ဇွန် ၃၊ ၂၀၁၄
M-Media
ဆရာကြီးဟစံရှားသည် မန္တလေးမြို့ စစ်တန်းမော်လ၀ီကြီးဟု ကျော်ကြားသော မောင်လာနာ ဂိုလမ်အလီရှာဟ် နှင့် အထက်ဗမာ နိုင်ငံ ဘုတ္တောရွာသူ ဒေါ်သီတို့၏ ဒုတိယမြောက်သား ဖြစ်သည်။ သားချင်းညီအစ်ကို ၇-ဦးစလုံးမှာ သာသနာ့ပညာတွင် ထူးချွန်သူများ ဖြစ်သည်။ မိခင်ဒေါ်သီသည် မြေတူးမြို့ သေနတ်စာရေးကြီး ဦးအဗ်ဒွလ်လာခေါ် ဦးပေါက်တူး၏ သမီးဖြစ်သည်။ ဆွေနီးမျိုးစပ်များသည် ထင်ရှားသူများဖြစ်သည်။
ဆရာကြီး ဘိုးအေ၏ ညီအရင်းမှာ မြန်မာစာအထက်တန်းပြ ဆရာကြီး ဦးသာကြူးဖြစ်သည်။ ဆရာပုံ၏ ဖခင် သွေးသောက်ကြီး ဦးယိမ်းနှင့်ညီ ဦးထိမ်းတို့မှာလည်း အမိဘက်မှ ဘိုးအေများဖြစ်သည်။ ဦးယိမ်း သည် ရွှေဘိုနယ်တစ်ဝိုက်တွင် သြဇာလွှမ်းသူဖြစ်သည်။ မြန်မာစာ ဆရာ ဦးသာကြူးနှင့် ပညာ ခန်း ပြိုင်ဆိုင်ပြောဆိုလေ့ ရှိသူဖြစ်သည်။ ဆရာဟစံရှားသည် မြန်မာစာပေ ကျွမ်းကျင်သော ဦးယိမ်းနှင့် ဦးသာကြူးတို့ထံမှ မြန်မာစာ ဆည်းပူးခဲ့သည်။
ဆရာကြီး ဦးလေးတစ်ဦး (အဒေါ်အရင်း၏ ခင်ပွန်း)သည် ယင်းတော်မှ သွေးသောက်ကြီး ဦးဘိုးနိုင် ဖြစ်သည်။ သီပေါမင်းတရား မင်းသားဘ၀မှစ၍ ရင်းနှီးကျွမ်းဝင်သည့် ငယ်သူငယ်ချင်းများ ဖြစ်သည်။ ဦးဘိုးနိုင်သည် ပျဉ်းမနားသစ်တောမှ အင်္ဂလိပ်များ ခိုးထုတ်သော သစ်များကို ဖမ်းဆီးဖော်ထုတ်သူများတွင် ပါဝင်သည်။ ထိုဖမ်းမိ နိုင်ငံတော်သစ်လုံး များကို မန္တလေးမြို့ ကုလားပျိုမြောက် ဗလီတွင်သုံးရန် ဘုရင်မင်းမြတ်က ပေးသနားတော်မူသည်။ ဒေါင်းဒင်္ဂါး တစ်ထောင့်ငါးရာလည်း ထပ်မံ ချီးမြှင့် တော်မူသည်။ ထိုထိုသော ကောင်းမှုတော်များနှင့် ဗလီဇရပ် ရေတွင်းများ ဆောက်လုပ်နိုင်ခဲ့သည်ဟု သိရသည်။
စာဆို ဦးရွှေတောင်ကို ဆရာကြီး ဟစံရှားက ဦးရွှေဒေါင်းဟု အမှတ်ထားသည်။ ဦးရွှေတောင်သည် ဆရာကြီး၏ နီးစပ်သောအမျိုးမှ ဖြစ်သည်ဟုဖော်ပြသည်။ ဦးရွှေတောင်သည် မြေတူးရွာသစ်ကြီး ကျောင်းထိုင်ဆရာတော် ဦးက၀ိန္ဒထံတွင် ပညာဆည်းပူးခဲ့သူ ဖြစ်သည်။ ပျို့ကဗျာလင်္ကာများ လေ့ကျွမ်းသည်။ ရှဂျရတွလ်အီမာန်ကျမ်းသည် စာဆိုကြီး၏ ထင်ရှားသော ကျမ်းများအနက်မှဖြစ်သည်။ ကျမ်းပြုပုဂ္ဂိုလ်၊ ဂန္တ၀င် စာဆိုဖြစ်သည်။
