မေ ၂၀၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ အမျိုးသမီးယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှုကို ရန်ကုန်တိုင်း မ.ထ.သ (ဗဟို)မှ စမ်းသပ် လုပ်ဆောင် ခွင့်ပြုလိုက်ကြောင်း မ.ထ.သ (ဗဟို)မှ ဥက္ကဌ ဦးလှအောင် ကပြောသည်။
“အမျိုးသမီးတွေမှာလည်း အခွင့်အရေးတွေ ရှိပါတယ်။ အဲတော့ အမျိုးသမီးတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေတိုးမြှင့်လာအောင်၊ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်လို့ရအောင် အခုလို စီစဉ်ပေးရခြင်းဖြစ်ပါတယ်။ အခုလို စမ်းသပ်ပြေးဆွဲနေတာ အောင်မြင်မှု ရလာရင် နောက်ကိုလည်းဒီလိုမျိုး အမျိုးသမီးတွေကို လိုင်စင်တွေ ထုတ်ပေးသွားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
စတင်စမ်းသပ်ပြေးဆွဲမှုအနေဖြင့် ၄၈ အထူး မော်တော်ယာဉ်လိုင်း တွင် အမျိုးသမီးယာဉ်နောက်လိုက် ၁၁ ဦးဖြင့် စတင်ပြေးဆွဲလျှက် ရှိနေပြီး နောင်တွင် အမျိုးသမီးယာဉ်မောင်းများပါ မောင်းနှင်နိုင်ရန်ကြိုးပမ်းလျှက်ရှိနေကြောင်း သိရသည်။ က.ည.န မှလည်း အမျိုးသမီး အမျိုးသား မခွဲခြားဘဲ အရည်အချင်းပြည့်မှီသူများကို လိုင်စင်များ ထုတ်ပေးလျှက်ရှိနေကြောင်း သိရသည်။
ယခုကဲ့သို့ ၄၈ ယာဉ်လိုင်းတွင် စတင်စမ်းသပ်မှုအောင်မြင်ပါက အခြား ယာဉ်လိုင်းများအနေဖြင့်လည်း အမျိုးသမီးယာဉ် လုပ်သားများဖြင့် ပြေးဆွဲလိုပါက မ.ထ.သ (ဗဟို)အနေနှင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းသည် ကောင်းမွန်သော အလားအလာတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်းဖြစ်သည်ဟု အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က သုံးသပ်ပြောဆိုခဲ့သည်။
Comments