6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၄ ၊ ၂၀၁၄
M-Media
.ဇေယျာသူ တွေ့ဆုံမေးမြန်းသည်။

U Ko Ni

ဇန်န၀ါရီလ ၁-ရက်နေ့မှာ Peace Alliance က စီစဉ်ပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရားလွှတ်တော်ရှေ့နေ ဆရာဦးကိုနီက ဆွေးနွေးပြောဆိုခဲ့တယ်။ ဆရာဆွေးနွေးပြောဆိုသွား ခဲ့တာတွေဟာ အခုခေတ်ကာလမှာ ကျွန်မတို့တွေ တတွေမှာ လိုအပ်နေတဲ့၊ ဖြည့်ဆည်းရမယ့် တကယ့်လိုအပ်ချက်လေးတွေ ဖြစ်နေတယ်။

ဆရာဦးကိုနီ ဆွေးနွေးတာတွေက နိုင်ငံမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အများကြီးလိုအပ်တယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာရင် အာဏာသိမ်းယူလို့ မရပါ။ ဒီမိုကရေစီစနစ် အခြေခံအားကောင်းဖို့က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အင်အားကောင်းအောင် ဖွဲ့စည်းဖို့လိုတယ်။

နိုင်ငံသားဆိုရာမှာ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုပြီး လူတန်းစား ၂-ရပ်သာရှိပြီး နိုင်ငံတော် အာဏာရဲ့ ပင်ရင်းပိုင်ရှင်ဟာ နိုင်ငံသားတွေ သာဖြစ်တယ်။ မိမိကိုယ်ကို နိုင်ငံရဲ့ တာဝန်ရှိသူတစ်ယောက်ကဲ့သို့ သတ်မှတ်တဲ့ စိတ်ထားနိုင်ရမယ်ဆိုတာပြောတယ်။ နောက်ပြီးတော့ အမှားကြာရင် အမှန်ဖြစ်တယ်ဆိုတဲ့ စကားပုံရှိပေမယ့် အမှားက အမှားပဲ အမှန်ဖြစ်မသွားဘူး။ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲရင် ကြားဝင်ဖြန်ဖြေရတာ လွယ်ကူပေမယ့် ပြဿနာဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ  ဖန်တီးလုပ်ဆောင်နေတာကိုတော့ ဖြေရှင်းရခက်တယ်။ ကျွန်မတို့ ကွန်မြူနတီမှာလည်း ယဉ်ကျေးမှု ထိုးဖောက်လာတာတွေရှိနေပြီး လူမျိုးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုကို ဘာသာရေးနဲ့ ရောယှက် လာတာတွေ ရှိလာတယ်ဆိုတာ ဆွေးနွေးခဲ့တယ်။ ဆရာဆွေးနွေး သွားတာတွေက ကျွန်မတို့ လက်ရှိဘ၀နဲ့ အလွန်တရာမှ ထင်ဟပ်လွန်းလှပါတယ်။

ဆရာဆွေးနွေးသွားတာတွေမှာ ကျွန်မ အမှတ်ထင်ထင်အဖြစ်ဆုံးက

(၁) နိုင်ငံရေးကို ဘာသာရေးနဲ့ ရောလိုက်ရင် ဘာသာမတူသူတွေကြားမှာ ပဋိပက္ခဖြစ်ပြီး ဘာသာတူသူတွေကြားမှာလည်း အစွန်းရောက်သူတွေနဲ့  အလယ်အလတ်သမားတွေ ပဋိပက္ခဖြစ်နိုင်တယ်။

(၂) ကျွန်တော်တို့ ကွန်မြူနတီ အနေနဲ့ နိုင်ငံမှာ လုပ်ဆောင်နိုင်တာက ဘာသာရေးအဖွဲ့၊ လူမှုရေး အဖွဲ့အနေနဲ့  လုပ်ဆောင်နိုင်တယ်။ နိုင်ငံရေးအနေနဲ့ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့တွေက လူနည်းစုဖြစ်လို့ ကိုယ်တိုင် သမ္မတ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အစိုးရ မဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထောက်ခံသူ အစိုးရဖြစ်အောင် လုပ်ဆောင်နိုင်တယ်။ ဒါတွေအတွက် တစ်ဦးချင်းတော့ မစွမ်းဆောင်နိုင်ဘူး လို့ ဆရာပြောခဲ့တာအပေါ်မှာ ဆရာ့ကို မေးခွန်း အနည်းငယ် မေးဖြစ်ခဲ့တယ်။