ဆရာကြီးက မိမိသည် စိုက်ယစ်မဟာနွယ် ဖြစ်သည်။ တမန်တော် မုဟမ္မဒ်(စွ) သခင်မှ ၄၂ ဆက်မြောက်ဖြစ်သည်ဟု မျိုးနွယ်ဇယား ဖော်ပြသည်။ မိမိမှစ၍ ဆွေတော်စဉ်ဆက်နွယ်ပုံကို-
၁။ ဟစံရှား။ (၂) ဂိုလာမ်အလီရှား။ (၃) မိုဟမ္မဒ်ရှား။ (၄) ဂျီအာယာရှား။ (၅) ရှေ(ရ)ရှား။ (၆) စယဒ်ရှား။ (၇) ဂျဟ်ဖွရ်ရှား။ (၈) ကမလ်ရှား။ (၉) ဂျမာလ်ရှား။ (၁၀) ကမိရ် ရှား။ (၁၁) ရှားမိုဟမ္မဒ်။ (၁၂) ရှားရှမ်(စ်)။ (၁၃) ရှေရ်အလီ ရှား။ (၁၄) ဗဟာအွတ်ဒီန်။ (၁၅) ရွတ်(က)နွတ်ဒီန်။ (၁၆) မီရ် အဗ်ဂျစ်။ (၁၇) အေမမ်။ (၁၈) အလီ။ (၁၉) အလာအွတ်ဒင်။ (၂၀) ဂျလာလ်။ (၂၁) မန်စွရ်။ (၂၂) နဇွာမွတ်ဒီန်။ (၂၃) ဟဗီ ဗွလ်လာဟ်။ (၂၄) ခလီလွလ်လာဟ်။ (၂၅) ရှမ်စွတ်ဒီန်။ (၂၆) အဗ်ဒွတ်လာဟ်။ (၂၇) နူရွလ်လာဟ်။ (၂၈) အစွဟာဗွလဒာဟ်။ (၂၉) ကမာလွတ်ဒိန်။ (၃၀) ခေစ်[ို။ (၃၁) အာရစ်(ဖွ)။ (၃၂) အစ်(ဗ)ရာဟိမ် ရှိရာဇ်။ (၃၃) အဗူသွာဟေရ် သွာဟေရီ။ (၃၄) ဟိုစိုင်အာရစ်ဖ်။ (၃၅) အလီအာရစ်။ (၃၆) မိုဟမ္မဒ်မို့ (အ)မင်န်ဒီဗာ (ဂျ)။ (၃၇) အေမမ်ဂျ (အ) ဖွရ်စွာဒစ်(က)။ (၃၈) အေမာမ်မိုဟမ္မဒ်ဗာကေရ်။ (၃၉) အေမမ် ဇိုင်နွလ် အာဗေ့ဒိန်။ (၄၀) အေမာမ်ဟိုစိုင်န်။ (၄၁) ဗီဗီဖွာသွေမဟ်ဇွတ်ရာ။ (၄၂) မိုဟမ္မဒ် ရစူလ်စွလ်လောလ်လာဟို့ အလိုင်ဟေ့ ၀အလာအာလေ့ဟီ ၀စတ်လမ် ဟူ၍ အမည်တော်စဉ်ပြသည် ။
နန်းတွင်းဗလီဆရာကြီး စရ်ဒါရ်အလီရှားသည် မိမိ၏ဘထွေး (ကျာကျာ) တော်သည် သားသမီးမရှိ၍ တူတော်မောင်ကို သားရင်းသမီးရင်း ပမာ သဘောထားသည်။ ဟစံရှားသည် ၄-နှစ်သားအရွယ်မှစ၍ ဘထွေး နှင့်အတူနေပြီး ဘထွေးထံမှ ပညာဆည်းပူးသည်။ ၁၅ နှစ်အရွယ်ကျမှ ဘခင်ထံပြန်သည်။ ဘထွေးထံမှာ ဟာဖစ် စဖတ်သည်။ ပန်ဂျာဗီဘာသာ စကားကိုလည်း ကောင်းစွာ သင်ယူသည်။ ပညာအရာ နှံ့စပ်ကျော်ကြား သူ ဘထွေးထံမှ ပညာအမွေ ဆက်ခံခွင့်ရခဲ့သည်။
