မေ ၅ ၊ ၂၀၁၄
M-Media
– ဆင်းရဲနွမ်းပါးသူများအား လှူဒါန်းရန်အတွက် ပိုလျှံအစားအသောက်များ ထည့်နိုင်ရန်အလို့ငှာ ဆော်ဒီနိုင်ငံသား တစ်ဦးက ၎င်း၏ အိမ်ရှေ့တွင် ရေခဲသေတ္တာတစ်လုံးကို ချထားပေးသည်ဟု သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ ဟာအီလ်မြို့တွင် နေထိုင်သည့် လူတစ်ဦးဖြစ်ပြီး ဟာအီလ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူ ရှိခ်မိုဟာမက် အလ်-အရီဖီကလည်း ထိုလုပ်ရပ်မှာ ဟုတ်မှန်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် အတည်ပြုခဲ့သည်။
“ဟာအီလ်မြို့က လူတွေဟာ ရက်ရောတယ်လို့ ကျွန်တော် အမြဲတမ်းပြောပါတယ်။ ပိုလျှံတဲ့ အစားသောက်တွေ ထည့်ထားဖို့အတွက် လူတစ်ယောက်က သူ့အိမ်ရှေ့မှာ ရေခဲသေတ္တာ တစ်လုံးကို ထားပေးခဲ့ပါတယ်။ လိုအပ်နေသူတွေ အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ လှူဒါန်းပေးခြင်းပါ။ အို- ဟာအီလ်ရေ.. နှစ်သက်မိပါဘိ” ဟု ရေးသားထားသည်။
အလ်-အရီဖီ၏ ထိုရေးသားမှုအား Twitter အသုံးပြုသူများက သြဘာပေးခဲ့ကြပြီး အကြိမ် ၅၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြသည်။ ယခုကဲ့သို့ အလှူဒါနပြုရေး ဆောင်ရွက်မှုများကို ဖော်ပြပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အခြားသော လှူဒါန်းမှုများအတွက်လည်း အတုယူစရာ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း Twitter အသုံးပြုသူများက ရေးသားခဲ့ကြသည်။ ထို့ပြင် ဟာအီလ် မြို့သားများ၏ သဒ္ဓါတရား ထက်သန်မှု အတွက် ၀မ်းမြောက်မိကြောင်းလည်း ပါဝင်ပြီး၊ ကောင်းမွန်သော ရည်ရွယ်ချက်ဖြစ်သည်ဟု ထည့်သွင်း ရေးသားခဲ့ကြသည်။
Ref: Riyadh Connect
Leave a Reply
You must be logged in to post a comment.