မေး  – ဆရာ ဆွေးနွေးသွားတာမှာ နိုင်ငံရေးကို ဘာသာရေးနဲ့ ရောလိုက်ရင် ဘာသာမတူသူတွေကြားမှာ ပဋိပက္ခဖြစ်ပြီး ဘာသာတူသူတွေကြားမှာလည်း အစွန်းရောက်သူတွေနဲ့ အလယ်အလတ်သမားတွေ ပဋိပက္ခဖြစ်နိုင်တယ် ဆိုတာ ပြောသွားတယ်။ အခုအချိန်မှာ မွတ်စလင်များ အနေနဲ့လည်း နိုင်ငံရေးကို အရင်ကာလ ထက်ပိုပြီး လုပ်ဆောင်လာသူတွေရှိပါတယ်။ နိုင်ငံရေး လုပ်သူတွေက ဘာသာရေးကို နိုင်ငံရေးနဲ့ မရောထွေးပါနဲ့လို့ ပြောတဲ့အချိန်မှာ တချို့သူတွေ ပြန်ပြော လာတာက နိုင်ငံရေးဆိုတာက မွတ်စလင်တွေအနေနဲ့ အစ္စလာမ်မှာပါပြီးသားပဲ။ ဒီအတွက် နိုင်ငံရေးကို ဘာသာရေးနဲ့ မရောပါနဲ့လို့ပြောသူကို ဘာသာရေး မရှိသူ တစ်ယောက် အဖြစ် ပြောဆိုမှုတွေ ရှိလာတဲ့အပေါ် ဆရာအနေနဲ့ ဘယ်လိုများ ထင်မြင်ချက်ပေးချင်ပါလဲ။

ဖြေ –     အဲ့ဒီလို နိုင်ငံရေးနဲ့ ဘာသာရေးဟာ အတူတူပဲ။ နိုင်ငံရေးနဲ့ ဘာသာရေးဟာ အတူတူပဲလို့ အစ္စလာမ်က ပြဋ္ဌာန်းထားတယ်လို့ပြောရင် ဆရာ့အမြင်က ဒီလူဟာ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကောင်းကောင်း နားမလည်ဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့ ဘာသာရပ်နဲ့ ဘာသာရေးဆိုတဲ့ ဘာသာရပ် ဒီနှစ်ခုက လုံးဝ ကွဲပြား ခြားနားတယ်။ ဘာသာရေး လုပ်တယ်ဆိုတာ အဓိက နောက်ဆုံးရည်မှန်းချက်က အစ္စလာမ် တစ်ယောက်အနေနဲ့ပြောရင် ဂျန္နသ် (မြန်မာ လိုဆိုရင်တော့ နိဗ္ဗာန်)ကို ရည်မှန်းပြီးလုပ်တာ။ ဗုဒ္ဓဘာသာလည်း ဒီအတိုင်းပဲ။ ခရစ်ယာန်လည်း ဒီအတိုင်းပဲ။ ဆိုလိုတာက ဘာသာရေးဆိုတာက အဆုံးစွန်သော ရည်မှန်းချက်။ ဘာအတွက် ဒီဘာသာထဲမှာ ၀င်ပြီး ဒီကို သက်ဝင် ယုံကြည်နေသလဲဆိုတော့ လူသားတစ်ယောက်ဟာ ဧည့်သည်ပဲ။ မွေးဖွားခြင်း ဆိုတဲ့ နေရာ ကနေလာတယ်။ ဧည့်သည်ဖြစ်နေတယ်။ လမ်းဆုံး ခရီးက သေဆုံးခြင်းပဲ။ သေဆုံးပြီးတဲ့နောက်ပိုင်း ထာဝရ ဘ၀ကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီယုံကြည်မှုကို လက်ခံကျင့်သုံးနေတာ။