နှစ်ဖက်မိဘဆွေမျိုး ပညာတတ်များကြားတွင် ကြီးပြင်းလာသူ ဆရာဟစံရှားသည် ကိုးနှစ်သားအရွယ်တွင် ပန်ဂျဗ်ရှာဟ် ပူရ်မြို့တွင် ကုရ်အာန်ဟာဖစ်ဖြစ်သည်။ ဟာဖစ်ဖတ်ရင်း ခေတ်ပညာသင် အင်္ဂလိပ် ကျောင်းတွင် ပဉ္စမတန်းအောင်သည်။ တပည့်ကလေး၏ အလားအလာကို မြင်သော ကျောင်းဆရာကြီးက အင်္ဂလန်သို့ ပညာသင်စေလွှတ်ရန် ဖခင်ကြီးအား အကြံပြုသည်။ ဖခင်ကြီးက လက်မခံ။ လောကီပညာကို အားမပေး။ သာသနာပြုရန် သာသနာ့ပညာကို သင်ရမည်ဟု မိန့်သည်။ ဖခင်ကြီးစကားကို နားထောင်ပြီး သာသနာ့ပညာကို ပေါက်မြောက်အောင် သင်ယူသည်။
မြန်မာပြည်သို့ ပြန်ရောက်သောအခါ အရပ်ရပ် နယ်တကာ လှည့် ဟောကြား သည်။ တောကစားလည်း ၀ါသနာ ပါသည်။ သေနတ် လွယ်ပြီး တောကစားရင်း ဗုဒ္ဓဘာသာရွာများဩလည်း ဟောကြားသည်။ ဘာသာစုံ ချစ်ကြည်မှု၊ အချင်းချင်း အပြန်အလှန် နားလည်မှုကို တည်ဆောက်သည်။ စူးစမ်းမေးမြန်းလာသမျှ ရှင်းလင်းစွာ ဖြေကြားသည်။ စောဒနာများကို ကျေလည်အောင် ချေပသည်။
ဆရာကြီး၏ ထက်မြက်ပုံကို နိုင်ငံဂုဏ်ရည်ပထမဆုရ ဆရာချယ်က မိမိ၏ကျွန်ုပ်အကြောင်းမှ သိကောင်းစရာများ စာအုပ်တွင် ပြောပြထားသည်။
တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်များအတွက် အဆင့်မီသော ဘာသာရေးကျောင်းများ မရှိခဲ့သေးသဖြင့် ဘာသာရေး လုပ်ငန်းများတွင် အချို့သောပြင်ပမှ ဓလေ့ထုံးစံများ အယူအဆများ ၀င်ရောက်လာခဲ့ကြသည်။ ထိုသို့သော အယူအဆမျိုးသည် အိန္ဒိယပြည်တွင်သာ များခဲ့ဟန်ရှိသည်။ ထို့ကြောင့် ပညာရှင်များ ဘာသာရေးနှင့် မညီသော လုပ်ငန်းများ ဖော်ထုတ်၍ အသစ်ထွင် ပြုလုပ်ခြင်းများကို မလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်များကို မြန်မာပြန် မဂ်ျမုအာဖွတ၀ါခေါ် ဓမ္မသတ် ဆုံးဖြတ်ချက် စာအုပ်ငယ်တွင်ဖတ်ရသည်။ ထိုစာအုပ်ပါ မလုပ်သင့် မလုပ်ထိုက်ဟု ဆုံးဖြတ်ထားချက်များကို မိမိတို့နယ်တွင် လုပ်ကိုင်နေဆဲဖြစ်သည်။ မိမိသည် ထိုအခြေအနေကို အမှန်အတိုင်းဖြစ်အောင် ပြောင်းလဲလိုသော ဆန္ဒဖြစ်ပေါ်လျက်ရှိသည်။ ထိုဆုံးဖြတ်ချက်များ မှန်မမှန် ကံသာကုန်းရွာ တရားဟောဆရာများအား မေးခဲ့ရာ မဖြေနိုင်ကြ။ မြေထူးမြို့သို့ ရောက်သောအခါ ဆရာကြီးတစ်ဦးကို မေးရာ(၁၃) ရက်ခန့် အချိန်ပေးရမည်ဟု ပြောသည်။ ဆရာကြီးပုံအားပြရာ ဆရာကြီး ဟစံရှားအား ပြလိုက်သည်။ ဆရာကြီးဟစံရှားက ချက်ချင်းဖြေသည်။ မေးခွန်းတစ်ခုပြီးတစ်ခု အဖြေများကို ကျမ်းစာ အကိုးအကားများနှင့် ပြောရာ ကျမ်းစာများကို စာမျက်နှာ အ၎င်းညွှန်းလောက် သာရှာ၍ ရေးရတော့သည်။ မေးခွန်းပေါင်း(၂၃)ခုကို အချိန် (၂)နာရီခန့်ဖြင့် ဖြေခဲ့သည်။ အဖြေများမှာ ရန်ကုန်မှ ထုတ်ဝေသော မဂ်ျမူအာ ဖွတ၀ါ စာအုပ်ငယ်ပါ အဖြေများနှင့်မကွာ ခြားလှပါ။
