မေ ၂၃ ၊ ၂၀၁၄
M-Media
– နိုင်ငံအတွင်း ကွာရှင်းမှုနှုန်းမြင့်မားမှုကို လျော့ချရန်ရည်ရွယ်၍ အိမ်ထောင်ပြုမည့်သူတိုင်း မဖြစ်မနေ တက်ရောက်ရမည့် အိမ်ထောင်ရေးနှင့် ပတ်သက်သော ပညာပေး သင်တန်းတစ်ခုကို စတင်တော့မည်ဟု ဆော်ဒီ တရားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
“အိမ်ထောင်သည်ဘ၀အတွက် ဒီအစီအစဉ်ရဲ့အရေးပါမှုကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ပြီးတော့ ဒါဟာ ကွာရှင်းနှုန်းလျော့ချရေးမှာ အကျိုးသက်ရောက်မှုရှိမှာပါ” ဟု ဇနီးမောင်နှံလောင်းများ နေရာချထားရေးအတွက် ဦးဆောင်ဆောင်ရွက်နေသည့် ဖူအဒ် အလ်-ဂျူဂိုင်မန်က လန်ဒန်အခြေစိုက် Asharq al-Awsat သတင်းစာသို့ ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် လေ့ကျင့်ပေးထားသော သင်တန်းဆရာ ၁၀၀၀ မှာ အနာဂတ်မိသားစုဘ၀ တည်ငြိမ်ရေးအတွက် အိမ်ထောင်သည်ဘ၀တွင် လိုအပ်သော အချက်အလက်များကို သတို့သားလောင်း သတို့သမီးလောင်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်။
ထိုအစီစဉ်အား မလေးရှုားနိုင်ငံတွင် အကောင်အထည်ဖော်ခဲ့ပြီးနောက် နိုင်ငံအတွင်း ကွာရှင်းမှုနှုန်းမှာ ၃၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကွာရှင်းမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် လေ့လာမှုများအရ တစ်နေ့လျှင် ကွာရှင်းမှု ၆၆ မှုအထိရှိသည်။ ကွာရှင်းကြခြင်း၏ အဓိက အကြောင်းအရင်းများမှာ ပညာရေးအဆင့်အတန်းကွာဟမှု၊ အလေ့အကျင့်မတူမှုနှင့် အိမ်ထောင်ရေးတာဝန်များကိုနားလည်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ပြင် ဇနီးမောင်နှံနှစ်ဦးအကြား တာဝန်ပျက်ကွက်မှု၊ လစ်လျူရှုမှုနှင့် အငြင်းပွားမှုများကလည်း အိမ်ထောင်ရေးပြိုကွဲမှု၏ အခြားသော အကြောင်းအရင်းများဖြစ်သည်။
Ref: VoirceofRussia
Comments