ့ သက်ကယ်ကုန်းမြင့်များမရှိခြင်း။
—————————————————————–
နာဂစ်ဖြစ်တုံးက မုန်တိုင်းခိုအဆောက်အဦ(storm shelter) ဆိုတာ ကြားတောင် မကြားဖူးဘူး။ အသက်ကယ်ကုန်းဆိုတာ ဘာမျမရှိဘူး။ နာဂစ်ဖြစ်တုံးက မိသားစု (၅)ဦးရှိတဲ့ တစ်ဦးတည်း ကျန်ရစ်တော့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က ကျွန်တော်တို့အဖွဲ့ ကွင်းဆင်းတော့ ပြောပြပါတယ်။ နာဂစ်သတိပေးချက်ကို ကြိုသိလို့ သူကြိုတင် ကာကွယ်တဲ့ အနေနဲ့ အဲဒီနေ့က ပင်လယ်ကို မထွက်တော့ပါဘူးတဲ့။ အိမ်မှာ ဘဲနေပါတယ်တဲ့။ ရေတွေ တက်လာတေ့ သူတို့မိသားစု(၅)ဦး အိမ်အောက်ထက်ကနေ အပေါ်ထပ်ကိုပြောင်း ပါတယ်။ ရေတွေထပ်တက်လာတော့ ထုပ်တန်းပေါ် ကိုတက်ပါ တယ်။ အဲဒီကနေ ထပ်တက် လာတော့ အိမ်အမိုးသွပ်ကိုလှေန်ပြီး၊ ခေါင်မိုးပေါ်တက် ပါတယ်။ အဲဒီကနေ ထပ်တက်လာတော့ ကျွန်တော်တစ်ယောက်တည်းဘဲ ကျန်ပါတော့ တယ်တဲ့။ ပြေးစရာမြေကို မရှိခဲ့ပါဘူးဗျာ။

(၅) သဘာဝဘေးအန္တရာယ်အခြေအနေအမျိုးအစား နဲ့ အန္တရာယ် ရှိမှုပြမြေပုံများ မရှိခြင်း။
——————————————————–
သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအတွက် အရေးပါလှတဲ့ မြေယာ အသုံးချမှု အတွက် Risk Map, hazard Map ဘာတစ်ခုမျှ လုပ်ထားတာမရှိခဲ့ပါဘူး။ ဒိတော့ လူတွေက ရွာလေးတွေ တည်ပြီး ရေလုပ်ငန်းနဲ့နီးတဲ့ ကမ်းစပ်တလျှောက် ရွာတည်နေကြတော့ ပင်လယ်က တက်လာမယ့် ရေလှိုင်း တွေကို ထွက်ကြိုနေကြ သလိုပါဘဲ။ ဒိရေလှိုင်းတွေက အရင်တုံးကမှ လူတစ်ယောက် တွေ့ဖို့အရေး အတော်လေး အထဲရောက်အောင် ကြိုးပမ်းနေရသေးတယ်။ အခုတော့ အေးဆေးဘဲပေါ့။

(၆) မုန်တိုင်းဆိုင်ရာ ယခင်အတွေ့အကြုံ နည်းမှုကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခဲယဉ်းခြင်း။
————————————————————
မြစ်ဝကျွန်းပေါ်သာေးတွဟာ ပင်လယ်မှာမွေး၊ ပင်လယ်ထဲမှာ အသက်မွေး ၀မ်းကြောင်း နေခဲ့ကြပေမယ့် ဘာမုန်တိုင်းအတွေ့အကြုံမှ မရှိခဲ့ကြပါဘူး။ ၂၀၀၈ မတိုင်မီအထိ မြန်မာပြည်ကို မုန်တိုင်း(၈၂)ကြိမ် ၀င်ခဲ့ဘူးရာမှာ အားလုံး ရခိုင်ကိုချည့် ၀င်ခဲ့တာပါ။ မြစ်ဝကျွန်းပေါ်ဒေသကို ဆိုင်ကလုန်းအဆင့်မုန်တိုင်း တစ်ခါမျှ မ၀င်ခဲ့ဘူး ပါဘူး။

(၇) မုန်တိုင်းဒီရေဆိုင်ရာ အပါအ၀င် သဘာဝဘေးဆိုင်ရာ အတွေ့အကြုံ နဲ့ အသိပညာနည်းပါးခြင်း။

မုန်တိုင်းဒီရေ ဆိုတဲ့ စကားကို မြစ်ဝကျွန်းပေါ် နာဂစ်ဒေသကလူတွေ ကြားတောင် မကြားခဲ့ဖူးပါဘူး။