“မောင်လာနာဟာဖွစ်ဟစံရှားမှာ တောပစ်ပင် မပျက်ဘဲ ဤမေးခွန်းပေါင်း (၂၃)ခုကို (၂) နာရီနှင့် ဖြေသွားခဲ့ရာ သူ၏ ပညာ ထက်မြက်ပုံကို မိမိတို့၏ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရပါသည်။”
ဟု ဆရာချယ်က ကိုယ်တွေ့ဖြစ်ရပ်ကို ဖော်ပြထားသည်။
ဆရာကြီး၏ ဖခင် စစ်တန်းသခင်ကြီးသည် အိန္ဒိယသို့ သွားရောက်၍ သာသနာ့ပညာ ဆက်လက်ဆည်းပူးလိုသဖြင့် ဇနီးသည် ဒေါ်သီနှင့် သားနှစ်ဦးဖြစ်သည့် ဟစံရှားနှင့် ဟူစိန်ရှားတို့ကို ကန့်ဘလူမြို့နယ် ဘုတ္တော ကျေးရွာရှိ ဆွေမျိုးများထံ အပ်နှံခဲ့သည်။ ဘုတ္တောရွာတွင်ဆရာခန့်သည် ကျောင်းထိုင်ပြီး စာပြသည်။ ဆရာသည် ကွမ်းခြံကုန်း ဒေးသနောမှ မြေထူးသို့ ပြောင်းလာသူဖြစ်သည်။ ဆရာဟစံရှားသည် ဘုတ္တောရွာတွင် နေထိုင်စဉ် ဗလီထိုင်ဆရာကြီး ဦးခန့်၏သမီးနှင့် အမှတ်မထင်ဆုံမိသည်။ ပါရမီ ဖြည့်ဖက်အဖြစ် သဘောကျသွားသည်။ မိခင်က စေ့စပ်ကြောင်းလမ်းပေးသဖြင့် မင်္ဂလာပွဲဖြစ်မြောက်သွားသည်။ ဇနီးသည်မှာ တစ်ဦးတည်းသော သမီးဖြစ်၍ ဟစံရှားသည် ယောက္ခမကြီးနှင့်အတူ ဘုတ္တောရွာတွင် ၃-နှစ်နေပေးရလေသည်။ ထိုစဉ်မိမိ ယောက္ခမကျောင်းတွင် စာပြသည်။
ဆရာပုံ၊ ဆရာခွာ၊ ဆရာသိန်း၊ ဆရာမန်၊ ဆရာအောင်ဒင်၊ ဆရာခ၊ ဆရာဇုံစသည်များသည် မိမိတပည့်များဖြစ်ကြောင်း ထိုနယ်တွင် ဆွေရိပ် မျိုးရိပ်ကင်းသူများရှာရန် ခဲယဉ်းကြောင်း အထက်ဗမာပြည်တွင် မိမိတပည့် တပန်းများကြောင်း ဆရာကြီးက ဆိုသည်။
ဆရာကြီးကို ၁၉၄၅ ခုတွင် မြန်မာ မွတ်စလင်မ်အဖွဲ့ချုပ် GCBMA အသင်းကြီး၏ အတိုင်ပင်ခံအဖြစ် တင်မြှောက်သည်။ ဆရာကြီးသည် ၁၉၅၉ ခု သြဂုတ်လ၌အစ္စလာမ်သာသနာရေးရာ ကောင်စီနှင့် အာလင်မ် ပညာရှင်များရေးရာ ကော်မတီကို ထောက်ခံကြောင်း ကြေညာသည်။ အာလင်မ်ပညာရှင်များရေးရာ ကော်မတီ၏ နာယကအဖြစ်လည်း ခံယူသည်။ ၁၉၅၉ ခု နိုဝင်ဘာလ၌ ကာအေဒါကုရ်အာနီ စာအုပ် ထုတ်ဝေသောအခါ အတွင်းရေးမှူးချုပ်က အစ္စလာမ်စာစောင်မှကြိုဆိုသည်။ သို့သော် နိုင်ငံတော်ဘာသာကိစ္စတွင် သဘောထားကွဲသဖြင့် လမ်းခွဲကြသည်။
