ဇူလိုင် ၆ ၊ ၂၀၁၄
M-Media
– ISIL အဖွဲ့က အီရတ်နိုင်ငံတောင်ပိုင်း တီကရစ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း သုံးပတ်ကြာ ပိတ်မိနေခဲ့သည့် အိန္ဒိယ သူနာပြု ၄၆ ဦးမှာ ယမန်နေ့က အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ကိုချီမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာကြသည့် ၎င်းတို့အား မိဘဆွေမျိုးများနှင့် ပြည်သူများက ပန်းစီးများ၊ ပိုစတာများဖြင့် ကြိုဆိုခဲ့ကြသည်။
၎င်းတို့မှာ တီကရစ်မြို့ရှိ အစိုးရဆေးရုံတွင် အလုပ်လုပ်နေကြသူများဖြစ်ပြီး ပြီးခဲ့သည့်လက ISIL သူပုန်များ၏ တိုက်ခိုက်မှုများအတွင်း ၎င်းတို့၏ ဆန္ဒမပါဘဲ မူဆိုးလ်မြို့သို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ သူပုန်များ၏ ဆက်ဆံမှုများနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ၎င်းတို့က ကောင်းမွန်စွာဆက်ဆံကြောင်း ဖြေကြားခဲ့သည်။
“သူတို့ ကျွန်မတို့ကို စောင့်ရှောက်ကြပါတယ်” ဟု သူနာပြုတစ်ယောက်က သတင်းထောက်များအား ပြောကြားခဲ့သည်။
အဆိုပါ သူနာပြုများအား ပြန်လွှတ်ပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသားအများစုမှာ ၀င်ငွေပိုမိုရရှိရေးအတွက် ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ISIL သူပုန်များ တိုက်ခိုက်မှုမတိုင်ခင် အိရတ်နိုင်ငံတွင် အိန္ဒိယနိုင်ငံသား အလုပ်သမား တစ်သောင်းဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။
AFP
Leave a Reply
You must be logged in to post a comment.