(၈) သယ်ယူပို့ဆောင်ရေးလမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း။

ရွေ့ပြောင်းပြေးလွှားဖို့ အလွန်ခက်ပါတယ်။ ရေလမ်းဘဲရှိပါတယ်။ စက်လှေ ပေါ်မှာ ရှိသမျှ ပစ္စည်းတွေ၊ မိသားစုတွေ အကုန်တင်ပြီးပြေးရင်တောင် ရေကရေဆန်ဖြစ်မယ်။ ခရီးတွင်သလား မပြောနဲ့။ နောက်ကမျောလာတဲ့ ဗေဒါကတောင် လမ်းတောင်း ရလိမ့်မယ်။

(၉) ကမ်းခြေေ၇တိမ်မှု၊

ဒီရေအတက်အကျခွင်ကြီးမားမှု၊ မြစ်ကြောင်းများပေါများမှုတို့ကြောင့် အပြန်အလှန်သက်ရောက်စေသော ရှုတ်ထွေးသောရေလှိုင်းဖြစ်ပေါ်မှု စံနစ်(Non-linearity)ရှိနေခြင်း။

မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဟာ ရေအနက်တိမ်တယ်၊ ဒီရေအတက်အကျခွင် ကြီးတယ်။ မြစ်များတည် ရှိမှုစံနစ်က ရှုပ်ထွေးတယ်။ ဒါကြောင့် မုန်တိုင်းကြောင့် ပင်လယ်ထဲကရေတွေ တိုးဝင်လာရင် ဒီအချက်တွေက ရှုပ်ထွေးတဲ့ အပြန်အလှန် သက်ရောက်မှုတွေ(non-linear interactions) ကို ဖြစ်စေပြီး အတိုင်းအဆမဲ့ရေလှိုင်းကြီးတွေ (exceptionally high waves) ကို ဖြစ်စေနှိုင်ပါတယ်။ နာဂစ်မှာဖြစ်လည်းဖြစ်ခဲ့ပါတယ်။

(၁၀) ဒီရေတောများ ပြုန်းတီးကုန်ခြင်း။

သဘာသဘေးအတားအဆီးတွေဖြစ်တဲ့ သဘာဝ ဒီရေတောတွေကလည်း ပြုန်းတီးလို့ ကုန်ပြီ။ ထင်းလုပ်ဖို့၊ သစ်လုပ်ဖို့၊ အိမ်ဆောက်ဖို့၊ လယ်ကွင်းဖေါ်ဖို့၊ လူနေရပ်ကွက် တိုးချဲ့ဖို့၊ ငါးမွေးဖို့၊ ပုဇွန်မွေးဖို့၊ စားအုန်းဆီပင်စိုက်ဖို့၊ မီးသွေးဖုတ်ဖို့။ ……. ပြုန်းတီးလိုက်တာ ဘိုကလေးမှာဆိုရင် ဒီရေတောကို မကျန်တော့ပါဘူး။

ဒီအချက်တွေကြောင့် နာဂစ်သာ ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်ခဲ့ရင် မြစ်ဝကျွန်းပေါ်ဒေသလောက် အသေအပျောက် အပျက်အစီး မရှိနိုင်ဘူးလို့ ကျွန်တော် ဆိုခဲ့ခြင်းဖြစ်ပါတယ်။

တလောကဘဲ အိန္ဒိယကို ၀င်ရောက်တိုက်ခတ်သွားတဲ့ Phailin ဆိုင်ကလုန်း ဟာ လေတိုက်နှုန်း တစ်နာရီ 162 mph , Category V အဆင့်နဲ့ ၀င်ရောက် သွားခဲ့တာ လူဆယ် ဂဏန်းဘဲသေခဲ့တယ်။ ၂၀၀၈ က ကျွန်တော်တို့ဆီ နာဂစ်တို်က်တော့ လေတိုက်နှုန်းက 140-150 mph, Category IV အဆင့်သာ ရှိပါလျက်နဲ့ လူပေါင်း တစ်သိန်းကျော်( ၁၃၄ ၀၀၀) သေဆုံးခဲ့ရတာ ဘာကြောင့်ပါလည်း တဲ့။

ဒီနေရာမှာ စိုင်းထီးဆိုင်သီချင်း သတိရမိတယ်။ ဘဲကြီး။ မသိလို့မေးတာလား..။ သိလျက်နဲ့ မေးတာလား…။ ဆိုတာလေ။

ကြိုတင်သတိပေးချက်။ သူတို့လည်း (၅)ရက်လောက်ကြိုပြောခဲ့တယ်။ ကျွန်တော်တို့လည်း (၅)ရက် ကြိုပြောခဲ့တယ်။ အတူတူလောက်ပါဘဲ။