ဆရာကြီးသည် အဟောအပြောတွင် ပွဲတိုင်းကျော်သကဲ့သို့ အကြံ အဆတွင်လည်း တစ်မူထူးခြားပါသည်။ ရဲရင့်ထက်မြက်ပါသည်။ ဆရာကြီးသည် မှန်ကန်သောဝါဒလမ်းစဉ် ဖြန့်ဖြူးရန် ရန်ကုန်မြို့၊ မန္တလေးလမ်း၊ အိမ်နံပါတ် ၁၀ တွင်ကိုယိုင် ပုံနှိပ်တိုက်တည်ထောင်ပါသည်။ အများ ပရိသတ်အတွက် ပညာပေးစာစဉ် အများအပြား ရေးသားထုတ်ဝေခဲ့သည်။
– ကာအေဒါကွရ်အာန် (၅၉)
– မိုစလင်မ်ဝါဒကျမ်း
– ကုရ်ဗာန် အဓိပ္ပာယ်ကျမ်း
– နေ့ရက်ရွေးနည်း (မြန်မာလို)
– နေ့ရက်ရွေးနည်း (အူရဒူလို)
– နာမတော်ကိုးဆယ့်ကိုး တန်ခိုးစာတမ်း
– သံလျှင်ဒရ်ဂါဟ်အတ္ထုပတ္တိစာတမ်း
– ကမ္ဘာတွေရဲ့ အရှင်ကျမ်း
– တောင်ဟီဒေ့အစ္စလာမ်ကျမ်း
– ဂျိုမိုအာကျမ်း
စသည်တို့ ဖြစ်ပါသည်။
ဆရာကြီးသည် တစ်မူခြားသော မိမိအတွေး မိမိအယူကို ပြည်သူထံ ပြန့်နှံ့နိုင်ရန် သတင်းစာ တစ်စောင်လည်း ထုတ်ဝေပါသည်။ အလ်ဗလဂ် အမည်နှင့် ဖြစ်ပါသည်။ ရဲရဲတွေးပြီး ရဲရဲရေးသဖြင့် သဘောထား မတိုက်ဆိုင် သူများ နာလိုခံခက်ဖြစ်ကြရသည်။
ဆရာကြီးသည် အတိတ်သမိုင်းကို ၀ါသနာပါသကဲ့သို့ ခေတ်ပြိုင် လတ်တလောနိုင်ငံရေးကိုလည်း စိတ်ဝင်စားသည်။ ဆရာကြီး၏ အယူအဆ နှင့် စာဓလေ့ကို ရိပ်စားနိုင်ရန် သံလျှင် ဒရ်ဂါဟ် အတ္ထုပ္ပတ္တိစာတမ်းမှ ထုတ်နုတ်တင်ပြပါမည်။
မြန်မာပြည်သို့ ၀င်ပေါက်သုံးခုမှ စတင်ဖော်ပြသည်။ ပုဂံခေတ် တာတာမွတ်စလင်မ်၊ ရခိုင်ဂေါရီပထန်၊ ရခိုင်မိုဂိုလ်မင်းဆက်များနှင့် ပင်လယ်ပျော်အာရဗ်များအကြောင်းမှစပြီး တောင်ငူရာဇ၀င်အထိ ကွင်းဆက် ရေးသည်။ ပြီးမှ သံလျင်ဒရ်ဂါအကြောင်း ပသီခုံ အစီအရင် တော်ငါးပါးစ၍ မှတ်တမ်းပြုသည်။ အမြို့မြို့ရှိ ကိုယ်တိုင်ရောက်ဖူးသော ဒရ်ဂါများကို ဖော်ပြသည်။ ယင်းတို့နှင့် တစ်ဆက်တည်းတွင် မန္တလေးမြိ့ အေလမ်းထောင့် ဗလီကြီးဂျင်ပီရ်ယပ်က်ရှား၊ ရန်ကုန်ဒေလီဘုရင်ဇွဖွရ်ရှား၊ မင်္ဂလာဒုံဗိုပါရီရှား၊ သံလျင်စမွန်ဒရ်ရှား၊ မနဩလေး တဘက်ဆွဲ ကာလူရှာဟ် ဒရ်ဂါများအကြောင်း ၎င်းညွှန်းဆိုသည်။ ကြားဖြတ်၍-
