မေ ၅၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ပြည်ထောင်စုသား မွတ်စလင်များ၏ သမိုင်းဝင်ညီလာခံကြီးတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်းကို ယနေ့ရန်ကုန်မြို့တော်ဝင်နှင်းဆီတွင်ပြုလုပ်သော ပြည်လုံးကျွတ်ညီလာခံကျင်းပရေးကော်မတီကပြောသည်။
၎င်းညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ညှိနှိုင်းအစည်းအဝေးကြီးကို မေလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးကြီးကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၄၇၂ ဦးတက်ရောက်ခဲ့ကြသည်။ ထိုတက်ရောက်လာသူများမှ ညီလာခံကျင်းပရေး ကော်မတီဝင် ၁၂၀-ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၅-ဦး၊ ဗဟိုအကြံပေးဘုတ်အဖွဲ့ဝင် ၅၀-ဦးတို့ဖြင့် အသီးသီးဖွဲ့စည်းခဲ့ကြသည်။
‘ကျွန်တော်တို့အခုလို ကော်မတီဖွဲ့လိုက်တယ်ဆိုတာ ညီလာခံကြီးကိုအောင်မြင်စွာကျင်းပနိုင်ရန်အတွက်ပါ။ ဒီညီလာခံကြီးမှာ ဒေသအသီးသီးကမွတ်စလင်တွေရဲ့ အခက်အခဲတွေ၊ ဆန္ဒတွေကို ဆွေးနွေးသွားမှာပါ။ ညီလာခံကြီးမှာရလာတဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်သွားမှာပါ’ဟု ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းမောင်ကဆိုသည်။
ဤညီလာခံကြီးတွင် ပြည်ထောင်စုသားများ၏ တာဝန်၊ အခွင့်အရေး၊ သာသနာရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများတွင် တန်းတူအပြည့်အ၀ ထမ်းဆောင်ခွင့်ရရေး၊ လူနည်စုအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး တို့ကိုဦးတည်ကြောင်း ဆိုထားသည်။
ပြည်လုံးကျွတ်ညီလာခံကြီးကို ၂၀၁၄ စက်တင်ဘာ ဝန်းကျင်တွင် ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။
Comments