နိုင်ငံရေးဆိုတာက သေသွားသူနဲ့ ဘာမှ မဆိုင်ဘူး။ လူ့လောကမှာ သက်ရှိ ထင်ရှားရှိနေစဉ် အမြင့်ဆုံး ကိုယ်နေတဲ့ တိုင်းပြည်၊ အဲ့ဒီကနေ ကိုယ့်လူမျိုး၊ ကိုယ့်အရပ်၊ ကိုယ့်အိမ်နီးနားချင်း၊ ကိုယ့်မိသားစု အစရှိတဲ့ လူတွေရဲ့  အဆင်ပြေမှု၊ ကောင်းစားမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဒါတွေကို အဓိကအာရုံထား လုပ်ပေးရတာက နိုင်ငံရေး။ နိုင်ငံ့အရေး။ နိုင်ငံ အတွင်း မှီတင်းနေထိုင်သူ အားလုံးအရေး။ အဲဒါကို နိုင်ငံရေးလို့ အဓိပ္ပါယ် ဖွင့်ရတယ်။

နိုင်ငံရေးဟာ အစ္စလာမ်ဘာသာနဲ့ အတူတူပဲလို့ပြောချင်ရင် တစ်နိုင်ငံလုံး အစ္စလာမ်၊ နိုင်ငံတော် ဘာသာက အစ္စလာမ်ဆိုတဲ့ နိုင်ငံတွေမှာပြောရင် အဲ့ဒီစကားကို လက်ခံကောင်း လက်ခံလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ တစ်နိုင်ငံရဲ့ ဘတ်ဂျတ်ထဲမှာ ၀င်လာတဲ့ငွေတွေအားလုံးဟာ ဘာသာပေါင်းစုံက ငွေတွေပါတယ်။ အဲဒီတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ငွေတွေလည်းပါမယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ငွေတွေလည်းပါမယ်။ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ငွေတွေလည်း ပါမယ်။ နိုင်ငံတော်ရဲ့ဘတ်ဂျက်ဟာ ဘာသာပေါင်းစုံ လူတွေဆီကနေ စီးဝင်လာတဲ့ငွေ။ အဲ့ဒီငွေကိုသုံးပြီး တိုင်းပြည် အုပ်ချုပ်တဲ့အခါကျရင် အမြဲတမ်း ဘာသာ အားလုံးအတွက် လုပ်ရမယ်။ ဘာသာ တစ်ခုတည်းအတွက် လုပ်လို့ မရဘူး။ ဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးဟာ စည်းခြားကို ခြားထားရမယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကို စည်းခြား မထားတဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှု ရမှာမဟုတ်ဘူး။ ဒါကြောင့် ခုနက မေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အဲ့ဒီအယူအဆဟာ နိုင်ငံရေး ဆိုတာ ဘာလဲလို့ သဘောမပေါက်တဲ့သူ မကွဲတဲ့သူလို့ ပြောချင်ပါတယ်။