ဒရ်ဂါပြုပိုင်ကြောင်း ကုရ်အာန် ၁၅ဂျွဇ် စူရဟ်ကတ်(ဖ်)လာ အာယတ်တော်ကို ကိုးကား၍လည်းကောင်း၊ သင်းချိုင်္င်းများပေါ် ပန်းတင်ခြင်း၊ အမွှေးအကြိုင်များ တင်ခြင်းပြုနိုင်ကြောင်း ဖတ်ဝါအဇီဇီကျမ်း၊ အာလမ် ဂိရီကျမ်းတို့ကို ကိုးကား၍လည်းကောင်း ဖော်ပြသည်။ ပန်းတင်ခြင်းထက် ပန်းဖိုးလှူဒါန်းခြင်းက ပိုမြတ်ကြောင်းလည်းမချန်ပါ။ အလားတူပင် လူအများစုရုံး၍ ဖွာတေဟာ အော်ဖတ်သည်ကို မတားရ။ ဖွာတေဟာ မဖတ်ကောင်း၊ ဒရ်ဂါမသွားကောင်းဆိုသူများမှာ မဇွာဟေရီ ၀ါဒသမား များသာဖြစ်သည် ဟု မိမိအမြင်ကို ဖော်ပြထားသည်။
ပြီးမှ သမိုင်းကြောင်း ပြန်ကောက်သည်မှာ မြေးတော် အေမမ် ဟူစိုင်န်အလိုင်ဟစ္စလာမ်၏ညီ၊ ဘတူမိကွဲသည် မြန်မာပြည်သို့ ရောက် ကြောင်း၊ သီဟိုဠ်၊ မလေး၊ အိနဒိယ မွတ်စလင်မ်များ၊ ပုဂံခေတ် စာသင်ကျောင်းများ၊ ပဲခူးဒေသပေါ်ထွန်းပုံ၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်မှစ၍ ရွှေဘိုနှင့် အမရပူရ ရှဟီဒီများအထိ သမိုင်းအယူအဆကို တင်ပြသည်။
ရခိုင်မှ စလိမ်ရှား၊ ဟိုစိုင်ရှား၊ စစ်တွေဗလီတကာ ဟာဂျီ အလီခန်၊ ဘစောဖြူ ကလေမာရှား နှင့် မဂိုဘုရင် ရှာဟ်ဂျဟာန်၏ သားတော်ဖြစ်ရပ် နှင့် အင်းဝမွတ်စလင်မ် အဆက်အစပ်ကို ရေးပြသည်။ ရှေးမီနောက်မီ ပညာရှိ လူကြီးသူမများမှ ကြားဖူးနားဝရှိသည်များကို အနည်းငယ် ဖြည့်စွက်သည်ဟု စကားခံပြီး စစ်သူကြီးမဟာဗန္ဓုလ၊ ဗဒုံမင်းလက်ထက် ဆရာကြီး ဦးနု၊ ဦးရွှေဒေါင်း(ဦးရွှေတောင်)၊ ဆရာကြီးခန့် (ဘုတ္တောကျောင်းတို့) အကြောင်းများနှင့် မိမိတို့သားအဖ၏ တပည့်တပန်းများ အကြောင်း ဖော်ပြသည်။
မိမိခံယူချက်အရ ယတိ(မ်)ခါနာ မိဘမဲ့ကလေးကျောင်းကို ဝေဖန်သည်။ မဇွာဟေရီ ၀ါဒသမားများကို စိန်ခေါ်သည်။ မျိုးရိုးကို ထောက်သည်။
“ပညာမွှားမှုန်၊ ထားစိတ်ဟုံ၊ ယူတုံသူကြိုက်ရာ၊
ပညာမရှိ၊ နက၀ိ၊ အမောင်မှားဖို့သာ။
ရသာကောင်းဆုံး၊ ပန်းဝတ်ဖြုံး၊ ပိတုန်းတို့ သိသာ၊
ပညာရဲရင့်၊ ပွဲလည်တင့်၊ အမြင့်ရောက်ဖို့ပါ။
ပညာမရှိ၊ နက၀ိ၊ သောင်တင်ခွေးပမာ၊
ရိုင်းပြစကား၊ ပြောကြားလူမိုက်၊ ဗာလာနာ၊