အဲဒီ(၅)ရက်အတွင်း သူတို့က Volunteer တစ်သိန်းကျော်၊ မော်တော်ယာဉ် အစီးပေါင်း ငါးသောင်းကျော်၊ Helicopter အစီး(၄၀)ကျော်အပါအ၀င် ကားတွေ၊ လူတွေ အများကြီးနဲ့ မုန်တိုင်း အ၀င်မှာ အရေးပေါ် ကယ်ဆယ်ရေးဆောင်ရွက်ဖို့ မုန်တို်င်း မ၀င်ခင်(၂)ရက်လောက် ကတည်းက We are ready လို့ ကြေငြာခဲ့တယ်။ လူပေါင်း (၅)သိန်းကျော်ကို ဘေးကင်းရာ နေရာများ ကို ကြိုတင် ပြောင်းရွှေ့ခဲ့တယ်။ မပြောင်းမရွှေ့ဘဲငြင်းဆန်နေခဲ့တဲ့ လူတွေကို Defence Act Section 34 ကို အသုံးပြုပြီး မဖြစ်မနေ ပြောင်းရွှေ့ပေးခဲ့တယ်။

ဒီတော့ သူတို့မှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးမှာ Management Plan , Act, Preparedness, Action အကုန်ရှိခဲ့ပြီး ထိထိရောက်ရောက်လည်း သုံးခဲ့တယ်။

ဒိတော့ Phialin ဟာ အိန္ဒိယနိုင်ငံအတွက်တော့ success story တစ်ခုပေါ့ဗျာ။

နာဂစ်တုံးကတော့ ကျွန်တော်ကိုယ်တိုင် သတင်းစာ၊ ရေဒီယို၊ တယ်လီဖုန်း၊ ဖက်စ်၊ ရုပ်မြင်သံကြား အားလုံးမှတစ်ဆင့် ပြောခဲ့တယ်။ ကိုယ်တိုင် တာဝန်ရှိသူ အားလုံးကို တစ်ဦးချင်းဖုံးဆက်ပြောခဲ့တာ အကြီးအကဲတွေ အထိရောက်တယ်။ သတင်းစာမှာလည်း အင်တာဗျူးလုပ်ပြီး တစ်ရက်ကြိုတင် သတိပေးခဲ့တယ်။ အဲဒီတုံးက ဟိုင်ကြီး၊ချောင်းသာကဒေသ တာဝန်ခံတွေကို ရွာတွေက လူတွေကို ပြောင်းဖို့ (Evacuate) လုပ်ဖို့ ကျွန်တော်ဖုံးနဲ့ သတိပေးခဲ့တယ်။ အဲဒီပြောဆိုချက်ကို ချောင်းသာ Max Hotel မန်နေဂျာ အပါအ၀င် ဒေသခံ စခန်းရဲမှူးကအစ သက်သေအဖြစ်ရှိနေကြတယ်။
ဒါပေမယ့် အဲဒီ evacuate လုပ်ဖို့ဆိုတာ knowledge, plan, act, management, transportation, public participation, volunteers အားလုံးပါမှ ရတာဗျ။ အဓိက ကတော့ leadership ပေါ့ဗျာ။

ဒါပေမယ့် နာဂစ်တုံးကတော့ ကျွန်တော်တို့မှာ သဘာဝဘေး အန္တရာယ်အတွက် Management, Plan, Act, Action ဘာမှလည်း မရှိခဲ့ဘူး။ ဘာမှလည်းကြိုတင်စီစဉ်ထားမှုမရှိခဲ့ဘူး။

ဒီတော့ မြန်မာနိုင်ငံအတွက် Nargis ကတော့ Lessons Learn  Story ပေါ့ ဗျာ။

ကျွန်တော်တို့က ကယ်ဆယ်ရေး(Relief, Resettlement, Rehabilitation) ဘဲ တသက်လုံး လုပ်လာကြတာ။ နာဂစ်တုံးကတော့ ကာကွယ်ရေး (Preparation, Prevention, Reduction) ဆိုတာတွေတော့ ဘာမှ မလုပ်ကြဘူး။ လုပ်လည်း မလုပ်တတ်ကြဘူး။ လုပ်ရကောင်းမှန်းလည်း မသိကြဘူး။ မဖြစ်သေးသမျှ စောင့်ကြည့်နေကြတဲ့သဘောဘဲ။ အဲ…ဖြစ်ရင်တော့ လုပ်ကြပါပြီ။

ဒါပါဘဲဗျာ။ နာဂစ်နှစ်ပတ်လည်နေ့မှာ ဒါလေးတွေဟာ စဉ်းစားကြရမယ့် အချက်တွေလို့ မြင်ပါကြောင်း ပြောချင်တာပါဘဲ။

ဓါတ်ပုံ အညွှန်း- နာဂစ် လေမုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာ စစ်အစိုးရ ဝန်ကြီးချူပ် ဗိုလ်ချူပ်ကြီး သိန်းစိန် (လက်ရှိမြန်မာအစိုးရသမ္မတ) ၂၀၀၈ မေလ ၈ ရက်နေ့က ရန်ကုန်မြို့ ဆင်ခြေဖုံး တနေရာတွင် လေဘေးဒုက္ခသည်များကို သွားရောက်ကြည့်နေပုံ ဖြစပါသည်။ (Photo: AFP)

ဒေါက်တာ Tun Lwin FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
https://www.facebook.com/tunlwin48/posts/844939002187340

Leave a Reply