မေး –  မြန်မာနိုင်ငံမှာ Civil Society တွေအနေနဲ့ပတ်သက်တာ ဆရာ ပြောသွားတယ်။ နောက် မွတ်စလင် ကွန်မြူနတီ အတွက် ပြောသွားတယ်။ နိုင်ငံ အတွက်ဆို ဘာသာရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေ ရှိမယ်။ မွတ်စလင် ကွန်မြူနတီ အနေနဲ့ နိုင်ငံ အတွက် အများဆုံးလုပ်နိုင်မှာက လူမှုရေးအဖွဲ့ရယ် ဘာသာရေး အဖွဲ့ရယ် အနေနဲ့ လုပ်နိုင်မယ်။ ဒါလူမှုရေးအဖွဲ့ရယ် ဘာသာရေးအဖွဲ့ရယ် အနေနဲ့ လုပ်နိုင်မယ်။ ဒါပေမယ့် ဆရာက ဦးစားပေးပြောသွားတာက လူမှုရေး အဖွဲ့တွေ အနေနဲ့ လုပ်သင့်တယ်ဆိုတဲ့ အကြောင်းပြောသွားတယ်။ နောက်တစ်ခု ကျွန်တော်တို့တွေ ကိုယ်တိုင်က သမ္မတဖြစ်ဖို့၊ နိုင်ငံ အုပ်ချုပ်သူဖြစ်ဖို့၊ အစိုးရဖြစ်ဖို့ မွတ်စလင် ကွန်မြူနတီက လူတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက ကိုယ်ထောက်ခံတဲ့သူ အစိုးရဖြစ်ဖို့အတွက် ကြိုးစားနိုင်တယ်လို့ ဆရာပြောသွားတဲ့ အပေါ် သုံးသပ်မိတာကို မေးချင်တာက ကျွန်မတို့တွေက နိုင်ငံရေး အဖွဲ့တွေအနေနဲ့ လုပ်ဆောင်လာပြီးတော့ လွှတ်တော်ထဲကို လူထုကိုယ်စားလှယ် အဖြစ် ရောက်သွားမယ် ဆိုရင် အဲ့ဒီမှာ ကျွန်မတို့တွေရဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ စွမ်းဆောင်နိုင်ရည်တွေ ပိုရှိလာမယ်လို့ ခံယူမိတဲ့အတွက် ကျွန်မတို့ ကွန်မြူနတီက ကိုယ်စားပြု နိုင်ငံရေး အဖွဲ့တွေ လွှတ်တော် အထိရောက်အောင် သွားဖို့ လိုအပ်ပါသလား၊ လုပ်သင့်တယ်လို့ ဆရာမြင်ပါသလား။

ဖြေ – ထင်တယ်၊ မြင်တယ်။ လုပ်ရမယ်။ ဆရာပြောတဲ့ စကားက အစိုးရအဖွဲ့ဟာ ဘယ်တော့မှ မွတ်စလင်မဖြစ်ဘူး။ သို့သော် မွတ်စလင် ၀န်ကြီး တစ်ပါး နှစ်ပါး ပါနိုင်တယ်။ ဘာကြောင့် အစိုးရ မဖြစ်နိုင်ဘူးဆိုတာက minority ဖြစ်လို။ သန်း ၆၀-လောက်ရှိတဲ့ လူထဲမှာ သန်း ၆၀-လောက်ရှိတဲ့လူထဲမှာ ၆-သန်းလောက်ပဲရှိတဲ့ လူစုက တိုင်းပြည်ကို စီမံခန့်ခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲ့ဒီ တိုင်းပြည်ကို စီမံခန့်ခွဲတဲ့အဖွဲ့ကြီးဟာ NLD ဖြစ်စေချင်ရင် NLD ကို ပံ့ပိုးပေးနိုင်တယ်။ ပြည်ခိုင်ဖြိုးဖြစ်စေချင်ရင် ပြည်ခိုင်ဖြိုးကို ပံ့ပိုးပေးနိုင်တယ်။ အဲ့ဒါ ကွန်မြူနတီတစ်ခုလုံး အနေနဲ့ လုပ်နိုင်တဲ့အနေနဲ့။ ဒါကြောင့် မွတ်စလင် ကွန်မြူနတီအနေနဲ့ ပါတီထောင်ပြီး နိုင်ငံရေး လုပ်မယ်ဆိုရင် နိုင်ငံရေး အာဏာတော့ ရဖို့မရှိဘူး။ ဒါပေမယ့် အမတ်ဖြစ်နိုင်တယ်။ အမတ်ဖြစ်နိုင်တဲ့ အတွက်ကြောင့် လွှတ်တော်မှာ အသံမြည်နိုင်တယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်နိုင်တယ်။ အစိုးရကို အကြံကောင်း ဥာဏ်ကောင်းတွေ ပေးနိုင်တယ်။