ယဉ်ယဉ်ကျေးကျေး ပြောချင်သေး၊ မနှေးပညာရှာ။
ကျွန်မျိုးသခင်မျိုး၊ သိလို ဆက်၍ စပ်လို့ရှာ၊
မျိုးတော်နွယ်ခံ၊ စိုက်ယေ့ဒံ၊ ဧကံဟစံရှာဟ်
ဒိုအမာန်မင်း မဇဟဗ်ထွင်း မငြင်းလိုက်ခဲ့တာ”
ဟု ငယ်စဉ်လက်ရာ သံပေါက်ကဗျာကို တင်ပြသည်။ ဆက်လက်ပြီး မိုးဆုပန် ကာဘွလ်မော်လ၀ီကြီးသည် တရားနှင့် ဆန့်ကျင်ဘက်တွေ့သော အခါ တုတ်နှင့်ရိုက်လေ့ရှိ၍ တုတ်ရိုက်မော်လ၀ီဟုလည်း တွင်သည်။
နန်းတွင်းဗလီထိုင် စရ်ဒရ်အလီရှားသည် ဘထွေးတော်သည်။ ပညာတစ်ဖက်ကမ်းခတ် တတ်သည်။ ပန်ဂျဗ်သို့ ပြောင်းသွားပြီး ကရာမတ်ပြသည်။ ဂျင်များကပင်လာ၍ ပညာသင်ကြားရသည်။ ကုလားပျိုတပ်ကို ဘုရင်များ ယုံကြည်ကိုးစားသည်။ မနဩလေးစစ်တန်းမော်လ၀ီစိုက်ယစ် ဂိုလာမ်အလီရှားသည် မိမိဖခင်ဖြစ်သည်။ တမန်တော်မြတ် အနွယ်တော် ဖြစ်သည်။ သား ၇-ဦးသည် ကျော်ကြားသည်။ တပည့်တပန်း ပေါသည်။ မိခင်ဘက်မှ ဆွေမျိုးများလည်း ထင်ရှားသည်ဟု သံလျင်ဒရ်ဂဟ် အတ္ထုပ္ပတ္တိ စာတမ်းတွင် စပ်မိရာရာ မှတ်သားဖွယ်များပါရှိသည်။
နိဂုံးတွင် မြန်မာအစ တကောင်းက အဆိုအရ အဘိရာဇာမင်းမှ ကုန်းဘောင်နောက်ဆုံးဆက် သီပေါအထိ ရာဇ၀င်ဆက်အကျဉ်းပြသည်။ ပါတော်မူပုံ မြင်ယောင်ကြားယောင်အောင် ရေးသားသည်။ နောက်ဆုံးတွင် သမီးတော်နှင့် မိမိ တွေ့ရပုံကို သတိရ တမ်းတဖွယ် တင်ပြသည်။
ဆရာကြီးသည် ဟာဗေးရာဇ၀င်၊ ဦးအုန်းမောင်ရေး၊ မြန်မာ ရာဇ၀င်သစ်၊ မှန်နန်းရာဇ၀င်နှင့် သာရိခ်ဗရ်မာ စာအုပ်များကို ကိုးကားသည်။ စိတ်ကူးယဉ်ဆန်သော အကြောင်းများကို သာရိခ် ဗရ်မာ ရာဇ၀င်ကျမ်းတွင် အခြေခံထားကြောင်း သိရှိရသည်။
သံလျှင်၊ ငဇင်ကာ၊ ကုလားကျောင်း၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းကလေး၊ ဗန္ဓုလ၊ ဦးရစ်၊ သီရိခေတ္တရာ၊ အနော်ရထာ၊ ကေတုမတီ၊ ကုန်းဘောင်၊ ငရမန်ကန်း စသည့် ဝေါဟာရရင်းမြစ် များကို ကြံဆဖော် ထုတ်ပြသည်။
ဆရာကြီးသည် သတ္တိရှိသည်။ ပြောရဲဆိုရဲသည်။ ယုံကြည်ချက် ခိုင်မာသည်။ မိမိပြုစုသည့် စာအုပ်များတွင် မိမိအမည်ကို ပီရ်စိုင်ယစ်ဟစံရှား ဟု ဖော်ပြပါသည်။
ဆရာကြီး၏ စိတ်သဘောထား ခံယူချက်ကို အောက်ပါ သံပေါက် ကဗျာအရ လေ့လာသုံးသပ် နိုင်သည်။
ဝဟာဗီသံပေါက်