နိုင်ငံအကျိုးပြု လုပ်ငန်းတွေကို မွတ်စလင်တွေလည်း လုပ်နိုင်တယ်။ ဟိုးတချိန်က ဆရာကြီး ဦးရာဇတ်တို့ ဦးရာရှစ်တို့ လုပ်ခဲ့သလိုပေါ့။ ဆိုလိုတာက အဲ့ဒါက တစ်ဦးချင်း အနေနဲ့ အစိုးရအဖွဲ့ထဲမှာ ပါဝင်ပြီးလုပ်တာ။ ဒီအတွက်က မွတ်စလင်များတဲ့နေရာမှာ ပါတီထောင် အရွေးခံ။ မဟုတ်ရင်လည်း တခြားပါတီတစ်ခုကနေ ၀င်အရွေးခံ။ ဒါက တစ်ဦးချင်းအနေနဲ့ နိုင်ငံအကျိုးပြုနိုင်တဲ့ကိစ္စ။ ဆရာပြောတာ ကွန်မြူနတီကြီး တစ်ခုလုံး အနေနဲ့ လုပ်ရမယ့်ကိစ္စ။ အဲဒါက နည်းနည်းလေးကွာတယ်။ ကွန်မြူနတီ တစ်ခုလုံး အနေနဲ့ မြန်မာ မွတ်စလင်အစိုးရဆိုတာ မရှိနိုင်ဘူး။ သို့သော် မွတ်စလင်များ လိုလားသူ အစိုးရဖြစ်အောင် ပံ့ပိုးနိုင်တယ်။ ဒါကိုပဲ ပြောတာပါ။ ဆိုလိုတာက တစ်ဦးချင်းကတော့ ပါဝင်ရမယ်။ ဒါပေမယ့် ၂၀၁၅-နောက်ပိုင်း ၂၀၂၀ လောက် ဆိုရင်တော့ မွတ်စလင် အမတ်တွေ ၀င်ကောင်းဝင်နိုင်တယ်။ အခုလောလောဆယ် Hate Speech တွေနဲ့ ပြဿနာတွေ များနေတဲ့အချိန်မျိုးမှာတော့ နည်းနည်းအခက်အခဲရှိနိုင်မယ်။ အခုမေးတာလေးက ကွန်မြူနတီအနေနဲ့ လုပ်နိုင်တဲ့အလုပ်နဲ့ တစ်ဦးချင်းလုပ်နိုင်တဲ့ အလုပ်။ ဆရာပြောတာက ကွန်မြူနတီ အနေနဲ့ ပြောတာဖြစ်တယ်။ အခုမေးတာက တစ်ဦးချင်းအတွက် မေးခွန်းဖြစ်တယ်။ ဒါပေမယ့် ကောင်းတယ်။

နောက်ဆုံး လွှတ်တော်ကို ပါရမယ်။ ၆-သန်းအားက မသေးဘူး။ ပါတီတစ်ခုက အနိုင်ရလို့ တိုင်းပြည်ကို အုပ်ချုပ်ပြီဆို သူတို့ကို ထောက်ခံမှုရဖို့အတွက် ဒီ ၆-သန်းကိုလည်း အားကိုးရမှာပဲ။ မွတ်စလင်တွေ အနေနဲ့လည်း ၀န်ကြီး တစ်ပါးဖြစ်အောင် ကြိုးစားခွင့်ရှိတယ်။ ဒါပေမယ့် ကွန်မြူနတီက တောင့်တင်းဖို့တော့ လိုတယ်။ ညီညွတ်နေဖို့လိုတယ်။ ဒါကို ပြောချင်တာပါ။

ကျွန်မ သိချင်တဲ့ မေးခွန်းလေးတွေကို ဆရာဦးကိုနီကို မေးမြန်း ခွင့်ရခဲ့သလို ဖြေကြားပေးခဲ့တဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်မိတယ်။ ကျွန်မတို့ ကွန်မြူနတီမှာ နိုင်ငံရေးနဲ့ ဘာသာရေးကို ရှင်းလင်းစွာ မမြင်ကြသေး သူများလည်း မြင်နိုင်လာကြပါစေလို့သာ ဆန္ဒပြုရင်း။

Leave a Reply