ဝဟာဗီမှာ၊ ကာဖွေရာ၊ မှန်စွာဖြစ်ပေတာ။
ရှာမီသုံးတွဲ၊ ကျမ်းစာထဲ၊ မလွဲသိဖို့ရာ။
သုံးရာသုံးဆယ်၊ ခုနစ်ဝယ်၊ ရှုဖွယ်စာမျက်နှာ။
ဗာဂီဆိုထား၊ ၀ဟာဗီများ၊ တရားသူပုန်သာ။
ဝဟာဗီတွေ၊ ကျောင်းဖွင့်နေ၊ ရွှေငွေရှိဖို့သာ။
မောင်လူးဒ်ကေယာမ်၊ ရပ်သူမှန်၊ ဧကန်မုန်းတီးတာ။
နမာဇ်ပြီးလျှင်၊ ဒိုအာပင်၊ တောင်းလျှင်မကြိုက်ပါ။
အာဇန်ဆိုပြီး၊ လက်မြှောက်နည်း၊ အပြီးပယ်စေရာ။
ဖွာတေဟာပွဲများ၊ ရှေ့မှာထား၊ အမှားပြောကြတာ။
တမန်တော်အား၊ ရိုသေငြား၊ တရားမရှိပါ။
ဒရူးဒ်ရှရစ်ဖွ်၊ ဖတ်ကာလှစ်၊ အပြစ်ပြောကြတာ။
ဒရ်ဂါသွားလျှင်၊ သူတို့ထင်၊ အရှင်မကြိုက်ပါ။
အရက်လေးဆယ်၊ သူတို့ပယ်၊ ရက်လည်သုံးရက်ပါ။
အီးဒ်နေ့ရက်မှာ၊ တက္ကဗီရ်သာ၊ ဖတ်တာမကြိုက်ပါ။
တရာဝီဟ်တွင်း၊ စာထောက်ခြင်း၊ အလျှင်းရှောင်ကြတာ။
နဖိလ်နမာဇ်၊ ပယ်တုံလပ်၊ မဖတ်လွှတ်ပစ်တာ။
ဖတ်သူကိုပင်၊ အပြစ်တင်၊ နှုတ်တွင်ကဲ့ရဲ့တာ။
ရှဗ်ရာသ်ညဥ့်တွင်၊ များမွတ်စလင်မ်၊ ပွဲပြင်မုန့်စုံသာ။
ဝဟာဗီများ၊ ပိတ်ပင်ထား၊ မစားငတ်ဖို့သာ။
ဘိုးဘွားတွေပါ၊ အာရ်ဝါ၊ ဗလာနတ္တိပါ။
ယောင်မွန်နဗီ၊ ကျင်းပသည်၊ ၀ဟာဗီမလုပ်ပါ။
စွန္နတ်ကိုပင်၊ ပယ်ဖို့ပြင်၊ ခေါင်းတွင်ဦးထုပ်သာ။
ကျမ်းစာဖုံဖုံ၊ မပြည့်စုံ၊ ယုံမတတ်ပါ။
ရှေးလူကြီးများ၊ ကဲ့ရဲ့ငြား၊ ခြေဖျားမမီပါ။
ဝဟာဗီများ၊ ရှေ့ဆောင်ထား၊ အမှားတွေ့ရမှာ။
ရပ်ခါတသ၊ စ၀ါဗ်ရ၊ သိကြ မ စူရာ။
ဒရူဒ်စလာမ်၊ ဇကေရ် ရံ၊ အမှန်ထွတ်မြတ်တာ။
တရာဝီဟ်မှာ၊ စာထောက်တာ၊ မဟာကောင်းကျိုးပါ။
နမာဇ်ပြီးလျှင်၊ ဒိုအာတွင်၊ အရှင်နှစ်သက်တာ။
ယောင်မွန်နဗီ၊ မြန်မာပြည်တွင်၊ သောင်းချီပြုလုပ်ပါ။
ရွှတ်ကရာနာ၊ ဖွာတေဟာ၊ ရှည်စွာဖတ်ရွတ်ပါ။
ရေးရန်လွန်များ၊ ဤတွင်ကား၊ အမှန်နည်းလှပါ။
ကျမ်းမြတ်ကုရ်အာန်၊ ဓိပ္ပာယ်ပြန်၊ အမှန်နည်းလှပါ။
ပညာမှုန်မွှား၊ မာနထား၊ စိတ်ထားဝတိသာ။
ပညာရဲရင့်၊ ပွဲလယ်တင့်၊ အမြင့်ရောက်ဖို့သာ။
ပတ္တမြားစစ်၊ နွံမှာနစ်၊ မညစ်ထွန်းတောက်ပါ။
ဟာဖွစ်ဇ်စံရှား၊ စီရေးထား၊ မှတ်သားကြစေရာ။
တရားအမှန်၊ သိကြရန်၊ ထုတ်ပြန်ကြေညာစာ။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments